www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 31, 2018

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ
နေပြည်တော်  အောက်တိုဘာ   ၃ဝ
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်သည်။
-
အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၈ ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို တင်သွင်းအတည်ပြုခြင်း၊ ၂ဝ၁၈-၂ဝ၁၉ ရသုံးမှန်းခြေငွေစာရင်း တင်ပြအတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့က စာတမ်းတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင် တာဝန်နေရာများကို တင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီဝင် ၄၉ ဦးနှင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်ရှစ်ဦး  လျာထားချက်ကို တင်ပြအတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။  အစည်းအဝေးသို့ ဗဟိုကောင်စီဝင် ၂၆ ဦးတက်ရောက်ခဲ့ကြသည်။
-
ယနေ့တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈) ပထမနေ့အစီအစဉ်ကို နံနက် ၈ နာရီတွင် စတင်ပြုလုပ်ပြီး ညီလာခံပထမနေ့ (ပထမပိုင်း) အစီအစဉ်တွင် ဗဟိုကောင်စီ၏ အစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကို ဖတ်ကြားတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင်အဖွဲ့နေရာများ တင်ပြခြင်း၊ ထပ်တိုးရွေးကောက် တင်မြှောက်ရန် လျာထားပြီး ဗဟိုကောင်စီဝင်လောင်း   အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်တင်မြှောက်ရာတွင် ထားရှိရမည့် သဘောထားများနှင့် မဲပေးပုံစနစ် ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက် လျှို့ဝှက်မဲဆန္ဒပေး၍ ဗဟိုကောင်စီဝင် ၄၉ ဦးကိုရွေးချယ်ခဲ့ကြပြီး ရွေးကောက် တင်မြှောက်ခံဗဟိုကောင်စီဝင် ၄၉ ဦးက ကတိသစ္စာပြုကာ အစည်းအဝေး ပထမပိုင်း အစီအစဉ်ကို ရပ်နားခဲ့သည်။
-
အထူးညီလာခံ(၂ဝ၁၈)အစည်းအဝေး ရပ်နားနေစဉ် အချိန်အတွင်း ဗဟိုကောင်စီ  ပထမအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထပ်တိုးရွေးကောက် တင်မြှောက်ခဲ့သော ဗဟိုကောင်စီဝင်များ အပါအဝင် ဗဟိုကောင်စီဝင် ၆၆ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်သော အရာရှိငါးဦး၊ စုစုပေါင်း ဗဟိုကော်မတီဝင် ၇၁ ဦးတို့တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် လစ်လပ်လျက်ရှိသော ဗဟိုအမှုဆောင်အဖွဲ့ဝင်ရှစ်ဦးကို ဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ကြသည်။
-

ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်ရာ အစည်းအဝေးတွင် လစ်လပ်နေသော ဥက္ကဋ္ဌနှင့် စစ်ဆေးရေးမှူးနေရာများအတွက်   ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)နှင့် ဗိုလ်မှူးချုပ်ကိုကိုဝင်း(အငြိမ်းစား)တို့ကို မဲပေးရွေးချယ်ခဲ့ကြသည်။
-
အထူးညီလာခံ(၂ဝ၁၈)ပထမနေ့ (ဒုတိယပိုင်း) အစီအစဉ်ကို  ပြန်လည်ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင်  ဗဟိုရွေးကောက်ပွဲကြီးကြပ်ရေး ကော်မတီက ရွေးကောက် တင်မြှောက်ခြင်းခံရသော    ဗဟိုအမှုဆောင် အဖွဲ့ဝင် ရှစ်ဦး အပါအဝင် ဗဟိုအမှုဆောင် အဖွဲ့ဝင် ၃၄ ဦးစာရင်းကို တာဝန်နေရာများနှင့် တကွ ဖတ်ကြားတင်ပြပြီး အထူးညီလာခံ ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့သည်။
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂ဝ၁၈)သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ၃ဝ၈ ဖွဲ့တို့မှ ကိုယ်စားလှယ် ၃၇၈ ဦး တက်ရောက်ခဲ့ကြသည်။ အထူးညီလာခံ(၂ဝ၁၈)ဒုတိယနေ့ အစီအစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger