www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 31, 2018

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၃ဝ 
-
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသည့် ကျောင်းသား ၂၁၃ ဦးတို့၏ သင်တန်းဆင်းပွဲနှင့်   အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပသည်။
-
အခမ်းအနားသို့  နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဦးမြဝင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)ကျောင်းအုပ်ကြီး  ဒေါ်ရီရီညွန့်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ၊ ဆရာမ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ကျောင်းသားများနှင့်မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး တိုင်းရင်းသားများ၏ဘဝ နောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေး၍    မိမိဒေသ ဖွံ့ဖြိုးရေး တာဝန်များကို  အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်စေရန် အတွက် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း။
-
ဒီဂရီကောလိပ်(စစ်ကိုင်း)၏ သက်တမ်းတစ်လျှောက် ယနေ့သင်တန်းဆင်းမောင်တို့  အပါအဝင် ဝိဇ္ဇာဘွဲ့ ၃၁၃ ဦး၊ သိပ္ပံဘွဲ့ ၅၈၆ ဦး၊ A.G.T.I   ဒီပလိုမာ ၅၂၉ ဦးနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့ ၁၃၉ ဦး စုစုပေါင်း ၁၅၆၇ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
-
သင်တန်းဆင်းများမှ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်ပညာ ဆည်းပူးခဲ့ကြ သည့်အတွက် PH.Dဘွဲ့ ၃၂ ဦး၊ မဟာဝိဇ္ဇာ ဘွဲ့ ၁ဝ၇ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၃၈ ဦး၊ မဟာ သုတေသနဘွဲ့ ၉၉ ဦး၊ B.E ၁၉၉ ဦး၊ M.E ၅၇ ဦး ရရှိပြီးဖြစ်ကြောင်း။
-
သင်တန်းဆင်းပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များကို လက်တွေ့ကျကျ အသုံးချပြီး တိုင်းရင်းသားလူမျိုးများ၏ နယ်စပ်ဒေသ အလျင်အမြန် တိုးတက်စေရေး၊   ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်၍ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
-
မိမိတိုင်းရင်းသားလူမျိုး အသီးသီး၏ ဒေသဖံွံ့ဖြိုးရေး၊ ဒေသတည်ငြိမ် အေးချမ်းသာယာရေး အတွက် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲများ စသည့်အစွန်းရောက် စွဲလမ်းမှုများ ကင်းဝေးအောင် ကြိုးပမ်းရေးတို့တွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ရန်ရိုးဖြောင့်မှု၊ တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်ရှိရန် အထူးအရေးကြီးကြောင်
-
ဒီဂရီကောလိပ်ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် IT  နည်းပညာများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်အသီးသီး ကိုလည်း ဆက်လက်စူးစမ်း လေ့လာဆည်းပူးသွားကြရန် လိုအပ်ကြောင်း။
-
မည်သည့်နေရာ   မည်သည့်ဒေသကို ရောက်ရောက် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာထိန်းသိမ်းပြီး တိုင်းရင်းသား လူမျိုးများ မျက်စိပွင့် နားပွင့်ဗဟုသုတ ပွားများစေရေးအတွက် စွမ်းနိုင်သမျှ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း၊ မိမိတတ်သိထားသည့် အသိပညာ၊ အတတ်ပညာများကို တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် တိုးပွားလာအောင် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြရင်း တိုင်းရင်းသားတို့၏ နယ်မြေဒေသ ဖွံ့ဖြိုးရေးနှင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို အထောက်အပံ့ပြုဖော်ဆောင်ရမည်ဖြစ်ကြောင်း။
-
ယနေ့ နိုင်ငံတော်တွင် တစ်နိုင်ငံလုံး လူကြီး/လူငယ်၊ ကျား/မ မရွေး အန္တရာယ်ကျရောက်လာနိုင်သည့် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍လည်း မိမိကိုယ်တိုင် ကင်းကင်းရှင်းရှင်းရှိကြရန် ထိန်းထိန်းသိမ်းသိမ်းနေဖို့ လိုကြောင်းနှင့် တာဝန်ကျရာဒေသများတွင် ရှိသည့် တိုင်းရင်းသား လူကြီး/လူငယ်၊ ကျား/မ အားလုံး မူးယစ်ဆေးဝါးနှင့် ပတ်သက်သော လမ်းမှားမရောက်စေရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ကာကွယ်ရေးလုပ်ငန်းများ တွင်  တိုင်းရင်းသား ပြည်သူများနှင့်အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
-
ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ အဂတိတရား ကင်းရှင်းခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း စသည့် အခြေခံမူများအပေါ် တည်ဆောက်ထားသည့် လုပ်ရည်ကိုင်ရည် နှင့် ယုံကြည်ချက်ခိုင်မာမှုရှိသည့် ပြည်သူ့ဝန်ထမ်းများသည် ကောင်းမွန်သောဒီမိုကရေစီ ကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်များဟု သိရှိနား လည်ပြီး ပြည်သူ့အကျိုးသယ်ပိုးသည့် ပြည်သူ က လေးစားအားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နေထိုင်ကြရမည် ဖြစ်ကြောင်း။
-
နိုင်ငံတော်အစိုးရက ကြိုးစား အကောင်အထည်ဖော်နေသည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသည့် အပေါ် မိမိတို့တာဝန်ကျရာ ဒေသများတွင် အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး ဖော် ဆောင်ရေးများတွင်လည်း တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာထူးချွန်ဆုရရှိသူ မောင်ညီအောင်နှင့် သိပ္ပံ ထူးချွန်ဆုရရှိသူ မောင်ပိုင်စိုးကြူးအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က A.G.T.I ထူးချွန်ဆုရရှိသူ မောင်ညီညီစိုးအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာန ၁၃ ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်  သာယာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား ၂၁၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသားများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသားများအား အားပေးစကား ပြောကြားသည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသားများနှင့် အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။ 
-
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်း ဧည့်ခံကြောင်း သိရသည်။
-
(၅ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger