www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ် ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ် ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား
-
နေပြည်တော်၊  ဒီဇင်ဘာ- ၂၇   
-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က နယ်မြေဒေသ လုံခြုံရေးနှင့်  တည်ငြိမ်အေးချမ်းမှု ရှိစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
-
-
ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြား သည်။ အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
-
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာ၌ ၂၀၁၁ ခုနှစ်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင်  လက်ရှိနိုင်ငံရေး စနစ်မှာ သက်တမ်း နုနယ် သေးသဖြင့် နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိအောင် တပ်မတော်က ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် တာဝန်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ဖွဲ့စည်းရာတွင် ပါဝင်ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များသည်  ပြည်သူများမှ ပေါက်ဖွားလာသော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို အတူမျှဝေ ခံစားကြရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  တပ်မတော် အနေဖြင့် ဒေသအကျိုးစီးပွား တိုးတက် ကောင်းမွန်စေရန်၊ ပြည်သူများ၏ အကျိုးစီးပွားကောင်းမွန်စေရန်နှင့် ပြည်သူများ၏ ဘ၀လုံခြုံမှု ရှိစေရန် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းငြိမ်းချမ်းမှု ရရှိရန်အတွက် တပ်မတော်၏ သဘောထား ကြေညာချက်အား ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အဆင့်အဆင့်ကို မထိခိုက်ရန်၊  ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံမှုအား မထိခိုက်ရန်၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွှေ့ရေးကို မထိခိုက်ပါကတပ်မတော် အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်မှာ တပ်မတော်၏ ရှင်းလင်း ပြတ်သားသည့် သဘောထားပင် ဖြစ်ကြောင်း ပြောကြားသည်။
-

-
ထို့နောက် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး ကာလများတွင် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်နှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးအတွက်  ရှိသည့် စစ်အသုံးအဆောင် ပစ္စည်းများနှင့်  မိမိတို့အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ရွှံရွှံ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိအောင် တည်ဆောက်လျက်ရှိကြောင်း၊ ကာကွယ်ရေးတာဝန် ဆိုသည်မှာ ယခုချက်ချင်း ဆောင်ရွက်၍မရသဖြင့် တပ်မတော်မှ သတ်မှတ်ထားသည့်  စံချိန်စံညွှန်းများ အတိုင်းမှန်မှန်ကန်ကန် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သတ်မှတ် ထားသော နေ့စဉ်လုပ်ငန်းများ၊ အမိန့်နှင့် ညွန်ကြားချက်များကို မည်သည့် တိုက်တွန်းမှုမှ မပါဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းသည် အမြဲမပြတ် လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်သားတိုင်းသည် စစ်သားကောင်း စိတ်ဓာတ်ရှိအောင် အမြဲမွေးမြူ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိကိုယ်ကို တန်ဖိုးထားနေထိုင်ပြီး မိမိတာဝန် ထမ်းဆောင်သည့် တပ်ကို ချစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူး ကိုသိရှိပြီး နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပေးအပ်လာသည့် တာဝန်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြသူများ ဖြစ်ကြောင်း၊  မိမိတို့၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အလေ့အကျင့် ကောင်းများကို မွေးမြူရမည် ဖြစ်ကြောင်း မှာကြားသည်။
-

-
ဆက်လက်ပြီး တပ်မှူးများနှင့်တစ်ဆင့်မြင့်ကြီးကြပ်ကွပ်ကဲနေရသူများအနေဖြင့် အုပ်ချုပ်မှုနှင့်ပတ်သက်ပြီး ညီညွတ်မျှတရန်လိုကြောင်း၊ ခေါင်းဆောင်များဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှကြည့်၍ မကောင်းတာကို တားမြစ်ရန်၊ ကောင်းတာကိုတိုက်တွန်းပြီး ရဲဘော်ရဲဘက်စိတ်ဖြင့် ညီညွတ်မျှတစွာဆောင်ရွက် ပေးလိုသည့် စိတ်မွေးမြူရန်လိုကြောင်း၊ စည်းကမ်းနှင့်ပတ်သက်ပြီး စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်၊ တားမြစ်ချက်များပင်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး ကန့်သတ်ချက် များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သားများသာမက မှီခိုသူရဲမေများကိုလည်းစစ်ပညာများသင်ကြားပေးခြင်းသည် စည်းကမ်းလိုက်နာမှုကို ပိုမိုအထောက်အကူဖြစ်စေကြောင်း၊ ကျန်းမာ ရေးကိုထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် သုံးစွဲမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်ပြီးမိမိတို့ဝင်ငွေနှင့်ထွက်ငွေညီညွတ်မျှတစွာသုံးစွဲရန်လိုကြောင်းမှာကြားသည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တိုင်းမှူး နှင့်ဇနီးတို့က လက်ခံ ရယူကြသည်။ ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စား သောက်ဖွယ်ရာများနှင့် အားကစား ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကျိုင်းတုံမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများအား တွေ့ဆုံပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းပြောကြားပြီး ဒေသထွက်ကုန် အသီးအနှံများအား ဖွံ့ဖြိုးတက် အောင်ဆောင်ရွက်ရန် လိုအပ်မှု၊ ရာသီဥတု ထိန်းသိမ်းနိုင်ရန် အတွက် သစ်တောများ ပြုန်းတီးမှု မရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသစားသောက်မှု ဖူလုံစေ ရေး အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ ကျောင်းနေမှု ရာခိုင်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ လူငယ်များ ဘွဲ့ရပညာတတ်များဖြစ်မှ မိမိခြေထောက် ပေါ်ရပ် တည်နိုင်မည့် အတွေးအခေါ် အမြော်အမြင်များ ရရှိနိုင်သည်ဖြစ်၍ အတန်း ပညာများ အောင်မြင်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် ဒေသတွင်း ရေအရင်းအမြစ်နှင့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ရန် လိုအပ်မှုများနှင့် ရပ်မိ ရပ်ဖများ၊ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး အခြေအနေနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ချက်များအပေါ် ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး အကြံပြုပြောကြားသည်။
-
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကြောင်း (RCM) သို့ရောက်ရှိကြပြီး ဆရာတော် ပီတာလွီးစ်ကျာခူ နှင့် တွေ့ဆုံပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများအား မေးမြန်းနှုတ်ဆက်  စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆရာတော်ကြီးအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဆရာတော်ကြီးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ခရစ်စမတ်လက်ဆောင် ပေးအပ်ပြီး ခရစ်စမတ် ဆုတောင်းတေး သီချင်းအား အတူတကွ သီဆိုကြသည်။ ယင်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger