Showing posts with label သတင်းမီဒီယာ. Show all posts
Showing posts with label သတင်းမီဒီယာ. Show all posts
Wednesday, October 31, 2018
Friday, June 29, 2018
ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသတွင် ကွင်းဆင်းသတင်းရယူ
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ငါးခူရပြန်လည် လက်ခံရေးစခန်းတွင် သတင်းရယူစဉ်။
စစ်တွေ ၂၉-၆-၂ဝ၁၈
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြသည်။
ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာအဖွဲ့သည် အင်းဒင်ကျေးရွာတွင် အကြမ်းဖက် ဖြစ်စဉ်ကြုံတွေ့ခဲ့ရမှုနှင့် ကျေးရွာ၏ ပကတိ အခြေအနေမှန်များကို ကျေးရွာသားများနှင့် တွေ့ဆုံ၍ လွတ်လပ်စွာ သတင်းရယူ ကြသည်။
ထို့နောက် မောင်တောမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသအတွင်း ပြန်လည်ဝင်ရောက် လာမည့်သူများကို စိစစ်လက်ခံရေး၊ နေရာချထားရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ပြန်လည်ဝင်ရောက် လာသူများကို ယာယီလက်ခံမည့် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် စခန်းတည်ဆောက် ပြီးစီးမှု အခြေအနေများကို သတင်းရယူကြသည်။
ဆက်လက်၍ စခန်းအတွင်းရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့်အစ္စလာမ် ဘာသာဝင်များကိုတွေ့ဆုံ၍ သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
Monday, March 19, 2018
ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများအား တွေ့ဆုံသတင်းရယူ
စစ်တွေ ၁၉-၃-၂ဝ၁၈
ပြည်တွင်းပြည်ပ သတင်းသမားများ ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ရှိ ယာယီလက်ခံရေး စခန်းသို့ ရောက်ရှိကြသည်။
သတင်းမီဒီယာ အဖွဲ့အား ယာယီလက်ခံရေး စခန်းရှင်းလင်းဆောင်၌ စခန်းတာဝန်ခံ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက စခန်းအတွင်း ကြိုတင်ပြင်ဆင် ထားမှုများ၊ စိစစ်လက်ခံရေးအတွက် ဝန်ကြီးဌာနများမှကိုယ်စားလှယ် အဖွဲ့အား စုဖွဲ့ထားရှိမှု၊ ပြန်လည်ဝင်ရောက် လာသူများအား လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးသွားမည့် အခြေအနေများနှင့် စခန်းတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှုကိုရှင်းလင်း ပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် သတင်းမီဒီယာ အဖွဲ့ဝင်များသည် စခန်းအတွင်းရှိ ပြန်လည်ဝင်ရောက် လာသူများ ခေတ္တတည်းခိုမည့် အိပ်ဆောင်များ၊ စိစစ်လက်ခံရေး အဖွဲ့များ၏ ရုံးခန်းများဖွင့်လှစ်ထားမှုနှင့် နှစ်နိုင်ငံနယ်စပ် တံတားတို့ကို ကြည့်ရှုသတင်းရယူ ကြသည်။
ထို့ပြင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်ကြသူများအား သွားရောက် တွေ့ဆုံ၍ ၎င်းတို့၏ ရောက်ရှိနေထိုင်မှုနှင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရေး အပါအဝင် သိရှိလိုသည်များကို လွတ်လပ်စွာမေးမြန်း သတင်း ရယူကြသည်။
မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး အကြမ်းဖက် ခံခဲ့ရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများအား လွတ်လပ်စွာမေးမြန်း သတင်းရယူ ကြသည်။
ညနေပိုင်းတွင် သတင်းမီဒီယာ အဖွဲ့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြကြောင်း သိရသည်။
#Themyawadydaily
Wednesday, March 29, 2017
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ရခိုင်ပြည်နယ်မောင်တော ဒေသသို့ လွတ်လပ်စွာသတင်းရယူရန် စစ်တွေမြို့သို့ရောက်ရှိ
ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စစ်တွေမြို့သို့ရောက်ရှိ
စစ်တွေ ၊ ၂၉-၃-၂၀၁၇
ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များသည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ မြေပြင် ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူနိုင်ရန် အတွက် ရန်ကုန်မြို့မှ မြန်မာအမျိုးသားေ လကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ ယမန်နေ့ညနေ ၄ နာရီ ၅၅ မိနစ်တွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
အဆိုပါပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အား ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင် ကဦးဆောင်၍ မတ်လ၂၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရွှေပြည်တန် အမြန်ယာဉ်ဖြင့် ထွက်ခွာလာခြင်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် တို့သို့ သွားရောက် သတင်းရယူကြမည် ဖြစ်သည်။
မောင်တောဒေသတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံး အခြေအနေများကို သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဦးဆောင်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ရန် လာရောက်ရ ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် တွင်လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၁၃ ဦးဖြင့် မြေပြင် ကွင်းဆင်းပြီး သတင်းရယူခဲ့ ပါကြောင်း၊ ယခင် အခြေအနေနှင့် နှိုင်းယှဉ်လျှင် များစွာပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ ယခု နောက်ဆုံးအခြေ အနေ သတင်းမှန်ကို ပြည်သူများနှင့် နိုင်ငံတကာသို့ တင်ပြနိုင်ရန် ပြည်တွင်း၊ ပြည်ပ မီဒီယာများကိုစုဖွဲ့ပြီး လာရောက်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်က ပြောသည်။
ထို့နောက် နိုင်ငံခြား သတင်းထောက်များ အသင်း ဒုတိယဥက္ကဋ္ဌ ကိုဂျင်မီက ပြည်ပ မီဒီယာအနေဖြင့် ပထမအကြိမ် မြေပြင်ကွင်းဆင်း သတင်းရယူခဲ့ဖူး ပါကြောင်း၊ ယခုအကြိမ်တွင်လည်း ပါဝင်ပါကြောင်း၊ ပထမ အကြိမ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ခဲ့ ပါကြောင်း၊ သွားလာရေး၊ လုံခြုံရေးအရ သတိထား ရပါကြောင်း၊ ပြည်ပ နိုင်ငံခြားသား သတင်းထောက် များကို ကိုယ်တိုင် သတင်းရယူလျှင် ပိုပြီးထိရောက်မှု ရှိနိုင်မည်ဟု ထင်မြင် ပါကြောင်း၊ ပထမတစ်ကြိမ် လာရောက်စဉ်က မျက်မြင်တွေ့ရှိ ခဲ့ပါကြောင်း၊ မီးလောင်သည့် နေရာများနှင့် အကြမ်းဖက် တိုက်ခိုက်ခံ ရသည့် နေရာတွင် အလုံးစုံရှင်းပြ ခဲ့ပါကြောင်း ပြောသည်။
Nipon TV သတင်းဌာနမှ ဌာနေသတင်းထောက် ဒေါ်ဆင့်ဆင့်အောင် က ပထမခရီးစဉ်တွင် ကျွန်မတို့မပါဝင် ခဲ့ပါကြောင်း၊ ဒုတိယ ခရီးစဉ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက အကြောင်းကြား ခေါ်ယူလာသည့် အတွက်ကျေးဇူးတင် ပါကြောင်း၊ လွတ်လပ်စွာ သွားလာ၍ ရသည့်အတွက် ပထမအကြိမ် သွားရောက်ခဲ့သော နေရာများကို သွားရောက်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အောက်တိုဘာ ၉ ရက် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘယ်လောက်ထိ အေးချမ်းမှု ရှိနေပြီလဲ၊ သူတို့စိတ်ထဲတွင် ဘယ်လောက်ထိ ခံစားမှုမျိုးရှိနေလဲ ဆိုသည်ကို သိလိုကြောင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ လက်တွေ့ လာရောက်ပြီး မြေပြင်တွင် သတင်းရယူခြင်းဖြင့် အဖြစ်မှန်ကို နိုင်ငံတကာ မှသိရှိသွားနိုင်မည် ဖြစ်ကြောင်း ကျွန်မတို့ သတင်းဌာန အနေဖြင့် အခုလို လွတ်လပ်စွာ သတင်းရယူခြင်းတွင် ပါဝင်ရသည့် အတွက် ဝမ်းသာကျေနပ် မိပါကြောင်း ပြောသည်။
ဦးရဲနိုင် ဦးဆောင်သော ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ဝင် ၂ဝ ခန့်သည် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်ထိ မောင်တောဒေသသို့ သွားရောက်ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်၍ ဖော်ထုတ် တားဆီးခဲ့မှု၊ ဖြစ်စဉ်ဖြစ်ပွားခဲ့ မှုကြောင့် နေရပ်မှထွက်ခွာ တိမ်းရှောင်သွားသူ များ ပြန်လည်ဝင်ရောက် လာမှု၊ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်မှု၊ ငါးဖမ်းလုပ်ငန်း၊ နယ်စပ်လူဝင်မှု နှင့် တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင် ရောင်းချမှု စသည့်မြေပြင် အခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
Monday, March 13, 2017
ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့်
ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၁၃-၃-၂၀၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းအား မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ များတွင် သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါသတင်းအား မတ်လ ၁ဝ ရက်နေ့ထုတ် 7 Day Daily နေ့စဉ် သတင်းစာတွင် ''တပ်ချုပ်ဦးဆောင် လှူဒါန်းသော မဘသဥက္ကဋ္ဌ ဆရာတော်ကြီး ၏ မဟာသာသနာ့ ဗိမာန်တော် ပန္နက်တင်'' ဟု အဓိပ္ပာယ် များစွာ ကွဲလွဲသော သတင်းခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း သာသနာ့ ဗိမာန်တော်တစ်ခု အမှန်တကယ် လိုအပ်နေကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ စာဖြင့်မေတ္တာ ရပ်ခံ ပေးပို့ချက်အရ သာသနာ့ဗိမာန်တော် ပေါ်ပေါက်စေရေး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကမကထ ပြုလုပ်၍ ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သာသနာ့ ဗိမာန်တော်ကြီးတွင် သံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ၊ အခြားသာသနာရေး ဆိုင်ရာ စာမေးပွဲများ ပြုလုပ်နိုင်ရန်နှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး အလို့ငှာ အသုံးပြုနိုင်ရန် သံဃာအားရည်မှန်း၍ လှူဒါန်းသော ''သံဃိကဒါန'' စုပေါင်းအလှူသာ ဖြစ်ကြောင်း သတင်းမှန် ထုတ်ပြန်အပ် ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
မြ၀တီနေ့စဉ်သတင်းစာ
Labels:
ဘာသာရေးဆိုင်ရာ,
သတင်းမှန်ပြန်ကြားရေး,
သတင်းမီဒီယာ
Saturday, December 24, 2016
မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရမှု ကောလာဟလ နှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အပေါ် သတင်းထုတ်ပြန်
နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆
မောင်တောမြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အဓမ္မပြုကျင့်ခံ ရသည်ဟူသည့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ၂၃-၁၂-၂၀၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ယင်း ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး များကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက အကြမ်းဖက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများ အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့် ကျည်များပြန်လည် ရရှိရေး၊ အကြမ်းဖက် သမားများအား ဖော်ထုတ်ရှာဖွေ ဖမ်းဆီးရေး လုပ်ငန်းများကို တရားဥပဒေနှင့် အညီ မောင်တောဒေသ အတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမား များသည် အင်တာနက် နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်းများ လွှင့်တင်ခြင်း၊ ပြည်ပမီဒီယာ အချို့ကလည်း မဟုတ်မမှန် လုပ်ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက် သတင်းများကို မီဒီယာကျင့်ဝတ် နှင့်မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘောဖြင့် သတင်းဆိုးများကို ဖြန့်ဝေလျက် ရှိကြောင်း ဖော်ပြထားသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တောဒေသသို့ သွားရောက်၍ စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးစဉ် အတွင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင် နှင့် အဖွဲ့ဝင် များသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ အမျိုးသမီးများနှင့် ကလေးများကို တွေ့ဆုံကာ အမျိုးသမီးများ အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိကို အသေးစိတ် မေးမြန်းခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်ပိုက် ကျေးရွာသို့ ရောက်ရှိစဉ် မဂျာမာလီဟာ နှင့် သီးခြားတွေ့ဆုံ၍ ကိုယ်တိုင် အဓမ္မပြုကျင့်ခံ ရမှု ရှိ မရှိ၊ အခြား အမျိုးသမီးငယ် များကိုလည်း အဓမ္မပြုကျင့် ခံရမှု ရှိ မရှိနှင့် မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း ရှိ မရှိတို့ကို မေးမြန်းခဲ့ရာ ကိုယ်တိုင်လည်း ပြုကျင့်ခံရမှု မရှိကြောင်း၊ အခြားသူများ ပြုကျင့်ခံရမှု ကိုလည်း မြင်တွေ့သိရှိခြင်း မရှိကြောင်း ဖြေကြားခဲ့သည် ဟု သိရသည်။
ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းမီဒီယာ အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်တွင် မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာ သို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက် ကျေးရွာနေ မဂျာမာလီဟာ ၂၅ နှစ်နှင့် ငါးစာကြူးကျေးရွာ နေ ဒေါ်သန်းသန်း(ခ) မနိုရ်ဂျန် ၃၂ နှစ်တို့အား တွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာ က ၄င်းအား လုံခြုံရေးတပ်ဖွဲ့ဝင် များက အဓမ္မပြုကျင့် ခဲ့ကြောင်း ဖြေကြားခဲ့သည်။
သို့ဖြစ်၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူ များအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများအား ဥပဒေနှင့်အညီ အကာအကွယ်များ ပေးအပ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ကာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူး နှင့် ရပ်မိရပ်ဖများအား တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ မဂျာမာလီဟာ နှင့် ဒေါ်သန်းသန်း တို့သည် ပြောင်ပိုက်ကျေးရွာတွင် နေထိုင်ခြင်း မရှိဘဲ ငါးစာကြူးကျေးရွာ တွင် နေထိုင်လျက် ရှိကြောင်း သိရှိရသဖြင့် လာရောက်ရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက် ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ပြောကြားချက် အရ သိရှိရကြောင်း၊ ပြောင်ပိုက်ကျေးရွာရှိ မဂျာမာလီဟာ ၏ နေအိမ်အနီး ပတ်ဝန်းကျင်နေ အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူး တို့အား မေးမြန်းရာ အဓမ္မပြုကျင့်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ အဓမ္မပြုကျင့် ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း၊ ၄င်းအနေဖြင့် သတင်းထောက် များအား မည်သည့် ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံ ရသည်ဟု ပြောကြားသည်ကို မသိရှိဟု ဖြေကြားခဲ့ကြောင်း၊ မောင်တောခရိုင် အတွင်းရှိ ဒေသခံများ အနေဖြင့် အဓမ္မ ပြုကျင့်ခံရမှုများ ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှုရှိပါက တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အမှန်တကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း ထို သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)
တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း ၊ အဓမ္မပြုကျင့်ခြင်း ၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ
နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆
သတင်းမှန် ထုတ်ပြန်နိုင်ရေး အတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူ နေသည့် ပြည်တွင်းပြည်ပ မီဒီယာ ၁၃ ဦးပါအဖွဲ့၏ မေးမြန်းမှု များကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများ ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး တစ်ဦး ယမန်နေ့က အသတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သည့်အဖွဲ့ဝင် ၁၃ ဦးသည် ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာ အား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံး နှင့် ငါးခူရ အလယ်ရွာလမ်းမ ပေါ်တွင် သိရှိလိုသည်များ ကို တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
သတင်းထောက် များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာ သည် ညနေ ၆ နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိပြီး အ၀တ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာ သွားခဲ့ရာ ည ၁ဝ နာရီ ၄၅ မိနစ်အထိ နေအိမ်သို့ပြန်လည် ရောက်ရှိခြင်း မရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ ၏အစ်ကို ဖြစ်သူ ဒီလ်မူဟာမတ် မှ ၄င်း၏ညီ ပျောက်ဆုံး နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင် ထံ သွားရောက် သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ငါးခူရနယ်မြေ ရဲစခန်းသို့ ဆက်လက် အကြောင်းကြား ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လိုက်လံ စုံစမ်းလျက် ရှိစဉ် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာကြား လယ်ကွင်း ချောင်းစပ် နေရာတွင် မသင်္ကာဖွယ် သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြား ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ၏ အလောင်းကို စံပယ်ပင်ရင်းချောင်း ထဲတွင် ဦးခေါင်းမပါ၊ ဝဲယာပေါင် နှစ်ဖက်တွင် ဓားထိုးဒဏ်ရာ နှစ်ချက်စီဖြင့် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။ ဒုစ်မာမတ်(ခ) ရှူနာမျာ အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)
Thursday, December 15, 2016
ပန်းသတင်း လေညင်းဆောင် လူ့သတင်း သတင်းစာကဆောင်
ပန်းသတင်း လေညင်းဆောင် လူ့သတင်း သတင်းစာကဆောင်
( သိင်္ခသူ )
မီဒီယာသည် နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ် ကဏ္ဍတစ်ခု ဖြစ်သည်။ မီဒီယာက နိုင်ငံတကာနှင့် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နောက်ဆုံးရ သတင်းများ၊ အရေးကြီး သတင်းများနှင့် နိုင်ငံသားတိုင်း သိသင့်သိထိုက် သော သတင်းများ၊ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော ကိစ္စရပ်များ ကို မှန်ရမည်၊ မြန်ရမည်၊ မျှတရမည် ဟူသော မသုံးလုံး ဖြင့် ရေးသားရိုက်နှိပ် ဖော်ပြရလေသည်။ ထိုသို့ ဖော်ပြရာတွင် သတင်းစာ ကျင့်ဝတ်၊ စာနယ်ဇင်း ကျင့်ဝတ်ကို လေးစားလိုက်နာ စောင့်ထိန်း ရလေသည်။
ပုဂ္ဂိုလ်ရေး ထိခိုက်မှုကို ရှောင်၍ မိမိ၏ အထင်အမြင် အယူအဆ အကြံအတွေး တို့ကိုလည်း ထည့်သွင်းရေးသား ခြင်းမှ ရှောင်ရှား ရလေသည်။ ထို့ပြင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကိစ္စများ၌ အထင်အမြင် လွဲမှားစေသော အရေးအသား၊ မြှောက်ပင့်၊ နှိမ့်ချရေးသားခြင်း တို့ကိုလည်း မပြုရပေ။ ဂိုဏ်းဂဏစွဲ များဖြင့် ဂိုဏ်းကွဲ၊ ဝါဒကွဲ၊ စနစ်ကွဲသော တစ်ဖက်အသင်း အဖွဲ့များအား စောင်းမြောင်းခြင်း၊ ရန်လိုခြင်း၊ ရန်တိုက်ပေးခြင်း၊ ဂိုဏ်းကွဲအောင် သွေးထိုးခြင်း များကိုလည်း မရေးသား သင့်ပေ။ ထို့ပြင် နိုင်ငံ့ခေါင်းဆောင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို မိမိနှင့် ဘက်မတူတိုင်း အပြစ်ရှာ ရေးသားခြင်းလည်း မပြုအပ်ပေ။ မှန်ရာကိုသာ ထောက်ပြရေးသား ရသည်။
ဤနေရာ၌ မီဒီယာနှင့် ပတ်သက်သော သန် ၄ ကို (ကလောင်နာမည်) ရေးသားသည့် ပြည်တွင်းပြည်ပ ဟာသစာစုလေး တစ်ခုကို မူရင်းအတိုင်း ကိုးကားဖော်ပြ လိုပေသည်။ အဆိုပါ ဟာသစာစု ကလေး၏ ခေါင်းစီးက မီဒီယာဆိုသည်မှာ ဟူ၍ ဖြစ်သည်။
ဟိုရှေးရှေးတုန်းက မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်တစ်ပါး ရှိသတဲ့ကွယ်။ အဲဒီ ဝန်ကြီးချုပ်ဟာ စိတ်ညစ်နေတယ်။ ရေဘေးသင့် ဒေသလေး သွားစစ်မိပါတယ်။ လှေစီးတော့ စီးပြန်ပြီ၊ ရေထဲ ဆင်းလျှောက်တော့ လျှောက်ပြန်ပြီ၊ မီဒီယာတွေရဲ့အပြောကကို မလွတ်ဘူး။ ဒါနဲ့ လှေလည်း မစီးရ၊ ရေထဲလည်း ဆင်းမလျှောက် ရအောင် ရေပေါ်မှာ လမ်းလျှောက်နိုင်မှ ဖြစ်မယ်လို့ သူတွေးမိသတဲ့၊ အဲဒါနဲ့ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ပြင်းပြင်းထန်ထန် လေ့ကျင့် လိုက်တော့ အောင်မြင် သွားတယ်။ ခုရေပေါ်မှာ လမ်း လျှောက်တတ် သွားပြီ။ တစ်ရက်မှာ မီဒီယာတွေကို ဖိတ်လိုက်တယ်။ မြန်မာဘက်ကမ်း မြဝတီကနေ ထိုင်းဘက်ကမ်း မဲဆောက်ကို သောင်းရင်းမြစ် ရေပြင်ပေါ်က လမ်းဖြတ်လျှောက်ပြ လိုက်တယ်။ ထိုင်းဘက်က ပရိသတ်ကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လက်ဆောင်တွေ ပေးလိုက်ကြတယ်။ အပြန်ခရီး မှာလည်း ရေပေါ် ကနေပဲ လမ်းလျှောက်ပြန် လာတယ်။ ဝန်ကြီးချုပ်စိတ်ထဲ ကြုံးဝါးလိုက်တယ်။ ဒါလောက်တောင် အပြစ်ပြော ချင်တဲ့ မီဒီယာတွေ ပြောကြစမ်း၊ ဒီတစ်ခါ ဘာပြောနိုင် မလဲဆိုတာ ကြည့်ကြသေး တာပေါ့။
ဒီလိုနဲ့ နောက်ရက်ထုတ် သတင်းစာ တွေမှာ ခေါင်းကြီးသတင်းတွေ ပါလာတယ်။ သတင်းစာ တစ်စောင်မှာတော့ ''ဝန်ကြီးချုပ်တစ်ယောက် လုပ်နေပြီး ရေလေးတောင် မကူးတတ်''၊ တခြားသတင်းစာ တစ်စောင်မှာက ''ဝန်ကြီး ချုပ် အာဏာကို အလွဲသုံးစားလုပ်ပြီး ထိုင်းဘက်မှ တံစိုးလက်ဆောင် များယူ''၊ ကမ္ဘာကျော် သတင်းစာ တစ်စောင်မှာက ''ဝန်ကြီးချုပ် တရားမဝင် နယ်စပ်ဖြတ်ကျော်'' အထက်ပါ ဟာသတွင် မသုံးလုံး မကြေသော မီဒီယာ၏ အတွင်းသဘောကို အထင်းသား မြင်နိုင်လေသည်။
နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် ဟု ဆိုအပ်သော မီဒီယာသည် သတင်း အချက်အလက် များကို ရေးသားဖော်ပြရုံမျှ သာမက နိုင်ငံအတွက် အကျိုးရှိစေမည့် နိုင်ငံဦးဆောင် အစိုးရအဖွဲ့၏ အားနည်းချက်များ၊ လုပ်နည်း လုပ်ဟန်များ၊ စီမံကိန်းများ၊ လာဘ်စားမှုများ၊ လူမှုရေး ဖောက်ပြန်မှုများ စသည်တို့ကိုလည်း အပြုသဘောဖြင့် ထောက်ပြ ရေးသားသည့် ဆောင်းပါးများကို ဖော်ပြရမည်။ မှန်ကန်တိကျ ဖို့လိုပြီး အထောက်အထား သက်သေသာဓက များလည်း ရှိဖို့လိုသည်။ ထိုမျှသာမက ပုဂ္ဂလိက စီးပွားရေး သမားများ၊ စက်ရုံ၊ အလုပ်ရုံများမှ သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက် စေသော ကုန်ထုတ်လုပ်မှုများ၊ ပြည်သူလူထု ကျန်းမာရေး ကိုထိခိုက်စေသော အစားအစာ၊ ဆေးဝါးပစ္စည်း ထုတ်လုပ် ရောင်းချမှုများ ကိုလည်း တာဝန်ရှိသူတို့ စစ်ဆေး အရေးယူ နိုင်စေရန် အထောက်အထား ပြည့်စုံစွာ ရေးသားဖော်ပြဖို့ လိုသည်။ ပြည်သူများ၏ အိတ်ကပ်ထဲမှ ချွေးနှဲစာကို လိမ်ယူနေသော အစားအသောက်၊ ဆေးဝါးပစ္စည်း ကြော်ငြာများကို စုံစမ်းဖော်ထုတ် ပေးဖို့လိုသည်။ ဥပမာ- ကားကံစမ်းမဲ ဖောက်မည်ဟု ကြေညာသော်လည်း တကယ်ဖောက် မပေးခြင်း၊ ဘေးထွက် ဆိုးကျိုး ရှိသော်လည်း ချဲ့ထွင်၍ အလွန်အကြူး ကြော်ငြာသည့် ဆေးဝါးများ စသည်ဖြင့် မီဒီယာတွင် သတင်း၊ သုတ၊ ရသ ဆောင်းပါးများ၊ သတင်းမှတ်စု၊ တစ်ပတ်အတွင်း သတင်းပဒေသာ၊ မှုခင်းသတင်း၊ နိုင်ငံတကာ သတင်း၊ ဘာသာပြန် ဆောင်းပါး၊ ဖျော်ဖြေရေးကဏ္ဍ စသည်ဖြင့် စုံစုံလင်လင် ပါတတ်သော်လည်း ပြည်သူ့ဘဝကို ထင်ဟပ်စေသော ဆောင်းပါးများ၊ ယဉ်ကျေးမှု အနုပညာ နယ်ပယ်မှ ဆောင်းပါးများ၊ ဇာတိမာန်ကို ထက်သန် စေသော ဆောင်းပါးများကို ဦးစားပေး ဖော်ပြသင့်သည်။
သတင်းစာသည် တစ်ချိန်တွင် သမိုင်းရေးသားရန် အထောက်အကူ ဖြစ်လာနိုင် သောကြောင့် ခေတ်ကာလ၏ လူနေမှုစနစ်၊ စီးပွားရေး၊ နိုင်ငံရေးစသည့် အမှန်တကယ် ကိုးကားထိုက်သည့် အကြောင်းအရာ များပါဝင်အောင် ထည့်သွင်းဖော်ပြ နိုင်ရမည်။ သမိုင်းဟု ဆိုရာ၌ လူတို့၏ အကြောင်းအရာ များသာမက သတင်းရေးသား ဖော်ပြသော သဒ္ဒါ၊ ဝေါဟာရ၊ အသုံးအနှုန်း၊ စာလုံးပေါင်း သတ်ပုံ စသည့် မြန်မာစာပေ သမိုင်းကို လည်း ထင်ဟပ်စေမည် ဖြစ်သည်။ တချို့က သတင်း ရေးသားရာ၌ ပေါ့ပေါ့တန်တန် ရေးသားခြင်းဖြင့် လည်းကောင်း၊ မြန်မာစာ ရေးထုံးသတ်ပုံ များကို အလေးမထားဘဲ အသံထွက်ကိုသာ အလွယ်တကူ ရေးသားခြင်းဖြင့် လည်းကောင်း၊ ဝေါဟာရဟု မဆိုနိုင်သော ခေတ်စကား၊ ဗန်းစကား တို့ကို ထည့်သွင်း ရေးသားခြင်း ဖြင့်လည်းကောင်း မြန်မာစာကို ဖျက်ဆီးကြသည်။
မြန်မာဘာသာဖြင့် ဖော်ပြ၍မရသော အသုံးအနှုန်း များအား အင်္ဂလိပ်စာလုံး များဖြင့် ရောယှက်ဖော်ပြ ရသော်လည်း မြန်မာဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ဆို ပြနိုင်ပါက အင်္ဂလိပ်စာ မတတ်သူတို့ နားလည် သဘောပေါက် အောင် မြန်မာလိုပင် ရေးသားဖော်ပြ ရပေမည်။ အထူးသဖြင့် ပါဠိ၊ ပါဌ်ဆင့် ရေးသားခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ခေတ်သုံး ဝေါဟာရများ ကိုသာ ရေးသားသင့်သည်။
သတင်းစာဟူသည် နေ့စဉ်နှင့်အမျှ လူ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လျက် ရှိသော အဖြစ်အပျက် များကို လိုရင်းနှင့်တိုရှင်း ဖြစ်အောင် တိတိကျကျ ရေးသားဖော်ပြ ခြင်းဖြင့် အများပြည်သူတို့ သတင်းပေး ရေးသားခြင်း ဖြစ်သည်။ ဂျာမန်စကားပုံ တစ်ခုတွင် စကား၌ သတင်းပါသည် ဟုဆိုထား သောကြောင့် သတင်းစာ မပေါ်မီကပင် လူသားတို့အနေဖြင့် တစ်ဦးမှတစ်ဦး သို့ သိသင့် သိထိုက်သော စကားများ၊ မိမိ ထင်မြင်ယူဆချက် များ၊ အချင်းချင်း နှီးနှောမှုများကို စကားဖြင့် သိစေခြင်းဖြင့် ပန်းသတင်း လေညင်းဆောင် လူသတင်း လူချင်းဆောင် ဟူသော မြန်မာဆိုရိုးစကား တစ်ခုပင် ဖြစ်လာသည်။ ထို့ကြောင့် သတင်းစာသည် လူ့လောက အတွင်းရှိ လူတို့၏ သတင်းကို ဖော်ပြရင်းဖြင့် အနာဂတ် ကာလတွင် တင်မည့် သမိုင်းအတွက် မြန်မာစာပေနှင့် မြန်မာ့လူနေမှု ပုံရိပ်တို့ကို အထောက်အကူ ပြုမည့် အထောက်အထား များကို ကြိုတင်ရေးသားခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပေသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)
Monday, December 12, 2016
ထရမ့်ပ် လက်ထက် အမေရိကန်မီဒီယာတို့ ဘယ်ဘက်လိုက်ယိမ်းမလဲ ?
( ရှိန်းထက် )
အမေရိကန်တွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ တက်တက်စင်အောင် လွဲသည့် သမိုင်းဝင် ရွေးကောက်ပွဲကို ပြပါဆိုလျှင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ဒေါ်နယ်ထရမ့်ပ် နှင့် ဟီလာရီ ကလင်တန် တို့၏ သမ္မတ ရွေးကောက်ပွဲကို ပြရမည် ဖြစ်သည်။ ဝါရင့် နိုင်ငံရေးပညာရှင် များနှင့် နိုင်ငံတကာ နိုင်ငံရေးသမိုင်း သုတေသီများ အားလုံးက ကလင်တန်သာ နိုင်မည်ဟု ခန့်မှန်းထားကြ ချိန်တွင် ဒေါ်နယ်ထရမ့်ပ် က မဲအရေအတွက် အသာစီးဖြင့် ကလင်တန်ကို အနိုင်ရရှိ ခဲ့သည်။
ထို့ကြောင့် ထရမ့်ပ်၏ အောင်မြင်ခြင်း သည် ရုရှားတို့ လက်ချက်မကင်း ဟု ဝေဖန်သံများပင် ထွက်ပေါ်လာရသည်။ မည်သို့ပင်ဆိုစေ ထရမ့်ပ်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင် တော့မည် ဖြစ်သည်။ ထိုနေရာတွင် စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။ အိုဘားမား ကပင် ထောက်ခံလွန်းကာ သမ္မတ စီးတော်ယာဉ် Air Force One နှင့်လိုက်ပြီး မဲဆွယ်ပေးခဲ့ ရသူ ကလင်တန်အား ကောင်းကြောင်းရေးကာ ထရမ့်ပ် မကောင်းကြောင်းရေး၊ ထရမ့်ပ်ကို ဆဲဆိုသည့် အခါတွင် မျက်နှာဖုံး စာမျက်နှာ၌ ဖော်ပြသည့် ကလင်တန် ဘက်ကို လိုက်ခဲ့သော မီဒီယာများသည် ယခု ထရမ့်ပ်သမ္မတ ဖြစ်လာသည့် အခါ ဘာလုပ်မှာလဲ ဟူသည့် မေးခွန်းပင် ဖြစ်သည်။
သမ္မတ မဲဆွယ်ပွဲများ ပြုလုပ်နေစဉ် အတောအတွင်း ဒေါ်နယ်ထရမ့်ပ် ၏ ဘက်တော်သား ဖြစ်သော မီဒီယာဟူ၍ မထင်မရှား မီဒီယာများသာ ရှိသည်။ ကမ္ဘာကျော် မီဒီယာကြီးများက ကလင်တန်မှ ကလင်တန် ဖြစ်ခဲ့ကြသည်။ အမေရိကန်တွင် ရှိသော မီဒီယာ ၅ဝ ရာခိုင်နှုန်း ကျော်သည် ကလင်တန်ဘက်မှ ရပ်တည်ကြသည်။ ယခု ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးကောက်ပွဲ နိုင်သည့် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ကို ထူးထူးခြားခြား အသိအမှတ်ပြု ရသည့် Person of the Year အဖြစ် ရွေးချယ်လိုက်သည်။ ဟီလာရီ ကလင်တန်၊ ရုရှား သမ္မတပူတင်၊ ဥရောပသမဂ္ဂမှ ဗြိတိန် အောင်မြင်စွာ ခွဲထွက်နိုင်ရေး စည်းရုံးနိုင်သည့် ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ်ဖရာ့ခ်ျ နှင့် ဖေ့ဘွတ် စီအီးအို မာ့က်ဇူကာဘတ် တို့ကိုကျော်ပြီးမှ ထရမ့်ပ် ကို ရွေးချယ်ခြင်း ဖြစ်သည်။
၎င်းသည် အမေရိကန် မီဒီယာတို့၏ ချက်ချင်း ပြောင်းလဲ သွားသည့် ပြောင်းလဲမှုဖြစ်သည်။ ရွေးကောက်ပွဲ တုန်းတွင် ထရမ့်ပ် အနိုင်မရစေရေး အတွက် ၄င်းတို့ကပင် မဲဆွယ်ကြသော မီဒီယာများသည် ယခု ထရမ့်ပ် ဘက်တော်သား ဖြစ်ရန် ပြန်လည်ကြိုးစား နေကြပြန်ပြီ ဖြစ်သည်။ ထရမ့်ပ်က ရွေးကောက်ပွဲနိုင်ရန် မီဒီယာကို အသုံးချ သည်ဆိုလျှင် မှားမည် မဟုတ်ပေ။ ကလင်တန်က စာမျက်နှာပေါ်တွင် သမ္မတ ရွေးကောက်ပွဲတွင် ၄င်း၏ အောင်နိုင်ရေး ကြော်ငြာများ ထည့်ပြီးမဲဆွယ်သည်။ ထို အတွက်ပင် ဒေါ်လာသန်းချီ ကုန်ခဲ့ရသည်။ ကလင်တန်၏ မဲဆွယ်ပွဲ အသုံးစရိတ် သည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဖြစ်သည်။ ထရမ့်ပ် က ၉၃၂ ဒသမ ၃ သန်းသာ ကုန်သည်။ ထရမ့်ပ်က စာမျက်နှာပေါ်တွင် ပါလာရန် ရွေးကောက်ပွဲ မဲဆွယ်စဉ် ၄င်း၏ ပါးစပ်ကိုသာ အသုံးချသည်။ ထရမ့်ပ်၏ ကြမ်းတမ်းသော စကားလုံး များကြောင့် မီဒီယာများ၏ ရှေ့မျက်နှာဖုံးတွင် ပါလာပြီး ထရမ့်ပ်အတွက် အခမဲ့ ကြော်ငြာပြီးသား ဖြစ်သည်။
ပိုက်ဆံပေးပြီး ကြော်ငြာမဲဆွယ် သည့် ကလင်တန် သည် ရှေ့မျက်နှာဖုံးတွင် ထရမ့်ပ်ကဲ့သို့ ခေတ်မစားပေ။ ကလင်တန် အဖို့ ရွေးကောက်ပွဲ မဲဆွယ်သည့် အသုံးစရိတ်ငွေ အားလုံး တစ်ပြားတစ်ချပ် မှပြန်မရခဲ့ပေ။ ထရမ့်ပ်က ရွေးကောက်ပွဲ အတွင်း Great America Again ဟူ၍ ဦးထုပ်ရောင်းခြင်း၊ စာအုပ်ထုတ်ခြင်းဖြင့် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေ ရရှိသေးသည်။ စီးပွားရေးသမား ဒေါ်နယ်ထရမ့်ပ် ၏ ဗျူဟာများပင် ဖြစ်သည်။ ၄င်းကို မထောက်ခံသည့် မီဒီယာများတွင် ကဏ္ဍတစ်ခု အနေဖြင့် အကြီးအကျယ် ခေါင်းစဉ် အမည်းကြီး များဖြင့် လူသိများအောင် ထရမ့်ပ် လုပ်နိုင်ခဲ့သည်။ ပိုက်ဆံလည်း မကုန် ကြော်ငြာပြီးသား လည်းဖြစ် ရေဘူးလည်း မပေါက် ရေလည်း ပါသည့် ထရမ့်ပ်၏ ဗျူဟာမြောက်သည့် အကွက်ပင် ဖြစ်သည်။
ယခု ထရမ့်ပ်ဘက်ကို မီဒီယာများ ယိမ်းလာနေပြီဟု ဆိုရမည်ဖြစ်သည်။ နာမည်ကြီး စာရင်းဝင်မီဒီယာ များကဝေဖန်ရေး ဆောင်းပါးများတွင် ယခင်ကလောက် ထရမ့်ပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ဝေးစွ၊ ထရမ့်ပ်နှင့်
ဆန့်ကျင်ဘက် အရေးအသား များကိုပင် ရှောင်လာကြပြီ ဖြစ်သည်။ ယခင်က ထရမ့်ပ်ကို တတိယ ကမ္ဘာစစ် ဖန်တီးနိုင်သူ၊ ကမ္ဘာကို ဒုက္ခပေးမည့် သမ္မတ စသည်ဖြင့် ပြင်းထန်သော ဝေဖန်ချက် များသည် ယခု အစအနပင် မကြားရ တော့ပေ။
ကမ္ဘာတွင် စံပြဖြစ်နေသော အမေရိကန်မီဒီယာ များ၏ မဟာ ဘက်လိုက်မှုကြီး ဖြစ်သည်။ မီဒီယာတို့၏ ဘက်လိုက်မှုသည် အမေရိကန် ရွေးကောက်ပွဲ များတွင် ရှားပါးလှသည်။ ထရမ့်ပ်နှင့် ကလင်တန်တို့ ရွေးကောက်ပွဲ မှသာ ထင်ထင်ရှားရှားကြီး ပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း ၄င်းတို့ မဖြစ်စေချင်သူက သမ္မတ တစ်ယောက် ဖြစ်သွားခဲ့သည်။
၎င်းတို့သာမက နိုင်ငံတကာ မီဒီယာများကရော ဝေဖန်သူများ ကပါ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ကလင်တန် သာနိုင်မည်။ ထရမ့်ပ်ကတော့ သမ္မတဖြစ်ရန် မထိုက်တန်၊ ကလင်တန် က သူ့သက်တမ်း တော်တော် များများကို နိုင်ငံရေး လုပ်လာသူ၊ ထရမ့်ပ်က နိုင်ငံရေးထဲ အခုမှဝင်လာသူ စီးပွားရေး ဦးနှောက်သာ ရှိသည် စသည်ဖြင့် ကလင်တန်ဘက်က သာမဲအများစု ဖြစ်နေခဲ့သည်။ ထိုမျှမကသေး ကြိုတင်စစ်တမ်း ကောက်ယူမှု များတွင် ကလင်တန်က ထရမ့်ပ်ထက်၂ဝ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ကလည်း သာနေသေးသည်။ အမေရိကန် ပြင်ပကမ္ဘာ တွင်လည်း ထရမ့်ပ် ဘက်တော်သား ဟူ၍ လက်ချိုးရေတွက်၍ ရသည်။ အများစုကတော့ ကလင်တန် မှ ကလင်တန် ဖြစ်ကြသည်။ သို့သော် ရွေးကောက်ပွဲ နီးလာလေလေ ကလင်တန်၏ ထောက်ခံမဲများ ကျဆင်းလေလေ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကလင်တန် ထောက်ခံမှု နှင့်ထရမ့်ပ် ထောက်ခံမှုကြား ကွာဟမှုသည် ၅ ရာခိုင်နှုန်း လောက်သာ ရှိသည်။
အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ထရမ့်ပ် က မဲအရေအတွက် အသာဖြင့် ကလင်တန် ကို နိုင်သည်။ ကလင်တန် အတွက် ဖိအားများက အီးမေးလ်များကို ဖျက်ခဲ့မှု၊ ထို့ပြင် ၄င်းခင်ပွန်း ဘီလ်ကလင်တန် သမ္မတဖြစ်စဉ် နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှု၊ ဘီလ်ကလင် တန် ပြည်နယ် အုပ်ချုပ်ရေးမှူး လုပ်စဉ် မိန်းမရှုပ်မှု၊ ထိုအမှုကို ကလင်တန်က ၄င်း၏ဥပဒေ ကုမ္ပဏီဖြင့်ဖြေရှင်းမှု စသည့်လုပ်ရပ် များသည် ရွေးကောက်ပွဲ ကျင်းပခါနီးမှ အလျှိုအလျှို ပေါ်ထွက် လာသည်။
ထိုအချိန်တွင် CIA ညွှန်ကြားရေးမှူး က ကလင်တန် ကို အီးမေးလ်ကိစ္စ အတွက် ပြန်လည် တရားစွဲမည်ဟု ဆိုလိုက်သောအခါ ကလင်တန်အတွက် ထောက်ခံမဲသည် ထပ်လျော့သွား ရပြန်သည်။ သို့သော်လည်း မီဒီယာတို့သည် ထရမ့်ပ်နှင့် ယှဉ်လျှင် ကလင်တန်မှ ကလင်တန် ဖြစ်နေကြ သေးသည်။
ထရမ့်ပ် ကောင်းကြောင်း ဆိုလျှင် ဖော်ပြရန် ဝန်လေး နေသလောက် မကောင်းကြောင်း ဆိုလျှင် ရှေ့ဆုံး ကဖော်ပြကြသည်။ ယခုတော့ ၄င်းတို့ မဖြစ်စေချင်သည့် ထရမ့်ပ် သမ္မတ ဖြစ်လာသောအခါ ထိုအချိန်က ဘက်လိုက်ခဲ့သော အမေရိကန်မီဒီယာ တို့အနေဖြင့် ဘယ်ဘက် ထပ်ယိမ်းဦးမလဲ ဟူသည့် မေးခွန်းသည် စောင့်ကြည့်ရန် ဖြစ်လာကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
Friday, December 9, 2016
ကလေးငယ်တစ်ဦးအား မြန်မာ့တပ်မတော်က နှိပ်စက်နေကြောင်း Daily Mail သတင်းဌာနက သတင်းမှား ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်
နေပြည်တော် ၊ ၉-၁၂-၂၀၁၆
ဗြိတိန်နိုင်ငံမှ Daily Mail သတင်းဌာန၏ ဒီဇင်ဘာလ ၇ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၃၂ မိနစ် Online စာမျက်နှာ၌ ကလေးငယ် တစ်ဦးအား မြန်မာ့တပ်မတော် က ရက်စက်စွာ နှိပ်စက် ညှဉ်းပန်းနေကြောင်း သတင်းမှား တစ်ပုဒ်ကို ဓာတ်ပုံများနှင့် အတူ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်း အရ လည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်း ထုတ်ပြန်ထားသည်။
Dave Burke ရေးသားသော Heartbreaking images show 'Rohingya toddler tortured with a stun gun by laughing Burmese soldier' as Burma continuescrackdown on the country's Muslim minority သတင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ယင်းသတင်းတွင် ကြောက်လန့် ငိုယိုနေသည့် ကလေးငယ်တစ်ဦးအား ကျဉ်စက်ဖြင့် တို့၍ နှိပ်စက် ညှဉ်းပန်းကာ ရယ်မောလျက် ရှိသည့်ဓာတ်ပုံများကို Daily Mail က အွန်လိုင်း စာမျက်နှာတွင် အချိန်အတန်ကြာ လွှင့်တင်ခဲ့ပြီးနောက် ဖတ်ရှုသူအချို့က ယင်းသတင်းမှာ ကမ္ဘောဒီးယား နိုင်ငံ၊ Mondulkiri ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုသို့ ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ များကို ဖမ်းဆီးထားပြီး ဖြစ်ပြီး တစ်ဦးထွက်ပြေး လွတ်မြောက်လျက် ရှိကြောင်း၊ ထွက်ပြေး လွတ်မြောက် သွားသူမှာ သတင်းဗီဒီယိုဖိုင် ပျံ့နှံ့ပြီးနောက် ကမ္ဘောဒီးယား နိုင်ငံမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းသတင်း အောက်တွင် မှတ်ချက်များ ဝင်ရောက်ရေးသား ခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်သည်။
ထိုသို့ သတင်းမှား ဖြစ်ကြောင်း ဝေဖန်ချက် ရေးသားမှုများ တွေ့မြင် ရပြီးနောက် Daily Mail သတင်းစာမျက်နှာက ယင်းသတင်းကို ဖြုတ်ချသွားခဲ့ သော်လည်း အခြားအွန်လိုင်း စာမျက်နှာ အချို့တွင် Daily Mail မှ ရရှိသော သတင်းဟူ၍ ဖော်ပြလျက် ထပ်ဆင့် ဖော်ပြမှုများ ကျန်ရှိနေကြောင်း၊ Daily Mail ၏ မဟုတ်မမှန် သတင်းမှားကို အခြေခံ ၍ စွပ်စွဲပြောကြားမှု များမှာ လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Twitter တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် ရှိကြောင်း တွေ့ရှိရသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှတ်တမ်း များကို လွဲမှားစွာ အသုံးပြု၍ သတင်းမှားချဲ့ကား ဖော်ပြခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ ပိုမိုမြင့်တက် လာစေခဲ့ကြောင်း တွေ့ရသည်။
သို့သော်လည်း Daily Mail အနေဖြင့် သတင်းမှား ဖော်ပြမိခြင်း အတွက် အမှားပြင်ဆင်ခြင်း၊ တာဝန်ယူခြင်းများ တစ်စုံတစ်ရာ မရှိဘဲ သတင်းမှားကိုသာ ပြန်လည်ဖြုတ်ချ သွားခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက
ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသော်လည်း မောင်တောဒေသ တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သည့် အခြားနေရာဒေသ များမှ ဓာတ်ပုံများ၊ ဗီဒီယို မှတ်တမ်းများ၊ လုပ်ကြံဖန်တီး ထားသည့် သတင်းမှားများ အမြောက်အမြား ပျံ့နှံ့လျက် ရှိသည်။
မကြာမီကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အခြေစိုက် UNHCR ဝန်ထမ်းတစ်ဦး ဖြစ်သော John McKissick ၏ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာ နှင့်မညီဘဲ တာဝန်မဲ့ ပြောကြားချက် များကိုအခြေခံပြီး မမှန်သတင်း များကို BBC ၊ CNN ၊ CNA နှင့် Al Jazeear စသော သတင်းဌာနများက ဖော်ပြခဲ့ကြပြီး နောက်တွင် ယခုကဲ့သို့ Daily Mail သတင်းဌာနက သတင်းမှားထပ်မံ ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။
Daily Mail သတင်းစာသည် UK အခြေစိုက် သတင်းစာတစ်စောင် ဖြစ်ပြီး Daily Mail and General Trust က ပိုင်ဆိုင်ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Thursday, November 17, 2016
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုန်ပြန်ရေး ကော်မတီဖွဲ့စည်း
နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆
ရခိုင်ပြည်နယ် အတွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ သတင်းများ ထုတ်ပြန်နိုင်ရန် အတွက် ''နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။
အဆိုပါ သတင်းထုတ်ပြန်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦး၊ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ရဲမှူးကြီးမျိုးသူစိုး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင် နှင့် အတွင်းရေးမှူး အဖြစ် နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ဖြင့် ဖွဲ့စည်းထားရှိသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)
မောင်တောဒေသအတွင်း ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းသည့် HRW အစီရင်ခံစာပါအချက်များ ရှင်းလင်း
Human Rights Watch (HRW) ၏ အစီရင်ခံစာပါ အချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်း
အထူးသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆
မောင်တောဒေသ အတွင်း ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းသည့် Human Rights Watch (HRW) ၏အစီရင်ခံစာပါ အချက်များအပေါ် ပြန်လည် ရှင်းလင်းခြင်း အထူး သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး နိုင်ငံတော် သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယ နေ့ နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက် ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီဖွဲ့စည်း ရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ရေး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း။
ကော်မတီအနေဖြင့် အခါအားလျော်စွာ သတင်းစာ ရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသည် အစီရင်ခံစာပါ အချက်များ နှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်း တင်ပြရန် ဖြစ်ပါကြောင်း၊ Human Rights Watch (HRW) မှ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက် အပေါ်မူတည်ပြီး Bangkok Post သတင်းစာမှ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပါကြောင်း၊ HRW ၏ သတင်းထုတ်ပြန်ချက် အပေါ် အခြေခံပြီး ထုတ်ပြန်သွားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ မှလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦး
မိမိတို့အနေဖြင့် HRW ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လက်တွေ့မြေပြင်၌ ပြန်လည်စိစစ် မှုများ ပြုလုပ်ပြီး ရရှိလာသည့် သတင်း အချက်အလက် များကို ဆက်လက် ထုတ်ပြန်သွားမည် ဟု ကြေညာထား ပါကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် စတင်ဖြစ်ပွား ခဲ့သော မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ Bangkok Post မှ နိုဝင်ဘာ ၁၄ ရက် မီးရှို့ ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန် ခဲ့ပါကြောင်း၊ အလားတူ အခြားမီဒီယာ များတွင်လည်း သတင်းများ ပါရှိခဲ့ပါကြောင်း၊ အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တပ်မတော် ခေါင်းဆောင်များ တွေ့ဆုံပြီး လက်တွေ့ မြေပြင် အခြေအနေများ သိရှိနိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ် များဖြင့် ဝါးပိတ်ကျေးရွာ၊ ကြက်ရိုးပြင် ကျေးရွာ၊ ပြောင်ပိုက်ကျေးရွာ၊ ဒါးကြီးဇား ကျေးရွာ ပတ်ဝန်းကျင် နယ်မြေများကို ဓာတ်ပုံ ရိုက်ကူးခြင်း၊ မျက်မြင် စစ်ဆေးခြင်း များကို ပြုလုပ်ခဲ့ ပါကြောင်း၊ အဆိုပါဒေသ များသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက် စစ်ဆေးရာ၌ ဝါးပိတ်ကျေးရွာမှ အဆောက်အအုံ ၁ဝ၅ လုံး၊ ကြက်ရိုးပြင် ကျေးရွာမှ အဆောက်အအုံ အလုံး ၃ဝ၊ ဒါးကြီးဇား ကျေးရွာမှ အဆောက်အအုံ အလုံး ၃ဝ နှင့် ပြောင်ပိုက် ကျေးရွာမှ အဆောက်အအုံ အလုံး ၂ဝ မီးလောင်ပျက်စီး ခဲ့သည်ကို တပ်မတော် မြေပြင်ကွင်းဆင်း စစ်ဆေးရေး အဖွဲ့မှ တွေ့ရှိ ခဲ့ပါကြောင်း စသည်ဖြင့် Human Rights Watch (HRW) ၏ အစီရင်ခံစာပါ အချက်များနှင့်စပ်လျဉ်း၍ ကွဲလွဲမှုများအား တိကျစွာ သတင်း ထုတ်ပြန်နိုင်ရန် မြေပြင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ ရခိုင်ပြည်နယ်၏ နောက်ဆုံး အခြေအနေ များကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး ၏ ရှင်းလင်း ပြောကြားချက် များကို အင်္ဂလိပ် ဘာသာဖြင့် ပြန်လည်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာ များ၏ သိရှိ လိုသည်များကို ကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မတီဝင် များက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
မောင်တောဒေသ အား စစ်ဆင်ရေး ဒေသအဖြစ် သတ်မှတ်ထားခြင်း၊ ရဟတ်ယာဉ် သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှု အပေါ် ဦးဇော်ဌေး က မောင်တောဒေသ သည် ပဋိပက္ခ ဖြစ်စဉ်၊ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားနေသည့် အတွက် စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ရဟတ်ယာဉ်၏ စွမ်းပကားအား အသုံးပြုရာတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ထိန်းသိမ်းသုံးစွဲခြင်း ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ပထမဆုံး အသုံးပြုသည်မှာ စစ်ကြောင်းမှူး ထိခိုက်ခဲ့သည့် အတွက် ရဟတ်ယာဉ် စေလွှတ်ခြင်း ဖြစ်ကြောင်း၊ ရဟတ်ယာဉ်တွင် စက်သေနတ် အမျိုးအစားကိုသာ အသုံးပြုခြင်း ဖြစ်ကြောင်း၊ ဒုံးကျည်၊ ဗုံးများ အသုံးပြု၍ ရသော်လည်း အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကန့်သတ်၍ သုံးခဲ့ခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။
မီဒီယာများအား သတင်းယူခွင့်နှင့် ပတ်သက်၍ စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဦးဇော်ဌေး က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖြေဆိုရန် နှစ်ပိုင်း ရှိပါကြောင်း၊ နံပါတ်တစ် အပိုင်းမှာ သတင်း ထုတ်ပြန်မှုအပိုင်း ဖြစ်ကြောင်း၊ သတင်း ထုတ်ပြန်မှု အပိုင်းတွင် ကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် ဖြစ်စဉ်ဖြစ်ရပ် များနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ရန် ဖြစ်ကြောင်း၊ မနက်ဖြန်မှ စတင်၍ ကော်မတီမှ မြေပြင်သတင်း ရရှိမှုအား ဖြစ်ဖြစ်ချင်း အမြန်ဆုံး ထုတ်ပြန်ပေးရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ နံပါတ်နှစ် အချက်မှာ မြေပြင်တွင် မီဒီယာများ သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိ မောင်တော အခြေအနေမှာ တည်ငြိမ်မှုကို ပြန်ထိန်းနေသည့် အခြေအနေ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြေပြင်အား သံတမန်များ စေလွှတ် သကဲ့သို့ ဆောင်ရွက်ပေးရန် စီစဉ် နေပါကြောင်း၊ လက်ရှိတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းအဖွဲ့ စေလွှတ်ထား ပါကြောင်း၊ မောင်တောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစီး၍ မြေပြင် အခြေအနေ သတင်းများ ရယူလျက် ရှိပါကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ရခိုင်ပြည်နယ် အစိုးရတို့ ညှိနှိုင်း၍ စေလွှတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ စေလွှတ်သည့် အခါတွင် ၄င်းတို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူပေးရန်နှင့် အစိုးရ အပိုင်းမှ ကူညီပံ့ပိုး ပေးရန် ညှိနှိုင်းပြီး စေလွှတ်ခြင်း ဖြစ်ကြောင်း၊ လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသည့် ရှေ့ပြေးအဖွဲ့ ဆောင်ရွက်ချက်၊ သတင်းယူသည့် အနေအထား အပေါ် မူတည်၍ ပုဂ္ဂလိက မီဒီယာများကို စေလွှတ်မည် ဖြစ်ပါကြောင်း၊ လွှတ်သည့် အခါတွင် လူများစွာဖြင့် လွှတ်၍ မရကြောင်း၊ မိမိတို့ အနေဖြင့် မီဒီယာအစုံ ပါအောင် ရည်ရွယ်၍ လွှတ်ဖို့ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တိုက်ပွဲများနှင့် ပတ်သက်၍ လိုက်ပါသတင်း ယူရာတွင် ကန့်သတ်ချက်များ ရှိကြောင်း၊ စည်းမျဉ်း စည်းကမ်း များလည်း များစွာရှိကြောင်း၊ နိုင်ငံတကာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံများ ရှိခဲ့သော်လည်း မိမိတို့နိုင်ငံတွင် နည်းနေ သေးကြောင်း၊ ထိုသို့ နည်းသည့်အတွက် လုံခြုံရေး မထိခိုက် စေရန်နှင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆောင်ရွက် နေသည့် လုပ်ငန်း တာဝန်များကိုလည်း ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Conflict, Sensitive, Journalism နှင့် ပတ်သက်၍ မည်သို့ ရွေးချယ်မည်၊ အဆိုပါ သတင်းများအား မည်သို့ရယူမည် ဆိုသည် ကို မီဒီယာနှင့် မိမိတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
သတင်းများအား အချိန်နှင့် တစ်ပြေးညီ မည်သို့ ထုတ်ပြန်မည်၊ ဘယ်က ပေးပို့သည့် သတင်း အချက်အလက် များကို အခြေခံပြီး ထုတ်ပြန်မည်။ မြေပြင်တွင် သတင်း အချက်အလက် များ စုစည်းမည့် သတင်း ကွန်ရက်များ ဖွဲ့စည်းမှု အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းမှု အပေါ် ဦးဇော်ဌေး က ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေး ကော်မတီရုံးကို နိုင်ငံတော် သမ္မတအိမ်တော် အောက်ထပ်တွင် ရုံးခန်း ဖွင့်ထားပြီး တာဝန်ရှိသူများ အားလုံး ရုံးချိန် တွင် ရုံး၌ရှိမည် ဖြစ်ပါကြောင်း၊ တပ်မတော်မှ ကိုယ်စားလှယ်မှာ ဗိုလ်ချုပ် စိုးနိုင်ဦး ဖြစ်ပါကြောင်း၊ ၄င်းသည် တပ်မတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ဒုတိယ ခေါင်းဆောင် လည်း ဖြစ်ပါကြောင်း။
လက်တွေ့ မြေပြင်တွင် နေ့စဉ် ဖြစ်စဉ် ဖြစ်ပွားမှုများကို အချိန်နှင့် တစ်ပြေးညီ တပ်မတော် အပိုင်းက ကြေညာမည် ဖြစ်ပါကြောင်း၊ မြေပြင်တွင် ဖြစ်ပွားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုင်ရာ လှုပ်ရှားမှု ဖြစ်စဉ်များကို ချက်ချင်း တင်ရပါကြောင်း၊ ဖုန်းဖြင့် သော် လည်းကောင်း၊ ကြေးနန်းဖြင့် သော်လည်းကောင်း တင်ရပါကြောင်း၊ ယင်း သတင်းများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်လည်း ရှိပါကြောင်း၊ ကျန်အပိုင်းများကို ရခိုင်ပြည်နယ် အစိုးရ၊ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လက်တွေ့ဖြစ်ပြီ ဆိုသည်နှင့် ချက်ချင်း ကြေးနန်းသတင်း၊ ဖုန်းသတင်းများ ရရှိနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပြီး ပြည့်စုံသည့် သတင်း ရပြီဆိုပါက ထုတ်ပြန်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်မှုအမြန် ရရှိစေရန် အတွက် အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဓိက အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ အမြန်ဆုံး တည်ငြိမ်သည့် အနေအထားသို့ ပြန်ရောက် စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိမြေပြင် အခြေအနေတွင် နိုဝင်ဘာ ၁၂ ရက်က ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် ၃၆ ဦးအနက် မိုဟာမက် အစ္စလာမ် အသက် ၄၄ နှစ်သည် ပွင့်ဖြူချောင်း ကျေးရွာတွင် နေထိုင်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ရွာသူရွာသားများ နှင့်အတူ တိုက်ပွဲဖြစ်သည့် နေရာသို့ လိုက်သွားကြောင်း၊ ၄င်း၏ ထွက်ဆိုချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လာသည့် အကြမ်းဖက် သမားများက ၄င်းတို့၏ ကျေးရွာများကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း။
နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးရမိသည့် ဆာဒူအာမေး (အဘ-အဒူလာ) သည် ကြိမ်ချောင်း ကျေးရွာမှ မြောက်ဘက်ရှိ မြစင် ကျေးရွာသို့ ရွာသားများနှင့် အတူ လိုက်လာပြီး စစ်တပ်နှင့် လုံခြုံရေးအဖွဲ့ကို တိုက်ခိုက် အကြမ်းဖက်ရန် ရည်ရွယ်သည် ဟု ထွက်ဆို ထားကြောင်း။
နိုင်ငံတကာ သံတမန်များ သွားရောက်စဉ် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဒေသခံများ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များကို ၄င်းတို့ကိုယ်တိုင် သိရှိနားလည်မှု ရှိ၊ မရှိ မေးမြန်းရာ မသိကြောင်း၊ ထိုဆိုင်းဘုတ်များ ဘယ်ကရလဲ မေးမြန်းရာ ဖုန်း Viber မှ ပို့ပေးခြင်းဖြစ်ကြောင်း ပြန်ဖြေပြီး မည်သူ ပေးသည်ကို မေးမြန်းရာ မဖြေကြကြောင်း၊ ယခုမောင်တော ပဋိပက္ခဖြစ်စဉ်သည် ပုံမှန် ရိုးရိုးရှင်းရှင်း စဉ်းစား၍ မရကြောင်း၊ အစွန်းရောက်များ၏ စိတ်ထဲတွင် တပ်နှင့်ရဲလာလျှင် မည်သို့တုံ့ပြန် ရမည်ကိုသာ ပြင်ဆင်နေကြောင်း၊ တစ်ဖက်မှ လုံခြုံရေး စည်းကမ်းများ သတ်မှတ်ထား သော်လည်း ပြည်ပမှ အကြံအစည် များဖြင့် ဝင်ရောက် နေခြင်းဖြစ်၍ ရေရှည်တွင် ခိုင်ခိုင်မာမာ ကိုင်တွယ်နိုင်ရန် တာဝန်နှစ်ရပ်ဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ စည်းရုံးခံထားရသည့် အစွန်းရောက် များကို အစွန်းရောက်စိတ် ပပျောက် သွားအောင် ရေရှည် ဆောင်ရွက်ရန်၊ နှစ်ဖက်တည်ငြိမ် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်သည့် ပတ်ဝန်း ကျင်ကို ဖန်တီးသွားရန် ဖြစ်ကြောင်း၊ သို့သော် လက်တွေ့ မြေပြင်တွင် ရွာသားနှင့် တိုက်ခိုက် သည့် အကြမ်းဖက်သမား များမှာ ရောနှောနေ သဖြင့် ဖြေရှင်းရန် ခက်ခဲကြောင်း၊ အချိန်ယူပြီး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ အမြန်ဆုံး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ဆောင်ရွက်နေ ပါကြောင်း၊ ယင်းဒေသရှိ အမျိုးသမီးများ အဓမ္မပြုကျင့် ခံရမှုအား စုံစမ်း မေးမြန်းရာ မရှိ ဟုဖြေဆိုပါကြောင်း၊ ယခုကဲ့သို့ ဆူပူမှုများ ဖန်တီးသည်မှာ တတိယ အကြိမ်မြောက် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အပိုင်းနှင့်လည်း ချိတ်ဆက်၍ လှုပ်ရှားနေမှု များလည်း ရှိကြောင်း ဖြေကြားသည်။
ထို့ပြင် နောက်ပိုင်းမှ လှုံ့ဆော်ပေး နေသည့် အဖြစ်အပျက်များ ကိုလည်း တွေ့နေရပါကြောင်း၊ အောက်တိုဘာ ၉ ရက်က လုံခြုံရေး တပ်ဖွဲ့ကို လာတိုက်ခိုက် သည်မှာ ဆွပေးသည့် ပုံစံဖြစ်နေပြီး တစ်ဖက်တွင် လည်း ကုလသမဂ္ဂ တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ဖြုတ်ချပေးရန် တောင်းဆိုရာ အားလုံးက သဘောတူပြီး ဖြုတ်ချပေးခဲ့ သည်ကို မလိုလားသဖြင့် ဆူပူမှု မဖြစ် - ဖြစ်အောင် ပြန်ပြီးလှုံ့ဆော် နေခြင်းသာ ဖြစ်ကြောင်း၊ မြန်မာအစိုးရက မလိုက်နာဟု ထင်မြင်လာအောင် ဖန်တီးလုပ်ဆောင် နေခြင်း ဖြစ်သော်လည်း ဆူပူမှုများကို ပြန်လည် တည်ငြိမ်မှု ရရှိစေရန် နိုင်ငံတကာ ဥပဒေနှင့် အညီ ဂျီနီဗာ ကွန်ဗင်းရှင်း နှင့်အညီ ဖြေရှင်းနေပြီး တပ်အင်အား ကိုလည်း လိုအပ်သည်ထက် ပိုမသုံးဘဲ နယ်မြေ အေးချမ်းရန်၊ တည်ငြိမ်ရန် အတွက်သာ သုံးစွဲဖြေရှင်းခဲ့၍ တည်ငြိမ် လာချိန်တွင် သံတမန်အဖွဲ့ ကွင်းဆင်းသွား ရောက် ကြည့်ရှုသည့်အခါ ဆန္ဒပြသူများ ကိုင်ဆောင်သော ဆိုင်းဘုတ်များမှာ တစ်ဖက်မှ တယ်လီဖုန်းဖြင့် အချက်အလက် ပေး၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ဖြည့်စွက် ဖြေကြားသည်။
ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် တပ်မတော်၏ ဆောင်ရွက်မှု များနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် တပ်မတော် သတင်းမှန်ပြန် ကြားရေး အဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦး က ရခိုင်ပြည်နယ် ဖြစ်စဉ်ကို ပြန်ကြည့်မည် ဆိုပါက အကြမ်းဖက် သောင်းကျန်းသူ များသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စတင်ထိပါးခြင်း ဖြစ်ကြောင်း၊ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရှိသည့် နယ်ခြားစောင့် စခန်းလေးနေရာကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု များကြောင့် လက်နက် ၆၅ လက် ဆုံးရှုံးခဲ့ရပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးခဲ့ သဖြင့် အဆိုပါဖြစ်စဉ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် အစိုးရကို တင်ပြခဲ့ရာ နိုင်ငံတော် အစိုးရ က ခွင့်ပြုသည့် အတိုင်းအတာ အထိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်၏ စွမ်းရည်အရ ဆောင်ရွက်၍ ရပါကြောင်း၊ တပ်မတော် ၏ လေတပ်၊ ကြည်းတပ်နှင့် သံချပ်ကာ စစ်ဆင်ရေး စွမ်းရည် လေ့ကျင့်ခန်း များကို မီဒီယာ များအား ဖိတ်ခေါ်ပြသ ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာမှ ချမှတ်ထားသည့် ဥပဒေများအရ အင်အား အနည်းဆုံးဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ရဟတ်ယာဉ် သုံးစွဲမှုနှင့် စပ်လျဉ်း၍ ဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် တပ်မတော်မှ တပ်ရင်းမှူး အဆင့်ရှိသူတစ်ဦး ထိခိုက်ခဲ့ပါကြောင်း၊ အကြမ်းဖက် အင်အား ၈၃ဝ ကျော်ခန့် ရှိပါကြောင်း၊ အဆိုပါ အကြမ်းဖက် အဖွဲ့တွင် သေနတ်ကိုင် အကြမ်းဖက်သမား ၃ဝ ဦးခန့်ပါရှိပြီး ကျန်သူများမှာ ဓား၊ လှံ နှင့် လေးဂွ တို့ကို ကိုင်ဆောင်ထားပြီး သုံးနေရာခွဲ၍ ဝိုင်းဝန်း တိုက်ခိုက်ပါကြောင်း၊ တပ်မတော် အနေဖြင့် ပထမဦးစွာ အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ဖြစ်သည့် ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့ ပါကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် တပ်ရင်းမှူး အဆင့်ရှိ တပ်မတော် အရာရှိ ထိခိုက်ခဲ့ရ ပါကြောင်း၊ ထိုသို့အဝိုင်းခံ ထားရခြင်း သည် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်ပြီး တပ်မတော်သားများ ထိခိုက်နိုင် ပါကြောင်း၊ ထို့ကြောင့် ရဟတ်ယာဉ် စေလွှတ်၍ ဒဏ်ရာရသည့် တပ်မတော် စစ်ကြောင်းမှူးနှင့် တပ်မတော်သား များကို ကယ်ထုတ်ခဲ့ရ ပါကြောင်း၊ လက်နက်ကြီးများ၊ ဗုံးများ အသုံးမပြုခဲ့ ပါကြောင်း၊ ၇ ဒသမ ၆၂ ကျည်သုံး စက်သေနတ် ကိုသာ အသုံးပြုခဲ့ကြောင်း၊ တပ်မတော် သည် ဂျီနီဗာကွန်ဗင်းရှင်းမှ ချမှတ်ထားသည် ကို အတိအကျ လိုက်နာပါကြောင်း၊ တပ်မတော်သား တိုင်းသည် တပ်မတော် သားတိုင်း ကျင့်သုံးရမည့် ကျင့်ဝတ် ၆ဝ ကို လိုက်နာကျင့်သုံး ရပါကြောင်း၊ အဆိုပါ ကျင့်ဝတ်များကို တပ်မတော် တပ်သားအဆင့်မှ ကာကွယ်ရေး ဦးစီးချုပ်အဆင့် ထိ လိုက်နာကျင့်သုံး ရပါကြောင်း။
သတင်းရယူခွင့်နှင့် စပ်လျဉ်း၍ ရန်သူသည် ယူနီဖောင်းဝတ်၍ တိုက်ခိုက်နေခြင်း မဟုတ်ပါကြောင်း၊ ရန်သူ့စခန်း ဘယ်နေရာမှာ ရှိသည်ကို အတိအကျ မပြောနိုင်ပါကြောင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် တပ်မတော်သား များမှာ ချောင်းမြောင်း တိုက်ခိုက်ခံ နေရပြီး လုံခြုံမှုကို အာမခံရန် ခက်ခဲသဖြင့် စစ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ထား ပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် များ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း များနှင့် အညီ ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
အကြမ်းဖက်သမားများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိ
နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆
၁၃၇၈ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
( ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ ၁၆ ရက် )
၁။ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာပါ မောင်တောနယ်မြေ အတွင်း လူနေ အဆောက်အအုံများ မီးရှို့ဖျက်ဆီး ခံရသည့် သတင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အား ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
၂။ အဆိုပါသတင်းနှင့် ပတ်သက်၍ တိကျစွာ ထုတ်ပြန်နိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ဝါးပိတ်ကျေးရွာ၊ ကြက်ရိုးပြင် ကျေးရွာ၊ ဒါးကြီးဇား ကျေးရွာ နှင့် ပတ်ဝန်းကျင် နယ်မြေများအား လှည့်လည်၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင် စစ်ဆေးခြင်း တို့အား နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဆောင်ရွက်ခဲ့ရာ ဝါးပိတ်ကျေးရွာ၌ အဆောက်အအုံ ၁ဝ၅ လုံးခန့် ၊ ကြက်ရိုးပြင် ကျေးရွာ၌ အဆောက်အအုံ ၃ဝ လုံးခန့်၊ ဒါးကြီးဇား ကျေးရွာ၌ အဆောက်အအုံ ၃ဝ လုံးခန့်၊ ပြောင်ပိုက် ကျေးရွာ၌ အဆောက်အအုံ ၂ဝ လုံးခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။
၃။ ဝါးပိတ်ကျေးရွာ၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၁ဝ ဦးခန့် ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး အဖွဲ့များက သွားရောက် ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်သူ များသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်ထုတ် မြဝတီသတင်းစာ နှင့် မြဝတီ ရုပ်မြင်သံကြား ၌ ဖော်ပြ ခဲ့ပြီးဖြစ်သည်။ Bangkok Post သတင်းစာ၌ HRW- Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုဟ်တုသတင်း ဓာတ်ပုံများအား အခြေခံ၍ သတင်းရေးသား ထားသဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ မတိုင်မီ ကတည်းကပင် ဝါးပိတ်ကျေးရွာ၌ အဆောက်အအုံ ၁ဝဝ ခန့် မီးရှို့ခံရကြောင်း စွပ်စွဲဖော်ပြ ထားကြောင်းတွေ့ရှိ ရသည်။ အဆိုပါကျေးရွာ၌ HRW ၏ သတင်းဖော်ပြချက် မတိုင်မီ မီးလောင်ပျက်စီး အဆောက်အအုံ ၂၅ လုံးသာ ရှိကြောင်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် မြဝတီသတင်းစာ နှင့် မြဝတီရုပ်မြင်သံကြား တို့၌လည်း သတင်းဖော်ပြပြီး ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆေးတွေ့ရှိ ချက်များအရ ဝါးပိတ်ကျေးရွာတွင် မူလရှိရင်း အဆောက်အအုံ၂၆၁ လုံး၊ မီးလောင်ပျက်စီးမှု အဆောက်အအုံ ၁ဝ၅ လုံးရှိကြောင်း တွေ့ရှိရသည်။ Bangkok Post ၌ ကြက်ရိုးပြင် ကျေးရွာတွင် အဆောက်အအုံ ၂၄၅ လုံးမီးရှို့ ဖျက်ဆီးခံရကြောင်း ဖော်ပြခဲ့သော်လည်း စစ်ဆေးချက်များ အရ ၄င်းကျေးရွာ၌ မူလရှိရင်းအဆောက်အအုံ ၃၆၂ လုံးရှိပြီး ၃ဝ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း တွေ့ရှိရသည်။ အလားတူ အဆောက်အအုံ ၇ဝဝ လုံး မီးရှို့ဖျက်ဆီး ခံရကြောင်း စွပ်စွဲဖော်ပြခဲ့သော ဒါးကြီးဇား ကျေးရွာ၌ မူလရှိရင်း အဆောက်အအုံ ၃၃ဝ လုံးသာရှိခဲ့ပြီး စစ်ဆေးချက်များ အရ အဆောက်အအုံ ၃ဝ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း မြေပြင်၌ တွေ့ရှိရသည်။ HRW ၌ ပြောင်ပိုက်ကျေးရွာ တွင် အဆောက်အအုံ ၈၅ လုံး မီးလောင်ခဲ့ကြောင်း ဖော်ပြထား သော်လည်း စစ်ဆေးချက် များအရ ၂ဝ လုံးသာ မီးလောင် ပျက်စီးမှုရှိကြောင်း တွေ့ရှိရသည်။ မီးလောင် ပျက်စီးမှုမှာလည်း အကြမ်းဖက်သမား များ၏ ရှို့မီးကြောင့်သာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။
၎။ ရဟတ်ယာဉ်ဖြင့် မီးလောင် ပျက်စီးမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရာ ညနေ ၃ နာရီခန့်တွင် ရေခပ်ချောင်းဂွဆုံ ကျေးရွာသို့ ရောက်ရှိစဉ် အဆောက်အအုံ တချို့ မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်တွင် လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းများသို့ အကြောင်းကြား၍ ဝိုင်းဝန်းမီးငြှိမ်းသတ် စေခဲ့ရာ အဆောက်အအုံ ၁၇ လုံး မီးလောင်ခဲ့ကြောင်း သိရှိရသည်။
၅။ မောင်တောနယ်မြေ အတွင်း အကြမ်းဖက် လှုပ်ရှားနေသော အကြမ်းဖက် သမားများ အနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့များအပေါ် အထင်အမြင် လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက် ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပြီးပါက အချို့သတင်း မီဒီယာများဖြင့် ချိတ်ဆက်၍ လိမ်လည် သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များ ရရှိအောင် လုပ်ကြံ ဖန်တီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း တွေ့ရှိရသည်။ မောင်တော နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှု များအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ် ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)
Saturday, September 17, 2016
တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ရန်ကုန် ၊ ၁၇-၉-၂၀၁၆
နှစ်ဦးနှစ်ဖက် အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်း ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီစာပေတိုက် ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး နှင့် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်လှထွန်း၊ ဒေါက်တာ မျိုးသန့်တင် နှင့် သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် အောင်ရဲဝင်း နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။
ရှေးဦးစွာ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် စိုးနိုင်ဦး နှင့် ဗိုလ်ချုပ် အောင်ရဲဝင်း တို့က တက်ရောက် လာသော သတင်းမီဒီယာ များနှင့် မိတ်ဆက်ကြပြီး တပ်မတော် အနေဖြင့် Standard Army တည်ဆောက်နေမှု အခြေအနေများ၊ ပြည်သူ့စစ် မဟာဗျူဟာ ချမှတ်ကျင့်သုံး နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား NCA ပေါ်တွင် အခြေခံ၍ ဆက်လက် ဆောင်ရွက်ရမည့် အခြေအနေ များနှင့် တပ်မတော်နှင့် မီဒီယာကြား ဆက်ဆံမှုပိုမို တိုးတက် ကောင်းမွန်ရေး အတွက် ဆောင်ရွက်မှု များအား ရှင်းလင်း ပြောကြား ခဲ့သည်။
တက်ရောက် လာကြသော အရာရှိကြီး များက စစ်ဘက် အခေါ်အဝေါ်များ၊ အရွယ် မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂ဝ၁၂ ခုနှစ် လက်မှတ် မထိုးမီ အခြေအနေနှင့် ယနေ့အထိ လုပ်ငန်းပိုမို တိုးတက်လာသည့် အခြေအနေများ၊ လားရှိုးမြို့ မိုင်းယော်ကျေးရွာ အနီးဖြစ်စဉ် တွင် ရွာသား ငါးဦး သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် ပါဝင်သည့် အရာရှိ /စစ်သည် များအား ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်ပြီးမှု အခြေအနေများ၊ စစ်ဘက် တရားစီရင်ရေး စနစ် နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ၊ မီဒီယာ ဆိုင်ရာ ကျင့်ဝတ်နှင့် စံနှုန်းများ၊ တပ်မတော် သတင်း အရင်းအမြစ်များ အတွင်း သတင်း ထုတ်ပြန်ခြင်း၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် ခဲ့မှုများ၊ တပ်မတော် (ရေ/လေ)၏ ရည်မှန်းချက် တာဝန်နှင့် လုပ်ငန်း ဆောင်ရွက်မှု များအား ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်း နှင့် ဒေါက်တာ မျိုးသန့်တင် တို့က မီဒီယာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသီဟစော က သြဂုတ်လတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် သတင်းထောက်များ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအား ရှင်းလင်း ပြောကြားသည်။ အခြားသတင်း မီဒီယာကောင်စီဝင် များကလည်း တပ်မတော် နှင့်ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး လက်ရှိ ဆောင်ရွက်နေမှု များနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။ ၄င်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ရပ်နားသည်။
တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့၏ အလုပ်ရုံ ဆွေးနွေးပွဲကို ယခုတစ်ကြိမ် အပါအဝင် လေးကြိမ်ပြုလုပ် ခဲ့ပြီး ပထမနှစ်ကြိမ်မှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နောက်နှစ်ကြိမ် မှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)
မြ၀တီနေ့စဉ် ၊ စာ(၁၆)
Wednesday, September 14, 2016
စာနယ်ဇင်းနှင့် စာနယ်ဇင်းသမားကျင့်ဝတ်
စာနယ်ဇင်းနှင့် စာနယ်ဇင်းသမားကျင့်ဝတ်
နိုင်ငံတကာ နိုင်ငံရေးနှင့် ပြည်တွင်း နိုင်ငံရေးတို့ကို လေ့လာကြသော အခါတွင် များသောအားဖြင့် နိုင်ငံ့ခေါင်းဆောင် များနှင့် တာဝန်ရှိသူ ပလေယာများ၏ ထုတ်ဖော် ပြောဆိုမှုများ၊ ကြေညာချက်များ၊ သတင်းဌာန များ၏ ရေးသားဖော်ပြမှု များကိုသာ အာရုံစိုက်၍ ကောက်ချက်ဆွဲလေ့ ရှိကြသည်။ သို့ရာတွင် ထိုသို့ ကောက်ချက်ဆွဲတိုင်း လက်တွေ့၌ ဖြစ်ချင်မှ ဖြစ်လာတတ် သည်ကို တွေ့ရကြောင်း နိုင်ငံရေး သုတေသီတို့ ဆိုထားကြသည်။ဤသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အရေးအရာ များတွင် စတုတ္ထမဏ္ဍိုင် သတင်းဌာနများ မည်မျှ အရေးပါသည်ကို နိုင်ငံရေး သုတေသီများက ဖော်ညွှန်း ထားခြင်း ဖြစ်သည်။
လူ့စိတ်သည် အာရုံများနှင့် ဆက်နွှယ်ခံစား နေခြင်းကြောင့် ဣဋ္ဌာရုံနှင့် တွေ့လျှင် ကြည်နူးဝမ်းသာ တတ်ပြီး အနိဋ္ဌာရုံနှင့် တွေ့လျှင် ဝမ်းနည်းကြေကွဲ မုန်းတီး တတ်သည်။ ထို့ကြောင့် ပုထုဇဉ်လူသား တို့သည် စိတ်ကောင်းဖြစ်သည့် အခါဖြစ်၍ မကောင်းစိတ် ဖြစ်သည့်အခါ ဖြစ်လိုက်နှင့် ကောင်းဆိုးနှစ်ဖြာ တို့က ချားရဟတ်ပမာ လည်ပတ် နေတတ်သူ များဖြစ်သဖြင့် ကြည့်လျက်နှင့် မမြင်၊ မြင်လျက်နှင့် မသိ၊ သိလျက်နှင့် မကျင့်၊ ကျင့်လျက်နှင့် ဉာဏ်အလင်း မပေါ် တရားအမှန်မရ ဖြစ်ကြရသည်။
စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းသမား တို့ လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ် အသီးသီးရှိကြ သော်လည်း ဆိုခဲ့သည့် အတိုင်း သိလျက်နှင့်မကျင့်၊ ကျင့်လျက်နှင့် တရားအမှန် မရသည့် သတင်း ဖော်ပြချက် များကြောင့် နောက်နေ့များတွင် အမှားပြင်ဆင်ခြင်း၊ သက်ဆိုင်သူသို့ တောင်းပန်ခြင်း စသည်တို့ကို ဖော်ပြကြသည်များ တွေ့ရသည်။
သတင်းသမား ဘဝကို ဂုဏ်ယူတတ်ကြ စေရန် သတင်းသမား ဘိုးအေကြီး များက အမှာစကား ထားခဲ့ကြသည်မှာ သတင်းစာ ဆရာ၊ သတင်းထောက် ခေါင်းဆောင်မှု မပါတဲ့ ခေတ်တစ်ခေတ်မှ မရှိပါဘူး။ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်ပါတယ်။ မေးစရာတော့ ရှိပါတယ်။ ခေါင်းဆောင်မှု ပေးလို့ သတင်းစာ ဆရာတွေ၊ သတင်းထောက် တွေကပဲ အစိုးရ ဖြစ်လို့လား၊ သတင်းစာ ဆရာတွေ၊ သတင်းထောက် တွေ ကပဲ ယခုအခေါ် တာဝန်ခံ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး ဟူ၍ နှောင်းလူတို့ စံထား အလေးအမြတ် ပြုဖွယ်စကား ကြားဖူးသူများ ရှိကြသည်။
ထို့ပြင် ၁၉၆၃ ခုနှစ် မတ် ၃၁ ရက်တွင် ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပသော မြန်မာပြည် သတင်းထောက်များ အသင်း ညီလာခံ၌ သတင်းထောက် အသင်းဥက္ကဋ္ဌ ပြောကြားသည်မှာ အခွင့်အရေး သမားများကြောင့် သတင်းထောက် အလုပ်၊ သတင်းထောက် ဘဝ ကို ရိုးသား ယုံကြည်စွာ မြတ်နိုး တန်ဖိုးထားသော သတင်းထောက် များပါ ရော၍ ထိခိုက်နစ်နာ ဂုဏ်ပျက် နေရသည်။ ထို့ကြောင့် သတင်းထောက် အတု အစစ် ခွဲခြားမှုကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည် စသည်ဖြင့် ထုတ်ဖော်ပြောကြား ဖူးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာသော ခေတ်သို့ ပြောင်းလဲချိန်တွင် လွတ်လပ်စွာ ရေးသားခွင့် ရရှိကြပြီး ဖြစ်သည်။ လွတ်လပ်စွာ ရေးသားကြ ရာတွင် မသေချာ မရေရာသော အကြောင်းအရာကို လုပ်ကြံဖန်တီးပြီး မရေးရ။ စာဖတ် ပရိသတ်ကို မလှည့်ဖြားရ။ ကိုယ်တိုင်သိမြင် ရသော အချက်အလက် များကို အရှိအတိုင်း ဓမ္မဓိဋ္ဌာန် ကျကျရေးပါ ဆိုသည့် သိက္ခာရှိသော စာနယ်ဇင်း သမားတို့ ကျင့်ဝတ်ရှိပြီး ဖြစ်သည်ကို အလေးအနက် လိုက်နာ ကြပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
( အယ်ဒီတာ့အာဘော် )
မြ၀တီနေ့စဉ် ၊ စာ(၂)
Monday, May 2, 2016
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ Information Center သုံးနေရာဖွင့်လှစ်မည်
ရန်ကုန် ၊ ၂-၅-၂၀၁၆
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက် ဆေးကုသမှု ခံယူနေသည့် လူနာများအား ကျန်းမာရေး ဝန်ဆောင်မှု ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ပေး နိုင်ရန် ဆေးရုံဝင်း အတွင်း၌ Information Center သုံးခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို က ပြောသည်။
လူနာစောင့်များ အနေဖြင့် အဆိုပါစင်တာ ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မိမိသိရှိ လိုသမျှကို စုံစမ်းမေးမြန်း နိုင်မည်ဖြစ်ပြီး ယင်းစင်တာအား ဆေးရုံကြီး၌ ရက် ၁ဝဝ အတွင်း ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
''တချို့ နယ်ကလာတဲ့ လူနာရှင်တွေက ဓာတ်ခွဲခန်းက ဘယ်နေရာမှာ ရှိမှန်းမသိဘူး။ အဲဒီလို ဖွင့်လိုက်ရင် သူတို့အတွက် လည်း အဆင်ပြေသွားမယ်။ ကျန်းမာရေး ဝန်ဆောင်မှု ပိုကောင်းသွား တာပေါ့'' ဟု ၄င်းက ပြောသည်။
လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဟော်မုန်းရောဂါ ဌာန၊ သက်ကြီးရွယ်အို ဌာန၊ ဆေးဝါးကုထုံး ဌာနတို့ကိုလည်း အသစ်တိုးချဲ့ ဖွင့်လှစ်ထားပြီး လုပ်ငန်းများ စတင်လည်ပတ် နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းပေါင်း ၃ဝ၅၇ ဦးရှိပြီး တစ်ရက်လျှင်လူနာပေါင်း ၁၈ဝဝ မှ ၁၉ဝဝ အထိ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက် ရှိကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် ဆေးရုံ၌ သတင်းရယူ ရာတွင် အဆိုပါ Information Center များမှတစ်ဆင့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ များနှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၂)
Monday, January 25, 2016
ကမ္ဘာတည်သရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ပြီး ထိရောက်သည့် လုပ်ဆောင်မှုများပေးခြင်းဖြင့် တိုင်းပြည်တည်ဆောက်ရေး အတွက် ပိုမိုတန်ဖိုးကြီးစေမည်ဖြစ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ မြန်မာနိုင်ငံ မီဒီယာကောင်စီဥက္ကဋ္ဌ
ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်စဉ်
နေပြည်တော်၊ ၂၅-၁-၂၀၁၆
မီဒီယာသည် တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း၊ အထူးသဖြင့် တိုင်းပြည် တည်ဆောက်ရေး ကာလတွင် ပိုမိုအရေးကြီးကြောင်း၊ ပြောင်းလဲနေသော အခြေအနေများ အရ နိုင်ငံတိုင်း၏ တိုင်းပြည် တည်ဆောက်ရေး သည်လည်း ပြီးဆုံးသည်ဟူ၍ မရှိနိုင်သကဲ့သို့ မီဒီယာ၏ ကဏ္ဍသည်လည်း ထာဝရ ရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း၊ ထိရောက်သည့် လုပ်ဆောင်မှုများ ပေးခြင်းဖြင့် တိုင်းပြည် တည်ဆောက်ရေး အတွက် ပိုမိုတန်ဖိုးကြီးစေ မည်ဖြစ်ကြောင်း၊ တပ်မတော်၏ ကိုယ်စား သတင်းမီဒီယာ ကောင်စီအား ဂုဏ်ပြုပါကြောင်း နှင့် ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များကို တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဖေမြင့်နှင့် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစော နှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များ၊ စုစုပေါင်း ၂၄ ဦး တက်ရောက် ကြသည်။
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သတင်းမီဒီယာ ကောင်စီသည် ကျယ်ပြန့်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ သတင်းမီဒီယာသည် တိုင်းသူပြည်သား များကို အသိပညာ၊ အတတ်ပညာများ ဖြန့်ဝေပေးသည့် ဌာနကြီး ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပင် သတင်းမီဒီယာ များမှ ဖတ်ရှုလေ့လာ သိရှိရသည့် အသိပညာများ၊ မိဘဆရာနှင့် Elder များ၏ သွန်သင်ဆုံးမမှု၊ ထိန်းကျောင်း ပဲ့ပြင်မှုများ ပေါင်းစပ်ပြီး နိုင်ငံ့တာဝန် များကို ထမ်းဆောင် နေခြင်းဖြစ်၍ သတင်းမီဒီယာ ၏ တန်ဖိုးကို အလေးထားကြောင်း၊ မှန်မှန်ကန်ကန် ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ အသုံးချ နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာ အကျိုးရှိကြောင်း၊ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း မတူနိုင်သဖြင့် အချက်အလက် မှန်ကန်စွာဖြင့် မျှတသည့် သတင်းပေး ခြင်းသည် ကောင်းမွန်ကြောင်း၊ မီဒီယာမှ ပေးသည့် သုတ၊ ရသများ ၊ သတင်းများသည် ပြည်သူများ အတွက် များစွာ အထောက်အကူ ပြုကြောင်း၊ ပြည်သူများ စာဖတ်အား မကျအောင် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို ၀ိုင်းဝန်း လုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း။
လက်ရှိ တပ်မတော် အနေဖြင့် Standard Army အဖြစ် တိုက်စွမ်းအား၊ တိုက်စွမ်းရည်များ မြှင့်တင်ခြင်းဖြင့် တပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ဆောင်ပေး နေရာတွင် တပ်မတော်သားတိုင်း ပညာရည် မြှင့်တင်ရေးများ လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ အလားတူ တိုင်းပြည် ပညာရည် မြင့်မားရေး၊ ပညာတတ်များ ပေါကြွယ်ဝရေးအတွက် မီဒီယာများ ကလည်း တွန်းအားပေး တိုက်တွန်း လုပ်ဆောင် စေလိုကြောင်း၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေချိန်ဖြစ်၍ ပြည်သူများ၏ ဒီမိုကရေစီ ကျင့်စဉ်များ၊ အသိပညာပေးမှုများ ပံ့ပိုးလုပ်ဆောင် ပေးပါက ကောင်းမွန်ပါကြောင်း၊ တပ်မတော်အ နေဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကာလ ၊ ရွေးကောက်ပွဲလွန် ကာလများ တွင်လည်း ပြည်သူ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းလုပ်ဆောင် ခဲ့ကြောင်း၊ နောင်အစိုးရ နှင့်လည်း တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွား ရမည် ဖြစ်ကြောင်း။
တည်ငြိမ်
အေးချမ်းရေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် လက်နက်ကိုင် ပဋိပက္ခ
ချုပ်ငြိမ်းရေး အပိုင်းများရှိကြောင်း၊ တပ်မတော် အနေဖြင့် လက်နက်ကိုင်
ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လိုက်လျော နိုင်သမျှ လိုက်လျော၍ NCA
လက်မှတ် ရေးထိုးခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း
တို့တွင် ထာဝရငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် ပါဝင်ေ ဆာင်ရွက်
နေကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက်
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် သေရေးရှင်ရေး တမျှ မရှိမဖြစ်
အရေးကြီး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ချိန်မှ
သတ်မှတ်ကာလ အတွင်း DDR/SSR လုပ်ငန်းစဉ်များ ပြီးပြတ်အောင် လုပ်ဆောင်ရမည်
ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး Gentleman Agreement များကိုလည်း လိုက်နာ
စောင့်ထိန်းရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊
စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မူဝါဒချမှတ်၍ တပ်မတော်၏
ဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေး အပိုင်းတွင်လည်း နိုင်ငံတော်အစိုးရ၊
လွှတ်တော်တို့အား ကူညီလုပ်ဆောင်
လျက်ရှိကြောင်း၊
သတင်းမီဒီယာများ အနေဖြင့် လည်း အပြုသဘော ဆောင်သည့် တိုက် တွန်း နှိုးဆော်
ချက်များ လုပ်ဆောင်ပေးရန် တိုက်တွန်း ပြောကြား၍ မိမိနိုင်ငံ၏
နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်းနိုင်ငံ တပ်မတော် များနှင့်
ကောင်းမွန်သည့် ဆက်ဆံရေး တည်ေ ဆာက်နိုင်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ
AA သောင်းကျန်းသူ ၊ အရှေ့မြောက်ဒေသရှိ MNDAA၊ TNLA အဖွဲ့အစည်းများနှင့်
ပတ်သက်၍ တပ်မတော်မှ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများကို
ရှင်းလင်း ပြောကြားသည်။ဆက်လက်ပြီး သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူးမှ သတင်းမီဒီယာ ကောင်စီ၏ ရပ်တည်လုပ်ဆောင် ချက်များကို ရှင်းလင်းတင်ပြပြီး တပ်မတော်နှင့် သတင်းမီဒီယာများ အကြား ကောင်းမွန်သည့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ စာပေဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်ဆိုင်ရာ သတင်းရယူရေး ကိစ္စရပ်များ ပိုမိုချောမွေ့ အဆင်ပြေစေရေးနှင့် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင် ဆောင်ရွက်နေမှု အခြေအနေများကို သတင်းမီဒီယာ ကောင်စီဝင် တစ်ဦးချင်းမှ ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)
မြ၀တီနေ့စဉ် ၊ စာ(၁)
Tuesday, August 25, 2015
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး အား
လက်ခံတွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး အား
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး ၊
အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်
နေပြည်တော် ၊ ၂၅-၈-၂၀၁၅
မိမိနိုင်ငံ၊ မိမိဒေသအတွက်အမှန်တကယ် အကျိုးပြုနိုင်မည့်သူ၊ အမျိုးသားနိုင်ငံရေး ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း ကာကွယ်နိုင်မည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင် နှင့် ပြည့်စုံသူဖြစ်ပြီး ဖြစ်နိုင်ပါက တပ်မတော် အပေါ် နားလည်နိုင်သူ ဖြစ်လျှင် ပိုမိုကောင်းမွန်ပါကြောင်းဖြင့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အလွန် ကာလတွင် မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ ထားရှိမည့် တပ်မတော်၏ ရပ်တည်ချက် သဘောထားအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များအား လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ မျိုးသန့်တင်၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးအောင်လှထွန်း၊ ဦးခင်မောင်ဌေး၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း တို့ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ ဖြစ်စဉ်နှင့် နောက်ဆုံးမြေပြင် အခြေအနေများ ၊ပါကစ္စတန်၊ ဆားဗီးယားနှင့် အိန္ဒိယနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မှုနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး အခြေအနေများ၊၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ လာမည့် ရွေးကောက်ပွဲ အတွက် အထောက်အကူ ဖြစ်စေရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များ၊ လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နှင့် နိုင်ငံရေးပါတီများ အပေါ် တပ်မတော်၏ သဘောထား ရပ်တည်ချက် ဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊ သဘာဝ ဘေးဒဏ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခြေအနေများ၊ နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီး၏ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များကို ဦးစွာရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဦးစွာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ရာတွင်MNDAA TNLA နှင့် AA အဖွဲ့၃ဖွဲ့နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က MNDAA သည် အချုပ်အခြာ အာဏာကို ထိပါးလာ၍ တိုက်ခိုက်ခဲ့ ရခြင်း ဖြစ်ကြောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့နှင့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တို့အား စတင်တိုက်ခိုက် လာခြင်းဖြစ်ကာ စစ်ကြေညာပြီး တိုက်ခိုက် လာသူဖြစ်၍ ငြိမ်းချမ်းရေး လုပ်၍ မရကြောင်း၊ လက်နက်စွန့် ရမည်ဖြစ်ကြောင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရမည် ဟု သမ္မတကြီး ကိုယ်တိုင်က ပြောကြား ထားကြောင်း၊ MNDAA နှင့် ဆက်စပ်ပြီး ဝိုင်းဝန်း ကူညီခဲ့ကြ သူများ ဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ ခေါ်ဆိုနေသူ များမှာလည်း လက်နက်စွန့် ရမည် ဖြစ်ကြောင်း၊ AA အဖွဲ့မှာလည်း KIAမှ မွေးထုတ် လိုက်သည့် လက်အောက်ခံ အဖွဲ့သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဝင်လာ၍ မိမိတို့နယ်စပ် အထိ တိုက်ထုတ် ခဲ့ကြောင်း၊ NCA စာချုပ် လက်မှတ် ရေးထိုးသည့် အဖွဲ့များ အနေဖြင့်လည်း နဂိုလက်ခံ ထားသည့် အတိုင်း SSR/ DDR ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွက် လတ်တလော အချိန်ကာလ တစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန် မလိုသေးဘဲ လက်နက်များကို ထိန်းသိမ်းထား ရမည်သာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် SSR/DDR လုပ်ငန်းစဉ်များ အတိုင်း စည်းကမ်းနှင့် အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော်၏ စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင် (MEC) တို့နှင့် ပတ်သက်၍ မေးမြန်းရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အခြား နိုင်ငံများတွင်လည်း တပ်မတော်၏ ကျောထောက် နောက်ခံ စီးပွားရေး လုပ်ငန်းများ ရှိကြကြောင်း၊ လည်ပတ်မှု မတူညီ သော်လည်း တပ်မတော် အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးကြကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေဖြင့် တပ်မတော်သား မိသားစုဝင် များ၏ သက်သာ ချောင်ချိရေး၊ စစ်မှုထမ်းဟောင်း များ၏ သက်သာ ချောင်ချိရေး၊ ပြည်သူလူထု၏ သက်သာ ချောင်ချိရေးများ ဆောင်ရွက် ပေးနိုင်ရန်နှင့် နိုင်ငံတော် စီးပွားရေးအား အထောက်အကူ ပြုရန် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ MEC လုပ်ငန်းများသည် တပ်မတော်၏ ဘတ်ဂျက်ကို Save ဖြစ်စေရန်၊ တပ်မတော်ကို အထောက်အပံ့ ဖြစ်စေရန် အတွက် ပစ္စည်း ထုတ်လုပ်မှု များကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း များသည် နိုင်ငံတော်သို့ အခွန်အခများ အပြည့်အဝ ပေးသွင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ရရှိလာသည့် အမြတ်ငွေမှ တိုက်ပွဲတွင် ထိခိုက်ကျဆုံး ဒဏ်ရာရရှိသူ များအား ထောက်ပံ့ခြင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာများ လုပ်ဆောင်ခြင်း စသည့်လုပ်ငန်း များတွင် သုံးစွဲရန် တပ်မတော် သက်သာ ချောင်ချိရေး ရန်ပုံငွေသို့ ထည့်သွင်း ရပါကြောင်း၊ MEC အနေဖြင့် နိုင်ငံတော် အစုရှယ်ယာ အားလုံးနီးပါး ပြန်လည် ပေးသွင်းပြီး ဖြစ်ကြောင်း၊ ဦးပိုင်တွင်လည်း တဖြည်းဖြည်း လျော့ချလာပြီး နောင်တွင် အများပိုင် အဖြစ် တပ်မတော်သား မိသားစုများ၏ အစုရှယ်ယာ၊ စစ်မှုထမ်းဟောင်း များ၏ အစုရှယ်ယာ၊ တပ်များ၏ အစုရှယ်ယာ နှင့် ထည့်ဝင်နိုင်သည့် သူများ၏ အစုရှယ်ယာ များနှင့် သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ဦးပိုင်၊ MEC လုပ်ငန်းများ အနေဖြင့်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များ၊ SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမြဲလမ်းဖွင့် ထားပါကြောင်း၊ ပူးပေါင်း ဆောင်ရွက် နိုင်သည့် နယ်ပယ် အားလုံးတွင် ဝင်ရောက် လက်တွဲ လုပ်ဆောင်ရန် ကြိုဆိုလျက် ရှိပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် အနောက်နိုင်ငံ များနှင့် နိုင်ငံရေး ကူးလူးဆက်ဆံမှု များစွာ ရှိလာသော်လည်း တပ်မတော်ပိုင်း ဆိုင်ရာ ဆက်ဆံမှု အရှိန်အဟုန် နှေးကွေးနေ ကြောင်း မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ဒေသတွင်း နိုင်ငံများရှိ တပ်မတော်များနှင့် သာမက အနောက်နိုင်ငံ တပ်မတော် များနှင့်ပါ ရင်းနှီး ပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း၊ ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန် စသည့် နိုင်ငံများတွင် ပညာတော်သင်များ စေလွှတ် တက်ရောက်လျက် ရှိကြောင်း၊ တပ်မတော်ချင်း ဆက်ဆံရေး ကောင်းမွန် သော်လည်း နိုင်ငံရေး အဖွဲ့အစည်း များ၏ ဖိအားများ ရှိနေခြင်းကြောင့် ယင်းတို့ အပေါ်တွင်သာ မူတည်နေကြောင်း ဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော် အရာရှိများကို အရပ်ဘက် ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မှု မူဝါဒနှင့် ပတ်သက်သည့် မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ဖြေကြားရာတွင် နိုင်ငံ့ဝန်ထမ်း များသည် မည်သည့် ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း တာဝန် ထမ်းဆောင်၍ ရပါကြောင်း၊ မူအားဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တောင်းဆိုမှု၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့၏ သဘောတူညီမှု၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက် တို့ဖြင့် ပြောင်းရွှေ့ ရကြောင်း၊ တပ်မတော် သားများ အရပ်ဘက် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မှု သည်လည်း ထို့အတူ ဖြစ်ကြောင်း၊ ယခုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝန်ထမ်း အခက်အခဲရှိ၍ တောင်းဆိုမှုကြောင့် မိမိ အရန်ရှိသည့် အင်အားမှ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ကူးပြောင်းရာတွင် အချို့မှာ တပ်မတော် လစာထက် နိမ့်သောလစာ အဆင့်ဖြင့် ပြောင်းရွှေ့ သွားရခြင်း ဖြစ်ကြောင်း၊ တစ်ချို့လည်း တိုက်ပွဲ ဒဏ်ရာရရှိသူ၊ ကျန်းမာရေးကြောင့် မသန်စွမ်း သူများအား အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့မှုများ ရှိကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
၎င်းနောက် ရွေးကောက်ပွဲတွင် သမ္မတ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ မဲဆန္ဒပေး ရွေးချယ်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် တပ်မတော် အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ပတ်သက်ပြီး လုံးဝ ဘက်လိုက်မှု မရှိကြောင်း၊ တပ်မတော် သားများ၊ မိသားစုဝင်များ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် သဘောထားကို နားလည် အောင်သာ ရှင်းလင်း ပြောကြား ထားကြောင်း၊ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု လာသည့်ရလဒ် အပေါ်တွင်လည်း ယင်း တပ်မတော်၏ ရပ်တည်ချက် သဘောထား အတိုင်း ဥပဒေပြဌာန်းချက် နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော်နှင့် သတင်းမီဒီယာ များအကြား သတင်း စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေး အတွက် ဆောင်ရွက်လျက် ရှိသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်နိုင်ရေး ကိစ္စများအား ညှိနှိုင်းဆွေးနွေး ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ မှ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၃၂)
#Themyawadydaily
Labels:
တပ်မတော်ရေးရာ,
သတင်းမှန်ပြန်ကြားရေး,
သတင်းမီဒီယာ,
အင်တာဗျူး
Thursday, June 11, 2015
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး
ဒီမိုကရေစီ အစိုးရ ပေါ်ပေါက် လာပြီးနောက် ပြုပြင် ပြောင်းလဲမှု အရပ်ရပ်တွင် မီဒီယာနှင့် ပတ်သက်၍ ဆင်ဆာစနစ်ကို အပြီးပိုင် ရုပ်သိမ်းခြင်း၊ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထွက်ပေါ်လာခြင်း၊ စာနယ်ဇင်း လောကအကျိုး သည်ပိုးမည့် စာပေဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက် လာခြင်း တို့သည်လည်း အပါအဝင် ဖြစ်သည်။
စာနယ်ဇင်းကို စတုတ္ထမဏ္ဍိုင်ဟု တင်စားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး တည်းဟူသော မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ရန်နှင့် ပဉ္စမ မဏ္ဍိုင်ဟု တင်စား ခေါ်ဝေါ်သည့် နိုင်ငံသားတို့ အကြား ပေါင်းကူးပေးရန် တာဝန်ရှိသည် ဟု ခံယူကြသည်။ အထူးသဖြင့် မီဒီယာတို့၏ အခန်းကဏ္ဍမှာ နိုင်ငံတော် အစိုးရ၏ ပြည်သူဗဟိုပြု ဝါဒ အကောင်အထည် ဖော်ရာတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အရပ်ရပ်ကို နိုင်ငံသားများ သိရှိစေရေး ဆောင်ရွက်ရာတွင် အထူး အရေးပါ အရာရောက် လာပြီ ဖြစ်သည်။
ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေး တွင် မြန်မာ့ မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူမှု တာဝန်သိသော မီဒီယာ ရည်မှန်းချက် ထား လုပ်ဆောင် လာသည်ကို မြင်တွေ့ လာရသည်။ ယခင်အစိုးရ လက်ထက် ကျင့်သုံးခဲ့သည့် စနစ်ဟောင်း သည် မီဒီယာ ထိန်းချုပ်မှု မြင့်မားသည့် အခြေအနေ၊ အထက်အမိန့် အတိုင်းသာ လုပ်ဆောင်ရသော အနေအထား၊ အစိုးရအပေါ် ဝေဖန်မှု များအတွက် အပြစ်ဒဏ် ခံရသည့် စနစ်၊ လိုင်စင်စနစ်၊ ဆင်ဆာစနစ် တို့ဖြင့် ထိန်းချုပ် ထားသည့် ပုံစံဖြစ်သည်။
လူမှုတာဝန် သိသော မီဒီယာ ရည်မှန်းချက် အရ စာနယ်ဇင်း သည် အစိုးရကို ဝေဖန် ထောက်ပြရန် အခွင့်အရေး ရှိလာသည်။ အစိုးရသည် အများပြည်သူ အကျိုးအလို့ငှာ စာနယ်ဇင်း ဆိုင်ရာ စည်းမျဉ်း ဥပဒေများ ရေးဆွဲနိုင်သည်။ ထို့ပြင် စာနယ်ဇင်းသည် ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်ရန် အတွက် အများပြည်သူကို မှန်မှန်ကန်ကန် တင်ပြခြင်း နှင့် လူ့အဖွဲ့အစည်း ၏ လိုအပ်ချက် များနှင့် အကျိုးစီးပွား ကို မဆိုင်းမတွ တုံ့ပြန် တင်ပြခြင်း တို့အတွက် တာဝန်ရှိ လာသည်။ တစ်နည်းအားဖြင့် Self Regulation ခေါ် ကိုယ်တိုင် ပြဋ္ဌာန်းသည့် ဥပဒေကျင့်ဝတ် စည်းမျဉ်းများ နှင့်အညီ ကိုယ်တိုင် ထိန်းကျောင်း သွားသည့်အဆင့် သို့ ဦးတည် လာပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် သတင်းထောက် သာမရှိလျှင် ကမ္ဘာကြီး၏ ဖြစ်ပေါ် ပြောင်းလဲမှု တိုးတက်မှုများကို မည်သူမျှ မသိနိုင်ပေ။ ထိုသို့ အရေးပါ အရာရောက်သည့် သတင်းမီဒီယာ ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားရေးကို စာနယ်ဇင်း သမားများ၊ သတင်းမီဒီယာ သမားများ စုပေါင်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ သတင်းမီဒီယာ လုပ်ငန်းအနေဖြင့် စတုတ္ထမဏ္ဍိုင် အဖြစ် ရပ်တည် နိုင်စေရန် သတင်းမီဒီယာ သမားတို့၏ ရပိုင်ခွင့် များနှင့် လိုက်နာရမည့် တာဝန်ကျင့်ဝတ် များကို တိကျစွာ လိုက်နာ ကျင့်သုံးသွားကြ ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ရေးသားပြုစု လိုက်သောစာ၊ သတင်းတစ်ပုဒ် သည် အချက်အလက် မမှန်မကန် မှားယွင်းမှုကြောင့် သက်ဆိုင်သူ တစ်ဦးဦး အပေါ် အထင်အမြင် လွဲမှား သွားစေခြင်း၊ လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ထိခိုက် နစ်နာစေခြင်း တို့သည် သတင်းမီဒီယာ ကျင့်ဝတ် အတိုင်းသာ လိုက်နာ ဆောင်ရွက်မည် ဆိုပါက ပြဿနာ မဖြစ်ပွား စေနိုင်ဘဲ မီဒီယာလောက တိုးတက်ဖွံ့ဖြိုး လာမည်ဖြစ်၍ သတင်း မီဒီယာ၏ အခြေခံမူနှင့် ကျင့်ဝတ်ကို မီဒီယာသမားများ အလေးထား လိုက်နာကျင့်သုံး သွားရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။
#Yadanarpondaily
ဒီမိုကရေစီ အစိုးရ ပေါ်ပေါက် လာပြီးနောက် ပြုပြင် ပြောင်းလဲမှု အရပ်ရပ်တွင် မီဒီယာနှင့် ပတ်သက်၍ ဆင်ဆာစနစ်ကို အပြီးပိုင် ရုပ်သိမ်းခြင်း၊ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထွက်ပေါ်လာခြင်း၊ စာနယ်ဇင်း လောကအကျိုး သည်ပိုးမည့် စာပေဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက် လာခြင်း တို့သည်လည်း အပါအဝင် ဖြစ်သည်။
စာနယ်ဇင်းကို စတုတ္ထမဏ္ဍိုင်ဟု တင်စားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး တည်းဟူသော မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ရန်နှင့် ပဉ္စမ မဏ္ဍိုင်ဟု တင်စား ခေါ်ဝေါ်သည့် နိုင်ငံသားတို့ အကြား ပေါင်းကူးပေးရန် တာဝန်ရှိသည် ဟု ခံယူကြသည်။ အထူးသဖြင့် မီဒီယာတို့၏ အခန်းကဏ္ဍမှာ နိုင်ငံတော် အစိုးရ၏ ပြည်သူဗဟိုပြု ဝါဒ အကောင်အထည် ဖော်ရာတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အရပ်ရပ်ကို နိုင်ငံသားများ သိရှိစေရေး ဆောင်ရွက်ရာတွင် အထူး အရေးပါ အရာရောက် လာပြီ ဖြစ်သည်။
ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေး တွင် မြန်မာ့ မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူမှု တာဝန်သိသော မီဒီယာ ရည်မှန်းချက် ထား လုပ်ဆောင် လာသည်ကို မြင်တွေ့ လာရသည်။ ယခင်အစိုးရ လက်ထက် ကျင့်သုံးခဲ့သည့် စနစ်ဟောင်း သည် မီဒီယာ ထိန်းချုပ်မှု မြင့်မားသည့် အခြေအနေ၊ အထက်အမိန့် အတိုင်းသာ လုပ်ဆောင်ရသော အနေအထား၊ အစိုးရအပေါ် ဝေဖန်မှု များအတွက် အပြစ်ဒဏ် ခံရသည့် စနစ်၊ လိုင်စင်စနစ်၊ ဆင်ဆာစနစ် တို့ဖြင့် ထိန်းချုပ် ထားသည့် ပုံစံဖြစ်သည်။
လူမှုတာဝန် သိသော မီဒီယာ ရည်မှန်းချက် အရ စာနယ်ဇင်း သည် အစိုးရကို ဝေဖန် ထောက်ပြရန် အခွင့်အရေး ရှိလာသည်။ အစိုးရသည် အများပြည်သူ အကျိုးအလို့ငှာ စာနယ်ဇင်း ဆိုင်ရာ စည်းမျဉ်း ဥပဒေများ ရေးဆွဲနိုင်သည်။ ထို့ပြင် စာနယ်ဇင်းသည် ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်ရန် အတွက် အများပြည်သူကို မှန်မှန်ကန်ကန် တင်ပြခြင်း နှင့် လူ့အဖွဲ့အစည်း ၏ လိုအပ်ချက် များနှင့် အကျိုးစီးပွား ကို မဆိုင်းမတွ တုံ့ပြန် တင်ပြခြင်း တို့အတွက် တာဝန်ရှိ လာသည်။ တစ်နည်းအားဖြင့် Self Regulation ခေါ် ကိုယ်တိုင် ပြဋ္ဌာန်းသည့် ဥပဒေကျင့်ဝတ် စည်းမျဉ်းများ နှင့်အညီ ကိုယ်တိုင် ထိန်းကျောင်း သွားသည့်အဆင့် သို့ ဦးတည် လာပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် သတင်းထောက် သာမရှိလျှင် ကမ္ဘာကြီး၏ ဖြစ်ပေါ် ပြောင်းလဲမှု တိုးတက်မှုများကို မည်သူမျှ မသိနိုင်ပေ။ ထိုသို့ အရေးပါ အရာရောက်သည့် သတင်းမီဒီယာ ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားရေးကို စာနယ်ဇင်း သမားများ၊ သတင်းမီဒီယာ သမားများ စုပေါင်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ သတင်းမီဒီယာ လုပ်ငန်းအနေဖြင့် စတုတ္ထမဏ္ဍိုင် အဖြစ် ရပ်တည် နိုင်စေရန် သတင်းမီဒီယာ သမားတို့၏ ရပိုင်ခွင့် များနှင့် လိုက်နာရမည့် တာဝန်ကျင့်ဝတ် များကို တိကျစွာ လိုက်နာ ကျင့်သုံးသွားကြ ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ရေးသားပြုစု လိုက်သောစာ၊ သတင်းတစ်ပုဒ် သည် အချက်အလက် မမှန်မကန် မှားယွင်းမှုကြောင့် သက်ဆိုင်သူ တစ်ဦးဦး အပေါ် အထင်အမြင် လွဲမှား သွားစေခြင်း၊ လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ထိခိုက် နစ်နာစေခြင်း တို့သည် သတင်းမီဒီယာ ကျင့်ဝတ် အတိုင်းသာ လိုက်နာ ဆောင်ရွက်မည် ဆိုပါက ပြဿနာ မဖြစ်ပွား စေနိုင်ဘဲ မီဒီယာလောက တိုးတက်ဖွံ့ဖြိုး လာမည်ဖြစ်၍ သတင်း မီဒီယာ၏ အခြေခံမူနှင့် ကျင့်ဝတ်ကို မီဒီယာသမားများ အလေးထား လိုက်နာကျင့်သုံး သွားရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။
#Yadanarpondaily
Subscribe to:
Posts (Atom)
တင်ပြီးသမျှ သတင်းများ
- April 2019 (101)
- March 2019 (20)
- February 2019 (339)
- January 2019 (370)
- December 2018 (457)
- November 2018 (370)
- October 2018 (316)
- September 2018 (290)
- August 2018 (292)
- July 2018 (222)
- June 2018 (218)
- May 2018 (276)
- April 2018 (178)
- March 2018 (196)
- February 2018 (221)
- January 2018 (225)
- December 2017 (249)
- November 2017 (12)
- October 2017 (209)
- September 2017 (201)
- August 2017 (167)
- July 2017 (304)
- June 2017 (319)
- May 2017 (341)
- April 2017 (208)
- March 2017 (330)
- February 2017 (272)
- January 2017 (219)
- December 2016 (284)
- November 2016 (354)
- October 2016 (247)
- September 2016 (164)
- August 2016 (177)
- July 2016 (223)
- June 2016 (239)
- May 2016 (255)
- April 2016 (148)
- March 2016 (253)
- February 2016 (267)
- January 2016 (251)
- December 2015 (244)
- November 2015 (211)
- October 2015 (224)
- September 2015 (148)
- August 2015 (256)
- July 2015 (194)
- June 2015 (130)
- May 2015 (223)
- April 2015 (186)
- March 2015 (240)
- February 2015 (256)
- January 2015 (246)
- December 2014 (270)
- November 2014 (193)
- October 2014 (214)
- September 2014 (222)
- August 2014 (136)
- July 2014 (166)
- June 2014 (107)
- May 2014 (111)
- April 2014 (107)
- March 2014 (122)
- February 2014 (112)
- January 2014 (130)
- December 2013 (157)
- November 2013 (206)
- October 2013 (194)
- September 2013 (183)
- August 2013 (134)
- July 2013 (164)
- June 2013 (112)
- May 2013 (96)
- April 2013 (64)
- March 2013 (104)
- February 2013 (151)
- January 2013 (184)
- December 2012 (187)
- November 2012 (125)
- October 2012 (118)
- September 2012 (30)
- August 2012 (30)
- July 2012 (39)
- June 2012 (35)
- May 2012 (38)
- April 2012 (23)
- March 2012 (32)
- February 2012 (33)
- January 2012 (6)
- June 2010 (1)
- March 2010 (1)
- February 2010 (3)




















