www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Sunday, November 11, 2018

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသိန်း ပေးအပ် လှူဒါန်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသိန်း ပေးအပ် လှူဒါန်း
ရန်ကုန် နိုဝင်ဘာ ၁ဝ
 -
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသိန်းပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။
-
အခမ်းအနားတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်၏ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် JMC လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
-
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က 'JMC ဟာ လက်နက်ကိုင် အဖွဲ့တွေကြားမှာ ပစ်ခတ်တိုက်ခိုက် မှုမဖြစ်အောင် စောင့်ကြည့်ရတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုစောင့် ကြည့်တဲ့နေရာမှာ JMC အဆင့်ဆင့်က အရပ်သား ကိုယ်စားလှယ်များကို ပါဝင်စေပြီးမှ အရပ်သား အဖွဲ့အစည်းတွေက စောင့်ကြည့်တဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ JMC က ဆောင်ရွက်တာဖြစ် ပါတယ်။
-
အခုဆိုရင် စောင့်ကြည့်ရေးလုပ်ငန်းတွေ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ အရပ်သား စောင့် ကြည့်ရေး ကိုယ်စားလှယ် Local Civilian Monitor ကိုလည်း ဖွဲ့စည်းသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သက်ဆိုင်ရာ နယ်မြေတွေမှာ ဖွဲ့စည်းပြီး စောင့်ကြည့်ရေး လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပြီး ပြည်သူလူထု ပူးပေါင်းပါဝင် ဖို့အတွက် အသိပညာပေးခြင်း လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ နယ်ပယ်တွေမှာ JMC လုပ်ငန်း တွေ သိရှိအောင် လူထုတွေ့ဆုံမှုအစည်းအဝေးတွေကို ဆောင်ရွက်လျက်ရှိပါတယ်'' ဟုပြောသည်။
-
JMC ယန္တရားလည်ပတ်နိုင်ရေးအတွက် နည်းပညာနှင့်ရန်ပုံငွေများကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နော်ဝေနှင့် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများက ထောက်ပံ့ပေးလျက်ရှိပြီး ၂ဝ၁၈-၂ဝ၁၉ တွင် JMC အဆင့်ဆင့်၏ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။
-
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းက ''တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အလေးထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ရှင်းလင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာက မြန်မာနိုင်ငံအနေနဲ့ တည် ငြိမ်အေးချမ်းရေးရရှိပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံအနေ နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိစ္စ တွေနဲ့ပတ်သက်ပြီးတော့လည်း တတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ထောက်ခံပေးတဲ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ JMC-U စတဲ့ အဖွဲ့အစည်းတွေကိုလည်း ငွေရေးကြေးရေးအရ ကူညီနေပါတယ်။ အခု JMC ကိုလှူဒါန်းတဲ့ငွေဟာ အမေရိကန်ဒေါ်လာ သုံးသန်းပေးအပ် လှူဒါန်းတဲ့ စီမံကိန်းရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်လိုအပ်ချက်အရ၊ JMC-U လိုအပ်ချက်အရ ဆက်လက်ပြီးတော့လည်း ထောက်ပံ့ကူညီဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ ကျွန်တော် အလေးထားပြီး ပြောကြားလိုတာက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အားကိုးယုံကြည်နိုင်တဲ့ နိုင်ငံပဲဖြစ်တယ်လို့ ပြောချင်ပါတယ်''ဟုပြောသည်။
-
ဆက်လက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ဒေါ်လာသုံးသိန်းကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူသည်။
-
အဆိုပါ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော JMC-U ကော်မတီဝင်များ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 31, 2018

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ
ရန်ကုန် အောက်တိုဘာ ၃ဝ 
-
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟို ဌာန(NRPC) ၌ ကျင်းပသည်။
-
အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်   အစိုးရ၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စုအဆင့်၊   တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့်   ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး ၁၄ ဦးနှင့် အထောက်အကူပြုဝန်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။
-
JMC  အဆင့်ဆင့်၏  အတွင်းရေးမှူး(၁)တာဝန်ကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များက လည်းကောင်း၊ အတွင်းရေးမှူး(၂)တာဝန်ကို အစိုးရ၊ တပ်မတော်သား ကိုယ်စားလှယ်များက လည်းကောင်း  တာဝန်ယူဆောင်ရွက်ကြသည်။
-
JMC-U  အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က'' JMC-U နဲ့ပတ်သက်ပြီး  ပဋိပက္ခဖြစ်ပွားတဲ့   နယ်မြေဒေသတွေမှာ JMC အဆင့်ဆင့်ကို ဖွဲ့စည်းပြီးတော့  JMCလုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ စည်းကမ်းတကျ   ဆောင်ရွက် လျက်ရှိတယ်။
-
ဆောင်ရွက်တဲ့အခါမှာလည်း  သတ်မှတ်ထားတဲ့၊ အတည်ပြုပြဋ္ဌာန်းထားတဲ့ လုပ်ငန်းလမ်းညွှန် (ToR) တွေ၊ လုပ်ထုံးလုပ်နည်း(SoP)တွေ ရေးဆွဲပြီးတော့ သဘောတူထားတဲ့ အတိုင်း လက်ရှိလည်း ဆောင်ရွက်နေပါတယ်။
-
 JMC ဟာဆိုရင် စောင့်ကြည့်ခြင်း၊ စိစစ်ခြင်းတွေ၊ ပဋိပက္ခဖြေရှင်းခြင်းတွေကို လုပ်ကိုင်တာဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် တိုင်ကြားတာတွေ၊ ကန့်ကွက်တာတွေ၊ ပဋိပက္ခဖြစ်ပွားခြင်းတွေကို သုံးသပ်ရပါတယ်။ ဒါကြောင့် သုံးသပ်တဲ့ဖြစ်စဉ် သုံးသပ်ရေး အစည်းအဝေးတွေကို  မဖြစ်မနေ လုပ်သွားကြရမှာဖြစ်တယ်။ JMC လုပ်ငန်းတွေ ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက်လည်း နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့တွေကို   ဖွဲ့စည်းပေးထားတာဖြစ်ပြီး လုပ်ငန်းတွေ အောင်မြင်အောင် လုပ်ကိုင်နိုင်ဖို့  အတွင်းရေးမှူးတွေကပဲ  ထိန်းသိမ်းကြပ်မတ် ပေးရမှာဖြစ်ပါတယ်။   အချို့ JMC-S တွေမှာ ယန္တရားလည်ပတ်မှု နှောင့်နှေးနေတာ   တွေ့ရပါတယ်။
-
ဘယ်မှာအခြေခံလဲဆိုတော့ ကျွန်တော်တို့  ရေးဆွဲထုတ်ပြန်ပြီး  လိုက်နာကျင့်သုံးရမယ့်   လုပ်ငန်းလမ်းညွှန် (ToR)၊ လုပ်ထုံးလုပ်နည်း(SoP)တွေ အတိုင်း လိုက်မလုပ်တော့ နားလည်မှုလွဲတဲ့ဘက်ရောက်ပြီး နှောင့်နှေးကြန့်ကြာ မှုတွေ ရှိပါတယ်။  ဘာကြောင့် ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရပါမယ်''   ဟု   ပြောသည်။
-
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အဆင့်ဆင့်၏   အတွင်းရေးမှူးများ ဒုတိယအကြိမ်  အစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် မှ ၃၁ ရက်(ယနေ့)အထိ   နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Sunday, October 14, 2018

နိုင်ငံတော် အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ

နိုင်ငံတော် အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော် အောက်တိုဘာ ၁၃
-
နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA-S EAO အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယခုအစည်းအဝေးသို့ တက်ရောက် လာကြသူများ အနေဖြင့် မကြာခဏ တွေ့ဆုံနေကြသူများဖြစ်သည့်အတွက် ရင်းနှီးနေကြပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ မကြာမီ ကျင်းပမည့် အစည်းအဝေးတွင် ရလဒ် ကောင်းများထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ပေးကြ စေလိုကြောင်း ပြောကြားသည်။
-
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ် ထူးဝင်းက ယခု အစည်းအဝေး၌ ရှေ့တွင်ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တက်ရောက် လာကြသူများက ညှိနှိုင်းပြီး မကြာမီကျင်းပမည့် အစည်းအဝေး အောင်မြင်မှုများ ရရှိစေရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်သင့် သည်များကို ညှိညှိနှိုင်းနှိုင်း နားလည်မှုရှိရှိဖြင့် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ တက်ရောက် လာကြသူများက ၂ဝ၁၈ ခုနှစ်တွင် (၂၁)ရာစုပင်လုံညီလာခံတစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် ပင်လုံညီလာခံ နှစ်ကြိမ်ကျင်းပမည်ဖြစ်၍ ယင်းပင်လုံညီလာခံ သုံးကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘော တူညီချက် ရရှိရန် လိုအပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ကိစ္စများ၊ လက်ရှိနိုင်ငံရေး ဆွေးနွေးပွဲပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင်ဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွင် ခေါင်းဆောင်များ အကြား သဘောတူညီချက်ရရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စ၊ NCA လက်မှတ် မ ရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံး ပါဝင်အောင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရေးနှင့် အထွေထွေ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
-
ယင်းနောက် NCA-S EAO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ဖဒို စောကွယ် ထူးဝင်း နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက နိဂုံးချုပ် အမှာစကားပြောကြား ကြသည်။
-
အစည်းအဝေးသို့ နိုင်ငံတော် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့ နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်း ရေးမှူး ဦးခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဦးအောင်စိုး၊ ဦးအောင်ကြည်ညွန့်နှင့် ဦးဇော်ဌေး တို့တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ဘက်မှ ကရင်အမျိုးသား အစည်း အရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်း၊ ချင်းအမျိုးသား တပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လျန် မှုန်းဆာ ခေါင်းနှင့် အထွေထွေ အတွင်းရေးမှူး ဆလိုင်း ထလာဟေး၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)မှ ဗဟို အလုပ် အမှု ဆောင်ကော်မတီဝင် ဒေါ်စောမြ ရာဇာလင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) အတွင်းရေးမှူး ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)  ဒုတိယ ဥက္ကဋ္ဌ ကြာဆော်လမွန် တို့ တက် ရောက်ကြကြောင်း သိရသည်။
-
မျိုးမြင့်၊ ဟန်လင်းနိုင်
#မြ၀တီနေ့စဉ်သတင်းစာ

Saturday, October 13, 2018

လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ နေပြည်တော်သို့ရောက်ရှိ

လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၁၂
-
နေပြည်တော်၌ကျင်းပမည့် နိုင်ငံတော်အစိုးရနှင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဒေါ်စောမြရာဇာလင်း၊  ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့  (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်နှင့် တာဝန်ရှိသူများသည်  ယနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။
-
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား တာဝန်ရှိသူများ က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တနေထိုင်တည်းခိုမည့် သတ်မှတ် နေရာများသို့ ပို့ဆောင်ပေးကြသည်။
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် (JMC-U) ကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံသို့ သွားရောက်



ရန်ကုန်  အောက်တိုဘာ  ၁
-
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် (မင်္ဂလာဒုံ) မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ထွက်ခွာကာ  ထိုမှတစ်ဆင့်  နီပေါနိုင်ငံ  ခတ္တမန္ဒူလေဆိပ်သို့ ဆက်လက် ထွက်ခွာ ခဲ့ကြောင်း သိရသည်။
-
(JMC-U) ကိုယ်စားလှယ် အဖွဲ့၏ နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်ကို မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေ သံရုံးက စီစဉ်ပေးခြင်းဖြစ်ပြီး  ခရီးစဉ်မှာ  ခြောက်ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း  (JMC-U) မှသိရသည်။
-
(JMC-U) ၏ ခြောက်ရက်တာ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်အတွင်း နီပေါနိုင်ငံ ဒုတိယ သမ္မတ H.E. Mr. Nanda  Kishor  Pun ၊ နိုင်ငံခြားရေးဝန်ကြီ H.E. Mr. Pradeep Gay-wall အပါအဝင် အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလ အတွင်း ပါဝင်ခဲ့သူများနှင့် တွေ့ဆုံကာ နီပေါနိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်မှု ဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်သည်။
-
နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေး ခရီးစဉ်သို့  (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ(၂)စိုင်းမျိုးသန့်၊  (JMC-U) အဖွဲ့ဝင် များဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး အပါအဝင် စုစုပေါင်း ကိုယ်စား လှယ် အဖွဲ့ဝင် ၁၅ ဦး လိုက်ပါခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 24, 2017

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထား


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် 
အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) မှ အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၄-၁-၂၀၁၇

NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆိုပြုချက်များ အပေါ် အခြေခံ၍ လေးနှစ်ခန့်အချိန်ယူ ဆွေးနွေးရေးဆွဲပြီး လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကိုလည်း NCA အပေါ်တွင်သာ အခြေခံပြီး ဆက်လက် လုပ်ဆောင်နေကြောင်း တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲ တံခါးဖွင့်ထားပြီး ယင်းညီလာခံ အောင်မြင်စေရန် ဝိုင်းဝန်းလုပ်ဆောင် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) မှ အဖွဲ့ဝင်များနှင့် လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST) ဥက္ကဋ္ဌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ခွန်စိုင်း တို့ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ခဲ့မှုနှင့် NCA လက်မှတ်ရေးထိုး ခဲ့မှု အခြေအနေ များ၊ တိုးတက်မှုအတွက် ညီညွတ်မှုဖြင့် စည်းကမ်း ဥပဒေနှင့်အညီ ထိန်းသိမ်း လုပ်ဆောင်ကြရန် လိုအပ်သည့် အခြေအနေများ၊ နှစ် ၇ဝ ခန့် ဖြတ်သန်းခဲ့ ရသည့် အတွေ့အကြုံများ အရ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါး ကို လုံးဝအထိအပွန်း မခံနိုင်သည့် အခြေအနေ နှင့် ငြိမ်းချမ်းရေးမူ ၆ ရပ်ချမှတ်ပြီး အလေး ထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြား၍ အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး မူဝါဒများ၊ မိမိ အဖွဲ့အစည်း၏ မူဝါဒများ အပေါ်တွင် အခြေခံ၍ အကြိမ်ကြိမ် အခါခါတွေ့ဆုံ ဆွေးနွေးပြီးမှ NCA ကို လက်ခံ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်၍ NCA ၏ မူဝါဒ များကိုသိရှိပြီး အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြရန် လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးစေးဖိုး က နိုင်ငံရေးအရ အမြင့်ဆုံး အဆင့်ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများသည် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ နိုင်ငံရေး အရသာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရမည်ဟု
ခံယူကြောင်း၊ မိမိတို့အဖွဲ့ အနေဖြင့် NCA ကို အခြေခံပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော် တို့နှင့်အတူ ငြိမ်းချမ်းရေးကို ရရှိသည်အထိ ဆက်လက်ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြား၍ အဖွဲ့ဝင်များက လတ်တလော ရင်ဆိုင်နေရသည့် အခြေအနေ အခက်အခဲများ၊ ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွား ရမည့် လုပ်ငန်း အခြေအနေ များကို ဆွေးနွေး တင်ပြကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် NCA နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည့် အခြေအနေများ၊ လတ်တလော ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ၏ ပကတိ အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ကြုံတွေ့ ခဲ့ရသည့် ပြဿနာ အခြေအနေများ၊ ဥပဒေနှင့်အညီ စဉ်းစား လုပ်ဆောင်ရန် လိုအပ်မှုများ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ယန္တရား လျင်မြန်ရေး ကိစ္စရပ်များကို ပြန်လည် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, August 1, 2016

လာလိုလျှင်အနီးကလေး စောင့်လို့ကြိုနေသည်


လာလိုလျှင်အနီးကလေး စောင့်လို့ကြိုနေသည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၆၈ နှစ်ကြာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့ကြရာ အပြည့်အဝ အောင်မြင်မှု မရသည့် တိုင်အောင် သူ့ခေတ်သူ့အခါ အလျောက် အတိုင်းအတာ တစ်ခုအထိ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့ကြ သည်။ ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် ကြိုးပမ်းအားထုတ် ကြသော ပုဂ္ဂိုလ်အားလုံး တို့သည် တိုင်းရင်းသား ပြည်သူအားလုံး တို့၏ အရေးကို ဦးစားပေး ကြရပေမည်။

လူတို့ဘဝခရီးနှင့် မြစ်ရေစီးကြောင်း တို့ကို ဥပမာပြုရသော် မြစ်ရေတို့မှာ မြစ်ဖျားခံရာ ဒေသမှ မြစ်ဝသို့ တိုင်အောင် မြစ်ဝသို့စီးဆင်းရာ တစ်လျှောက်လုံး သာယာ ညီညွတ်စွာ စီးဆင်းကြရသည် မဟုတ်ဘဲ မြေညီသော အရပ်၌ ရေစီးသာသည့် အခါသာလျက် မြေမညီမညာ သည့်အခါ မညီညာသည့် အလျောက် မြင့်တစ်ခါ နိမ့်တစ်လှည့် လှိုင်းဂယက်ထ၍ လည်းကောင်း၊ ကွေ့ကောက်၍ လည်းကောင်း စီးဆင်းကြသည်။ မြစ်ကြောင်း ကျဉ်းကျပ်၍ မညီမညွတ် ကျောက်ဆောင်များ ခုခံနေသည့် နေရာများ၌ ပြင်းထန်သော လှိုင်းဂယက် ထကြွသည့်အပြင် ဝဲကတော့ ဖြစ်လျက် ကြောက်မက်ဖွယ် အသံကိုပါ ပြုတတ်သည့် သဘာဝရှိသည်။

မြစ်တို့ စီးဆင်းသည့် သဘာဝနည်းတူ လူတို့ဘဝခရီး လျှောက်လှမ်းကြ ရာတွင်လည်း ကာလဒေသ ညီညွတ်သော အခါ ကျပ်တည်း ကျဉ်းမြောင်းမှု မရှိ၊ အဟန့်အတား မရှိ ဖြောင့်ဖြူးသာယာ ကြသည်။ ကာလဒေသ မညီညွတ်သော အခါ ကျပ်တည်း ကျဉ်းမြောင်းမှု နှင့် အဟန့်အတား တို့ကြုံတွေ့ရခြင်း ကြောင့် လိုရာခရီးသို့ မရောက်နိုင်ဘဲ ရှိတတ်သည်။ ကာလဒေသ တူညီသော်လည်း တွေ့ကြုံရသည့် အခက်အခဲ မတူညီသော သာဓက ပြရသော် မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းကျိုးကျေးရွာ အုပ်စု ထုံးမကြီး ကျေးရွာမှ လူနေအိမ် များအား ဧပြီလ အတွင်းက ဧရာဝတီမြစ်ရေ တိုက်စားသဖြင့် အိမ်ထောင်စု တစ်ရာကို မြစ်ကမ်းပါးနှင့် ပေ ၇ဝဝဝ ကျော်ခန့် ဝေးသောနေရာသို့ ပြောင်းရွှေ့နေရာ ချထားပြီး ရွာသစ်တည်ပေး ခဲ့ရသည်။ ရေစကြိုမြို့နယ် အတွင်းမှာပင် ကုန်းတွင်းကျသော ကျေးရွာများ၌ ရာသီဥတု ပူပြင်းခြောက်သွေ့ မှုကြောင့် သောက်သုံးရေ လိုအပ်လျက် ရှိသော သံပြာချောင်း၊ ဥက္ကံ၊ သရက်ပင်ကန်၊ ကွမ်းသီးကန်၊ ကံပေါက် စသည့် ရှင်မတောင် သနပ်ခါး စိုက်ပျိုး ထုတ်လုပ်ရာ ကျေးရွာများသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အလှူရှင်များက မြို့နယ်မီးသတ် ဦးစီးဌာန ရေသယ်ယာဉ် အကူအညီဖြင့် သွားရောက် လှူဒါန်းကြ ရသည်။

ကာလဒေသ တူညီပါလျက် အခက်အခဲနှင့် ကြုံတွေ့ရပုံ မတူညီမှုများ ရှိသကဲ့သို့ အမြင်အားဖြင့် အနီးနှင့်အဝေး၊ အကြီးနှင့်အသေး ဆိုသည်များ မှာလည်း ရှုမြင်သူ၏ ရပ်တည်ရာဌာန အပေါ်၌သာ တည်သည်။ ရပ်တည်ချက် တူညီလျှင် အမြင်ချင်း တူညီကြမည်သာ ဖြစ်သည်။ အမြင်ချင်း တူညီလျှင် မျှော်မှန်းချက် တူညီကြခြင်း ကြောင့် လက်တွေ့ ဆောင်ရွက်ချက် များလည်း တူညီကြမည်သာ ဖြစ်သည်။ လူတို့ဘဝ၌ ကံကောင်းခြင်း ဆိုသည်မှာ ကောင်းကင်တွင် ရှိသော နဂါးငွေ့နှင့် တူပေသည်။ နဂါးငွေ့သည် ကြယ်ကလေးပေါင်း ထောင်သောင်းများစွာ တွေ့ဆုံ ပေါင်းစည်းရာ ဖြစ်၍ တစ်လုံးစီ မမြင်နိုင် သော်လည်း အတူစုဝေးလျက် လင်းလက်တောက်ပ နေသည့်အလား ကောင်းမြတ်သော အရာ၊ ကောင်းမြတ်သော စေတနာတို့ကြောင့် လူ့ဘဝ၌ ကံကောင်းခြင်း ဖြစ်ပေါ်လာသည် ဟု ဆိုကြသည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားပြည်သူ အားလုံး ကံကောင်းကြ စေခြင်းငှာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်လိုသူ များအတွက် လာလိုလျှင် အနီးကလေး ပေမို့ နိုင်ငံတော် အစိုးရ၊ ပြည်သူနှင့် တပ်မတော် တို့က လက်ကမ်းကြိုဆို နေကြသည်ကို တွေ့မြင် နိုင်သည်။

သို့ဖြစ်၍ အထက်တွင် ဆိုခဲ့သော သာဓကများအရ ကာလဒေသ ပယောဂ အလျောက် တွေ့ကြုံရမြဲ ဖြစ်သော လောကဓံကို ကြံ့ကြံ့ခံနိုင်သော သည်းခံခြင်း တရားနှင့် အခက်အခဲကို စုပေါင်းဖြေရှင်း ခြင်းဖြင့် လူမှုဒုက္ခများကို ကျော်လွှား နိုင်မည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိကြောင်း မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

Sunday, July 31, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ပြီးဆုံး ၊ ဖြည့်စွက်ပြင်ဆင်ချက် များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့



မိုင်ဂျာယန် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက် မှ ၃ဝ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တွင် အဓိက ရည်ရွယ်ချက် နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်း နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေး ချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက် များဖြင့် ဘုံသဘောထား များကို ရယူစုစည်း နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပဉ္စမနေ့ အစည်းအဝေး ကိုနံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင် ရေးသားထားသည့် စာတမ်းများအား တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန် ကြေညာချက်အား ဖတ်ကြား အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ ကြသည်။

ယမန်နေ့ အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့ပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ကျေးဇူးတင် စကား ပြောကြား၍ သဘာပတိက အခမ်းအနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, July 29, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ



မိုင်ဂျာယန် ၊ ၂၉-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေး တွင် ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ တင်သွင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။

အလှည့်ကျ သဘာပတိ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ''မနက်ဖြန် ကျရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မူဘောင် သုံးသပ်ချက် (Political Framework Review) အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီ နှစ်ခု လုပ်ထားပါတယ်။ ဆပ်ကော်မတီ(၁) မှာကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်းမယ်။ အဲ့ဒီအပေါ်မှာ အားလုံးရဲ့ခံယူချက် လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အားလုံး ပေါင်းလိုက်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံကို တက်ရောက် နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိ လိမ့်မယ်လို့ မြင်ပါတယ်'' ဟု သြဂုတ် လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရန် အတွက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဆွေးနွေးလျက် ရှိသည့် အကြောင်းအရာ များအားလုံး ဘုံသဘော တူညီမှုများ ချမှတ်နိုင်ရန် အတွက် အစည်းအဝေးကို မူလက ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်တာ ကျင်းပရန် သတ်မှတ်ထား သော်လည်း ဇူလိုင် ၃ဝ ရက်အထိ ရက်တိုး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, July 28, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ်

မိုင်ဂျာယန် ၊ ၂၈-၇-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တက်ရောက်နိုင်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် နိုင်ငံရေး ဘုံသဘော တူညီချက်များ ရယူနိုင်ရန် ရည်ရွယ် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေးတွင် သဘာပတိ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှင့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တစ်စုတစ်ဖွဲ့တည်း တည်ဆောက်နိုင် မည် မဟုတ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မှ သာလျှင် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေး တွင် အားလုံး ဝိုင်းဝန်း ဆွေးနွေးကြပြီး တူညီသော ဘုံသဘော ရပ်တည်ချက်များ ချမှတ်နိုင်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ယနေ့ အစည်းအဝေး အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ - ၁ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဦးဆောင်သူ ကိုးဦးတို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

Wednesday, July 27, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတင်ကျင်းပ


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပစဉ် ၊ ဓာတ်ပုံ-ဖိုးထောင်

မိုင်ဂျာယန် ၊ ၂၇-၇-၂၀၁၆

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ စတင် ကျင်းပသည်။

အစည်းအဝေးနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက် တစ်ရပ်၌ အစည်းအဝေး၏ တရားဝင် ခေါင်းစဉ်အမည် သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေး သဘာပတိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လ က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် မိမိတို့ UNFC ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ် တွေ့ဆုံခဲ့စဉ် တွင်လည်း တိုက်ပွဲကိစ္စများ ဖြေရှင်းသွားရန် တင်ပြခဲ့ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံ ညီလာခံသည် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြားတွင် ထားရှိခဲ့ကြသည့် နိုင်ငံရေး ပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်ရန် လိုအပ်မည် ဖြစ်သည်ကို တိုက်တွန်းပြောဆို ခဲ့ပါကြောင်း။

မိမိတို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆက်စပ် ပတ်သက်နေသော တိုင်းရင်းသား ပြည်သူများ၊ လူမှု အဖွဲ့အစည်း များ၏ တည်ရှိမှုသည် ကာလဒေသ အပေါ်မူတည်ပြီး မတူကွဲပြားမှုများ ရှိနေပါကြောင်း၊ ယနေ့ ယခုအချိန်၏ နိုင်ငံရေး အခင်းအကျင်း တွင် မိမိတို့ တိုင်းရင်းသား များအကြား စုစည်း ညီညွတ်မှုရှိရန် လွန်စွာ အရေးကြီးသည့် အချိန်အခါ ဖြစ်ကြောင်း။

တစ်ဖက်တွင် အစိုးရဘက် ကလည်း နိုင်ငံရေး ပြဿနာများကို ဆွေးနွေး အဖြေရှာနိုင်မည့် အခင်းအကျင်းကို ဖော်ဆောင် နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို ပြုလုပ်သွားမည့် အစီအစဉ် ရှိနေကြောင်း၊ တိုင်းရင်းသား များဘက် ကလည်း ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော်သွား နိုင်မည့် ဘုံသဘောထားများ သဘောတူ ချမှတ်သွား နိုင်ရန် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့ မျက်နှာစုံညီ အစည်းအဝေးကြီး မှ အားလုံးလက်ခံ သဘောတူညီ နိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ သဘောတူ ချမှတ်သွား နိုင်လိမ့်မည်ဟု လည်း ယုံကြည်ကြောင်း၊ တစ်ဆက်တည်း တင်ပြလို သည်မှာ ယခု မျက်နှာစုံညီ အစည်းအဝေးမှ သဘော တူညီချက် များကို မည်သို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဆိုသည့် အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးသွား စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ဤ အစည်းအဝေး ကို အဓိက ရည်ရွယ်ချက် နှစ်ရပ်အပေါ် အခြေပြုပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပထမ ရည်ရွယ်ချက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် အကြိုညှိနှိုင်းရေး ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်မှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ပင် ဖြစ်ကြောင်း။

ယင်း ရည်ရွယ်ချက် နှစ်ရပ် ထမြောက် အောင်မြင်ရန် အတွက် ခေါင်းစဉ်လေးခု ကို အခြေခံပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကျင်းပရေး ကော်မတီ အနေဖြင့် ပြင်ဆင် ထားကြောင်း၊ ပထမ ခေါင်းစဉ်မှာ ပင်လုံလက်စွဲ စာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဒုတိယမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ များအတွက် အခြေခံမူများ၊ တတိယ ခေါင်းစဉ်မှာ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူ များနှင့် နောက်ဆုံး ခေါင်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသူများ အနေဖြင့် အလေးအနက် ထားပြီး စိတ်ရှည် သည်းခံမှုနှင့် မေတ္တာ စေတနာ ရှေ့ထားပြီး အပြန်အလှန် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြင့် တင်ပြဆွေးနွေး ကြရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တို့က အမှာစကား ပြောကြား ကြသည်။

ယမန်နေ့ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၊ ချင်း အမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA) ၊ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)၊ မွန်ပြည်သစ်ပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) (မိုင်းလား)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့(UNA) ၊ ''ဝ'' အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ပြည်ထောင်စု အင်စတီကျူ့ (PI) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)တို့ တက်ရောက် ကြသည်။

ယမန်နေ့ အစည်းအဝေးသို့ TNLA (တအာင်း ပလောင်)၊ MNDAA (ကိုးကန့်)၊ NSCN-K (နာဂ)၊ UWSA ''ဝ'' တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း သိရှိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Thursday, June 30, 2016

မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေမရပ်တည်ဘဲ ပြည်ထောင်စုစိတ်ဓာတ် ၊ တစ်နည်းအားဖြင့် မြန်မာစိတ်ဓာတ်ဖြင့် လုပ်ဆောင်သွားပါက မိမိတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ် 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team - PPST ) အား လက်ခံ တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) လုပ်ငန်းများ အောင်မြင်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ဆန္ဒရှိကြောင်း ၊ လွတ်လပ်ခြင်း ၊ ညီညွတ်ခြင်း ၊ မျှတခြင်း ဆိုသည့် လောကပါလ တရားနှင့်အညီ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ကို လျှောက်လှမ်း ကြရာတွင် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ရှိရန်လိုကြောင်း ၊ မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေ မရပ်တည်ဘဲ ပြည်ထောင်စု စိတ်ဓာတ် ၊ တစ်နည်း အားဖြင့် မြန်မာစိတ်ဓာတ် ဖြင့် လုပ်ဆောင် သွားပါက မိမိတို့ လျှောက်လှမ်း နေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Peace Process Steering Team - PPST အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ဘောင်ခေး၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသား တပ်ဦး (cNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA (PC) မှ နော်ကပေါ်ထူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (KKO) မှ စောမိုရှေး နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ၊ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်လှမ်း နိုင်ရေးအတွက် အဓိက လိုအပ်ချက် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင် ပြီးစီးရေး ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ပထမ သက်တမ်း ကာလ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရရှိရန် ကမ်းလှမ်းချက် အပေါ် မူတည်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ကောင်းမွန်သည့် အပြုသဘော တုံ့ပြန်ချက် များဖြင့် ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ခရီးလမ်းတစ်ခု အထိ ရောက်ရှိပြီး NCA လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုး ခဲ့သည့် အဖွဲ့အစည်း များသည် ထူးခြားသော ဝိသေသ ရှိသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ လက်ရှိအစိုးရ ကဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပရန် လုပ်ဆောင် နေကြောင်း၊ ၆ နှစ်တာ ကာလ ဖြတ်သန်းခဲ့ ရမှု အတွေ့အကြုံ အရ နိုင်ငံသူ နိုင်ငံသား အားလုံး၏ ရပ်တည်မှုနှင့် နိုင်ငံသားများ၏ အခွင့်အရေး အတွက် ဥပဒေအရ ပေးထားသည် များရှိကြောင်း ၊ တချို့နေရာ များတွင်  လိုအပ်ချက် အရ တောင်းဆိုပိုင်ခွင့် ရှိသော်လည်း ပြန်လည် ပေးရမည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပိုင်း များတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရ၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၊ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါး ကို ခိုင်ခိုင်မာမာ ရပ်တည် ထားကြောင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေး ရာတွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ အရေးကြီး သည်မှာ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုပင် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် ညီညွတ်သော စိတ်ဖြင့် ၀ိုင်းဝန်း လုပ်ဆောင် ခြင်းဖြင့် အရှိန်အဟုန် မြန်ဆန်မည်ဟု ယုံကြည်ကြောင်း ၊ တပ်မတော် အနေဖြင့်လည်း ၄င်းစိတ်ဓာတ်ဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုး နှင့်အဖွဲ့ဝင် များက PPST ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားရှိမှု အခြေအနေ များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ PPST အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် CNA ၌ လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ပါဝင်နိုင်ရေး ဆွေးနွေးနေမှု အခြေအနေများ ၊ UPDJC နှင့် JICM ကော်မတီ အစည်းအဝေးများ ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေ များကို ရှင်းလင်း တင်ပြပြီး တစ်ဖွဲ့ချင်း အနေဖြင့်လည်း ဆက်ဆံရေး ရုံးများ တိုးချဲ့ ထားရှိရေး၊ JMC အနေဖြင့် အဆင့်ဆင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရေး၊ နှစ်ဖက်တပ်များ တပ်နေရာ ချထားရေး စသည်ဖြင့် အသီးသီး ဆွေးနွေး ကြသည်။

ယင်း ဆွေးနွေးချက် များအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က CNA တွင် ပါဝင် လက်မှတ်ရေးထိုး ရန်အတွက် မည်သည့် အဖွဲ့ကိုမဆို တပ်မတော်က ဖိတ်ခေါ် ထားကြောင်း၊ လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားလိုစိတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ခိုင်မာ သော စိတ်ရှိပါက လက်မှတ် မထိုးနိုင်စရာ မရှိကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရှိရန်လို သကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည် အပေါ် ယုံကြည် အားကိုးစိတ် ရှိရန်လည်း လိုအပ်ကြောင်း ၊  မိမိတို့ အနေဖြင့် တိုင်းပြည် အားသည် ပြည်တွင်း မှာသာ ရှိသည်ဆိုသည့်စိတ် ထား၍ ပါဝင် လက်မှတ် ရေးထိုးရန် စောင့်ဆိုင်း ကြိုဆိုနေကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပါဝင် တက်ရောက်ခြင်း၊ ပါဝင် ဆွေးနွေးခြင်း တို့သည် တပ်မတော်၏ သဘောထား တစ်ခုတည်း ဖြင့်မရဘဲ နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒ များကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအတွက် နိုင်ငံရေး ၊  နိုင်ငံ့အရေးများ လုပ်ဆောင် နိုင်ရန် နိုင်ငံရေး လမ်းကြောင်း ဖွင့်ပေးထား ခြင်းဖြစ်၍ မိမိ လုပ်ဆောင် လိုသည်ကို နိုင်ငံရေး နည်းလမ်းဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာ တွင်လည်း နေရာ (Place) နှင့် မြေ (Land) တို့သည် အရေးမကြီးဘဲ ပြည်သူက ထောက်ခံပြီး မိမိတို့ လုပ်ဆောင်သည့် နိုင်ငံရေး လမ်းကြောင်းကို မှန်မှန်ကန်ကန် လုပ်ဆောင် ပေးနိုင်ရန်သာ အရေးကြီး ကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားရှိဘဲ တိုင်းပြည်အတွက် ကြည့်စေလိုကြောင်း ၊ မိမိတို့လည်း ထိုစိတ်ဓာတ်မျိုး မွေး၍ လုပ်ဆောင် နေကြောင်း ၊ ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအရ လွတ်လပ်စွာ သဘောကွဲလွဲမှု ရှိသော်လည်း တိုင်းရင်းသား အရေးတွင် သဘော ကွဲလွဲမှုများ မရှိစေလိုကြောင်း၊ ရိုးသားစွာ ပြောဆိုရပါက တပ်မတော် အနေဖြင့် တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်မှုကို လုံးဝ မလိုလားကြောင်း ၊ သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်မှု ယန္တရားများ၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို နှောင့်ယှက် ထိခိုက်မှုများ မရှိစေရန် ကာကွယ်ရခြင်းသာ ဖြစ်ကြောင်း၊ တချို့လည်း စိုးရိမ်စိတ် ဖြင့် နယ်မြေ တည်ဆောက်မှု၊ အင်အား တည်ဆောက်မှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါက ယင်းသို့ လုပ်ဆောင်ရန် မလိုဘဲ ငြိမ်းချမ်းသည့် နည်းလမ်း ဖြင့်သာ လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ အလားတူ နေရာနှင့် မြေမှာ အရေးမကြီးဘဲ လူထု ယုံကြည်မှု ရရှိရန် လိုကြောင်း ၊ တပ်မတော် အနေဖြင့် လူထု ယုံကြည်မှု ရရှိအောင် ကြိုးစား တည်ဆောက် နေကြောင်း ရှင်းလင်း ပြောကြား၍ တစ်ဖွဲ့ချင်း၏ ဆွေးနွေးချက် များအပေါ် ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက် လာကြသည့် တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ် များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Thursday, February 25, 2016

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါး ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူများကို အမြဲကာကွယ်နေ



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် RCSS/ SSA-S အဖွဲ့နှင့် TNLA အဖွဲ့များ အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များတွင် တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူများကို ထိခိုက်မှု မရှိစေရေး အမြဲကာကွယ် နေကြောင်း ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ တတိယနေ့အဖြစ် ကျင်းပသည့် စတုတ္ထအကြိမ် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယမန်နေ့ ကျင်းပသည့် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ စတုတ္ထအကြိမ် အစည်းအဝေး တတိယနေ့ အပြီးတွင် အချက်သုံးချက် ပါသော ထုတ်ပြန်ချက် တစ်စောင် ကိုလည်း ထုတ်ပြန် နိုင်ခဲ့သည်။

အစည်းအဝေး အပြီး ညနေ ၅ နာရီခွဲတွင် MPC ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ JMC-U အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ''ဒီအစည်းအဝေး ကြီးမှာ ရှမ်းပြည်နယ်မှာ ဖြစ်ပွားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) နဲ့တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား ထိတွေ့မှု ဖြစ်စဉ်တွေကို လည်း ကျွန်တော်တို့ အားလုံးအရှေ့ မှာပဲ ဆွေးနွေး ခဲ့တယ်။

နှစ်ဖက်အဖွဲ့ တွေဟာ တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ တပ်မတော် အနေနဲ့တော့ ထိတွေ့မှု မရှိဘူး။ TNLA ကိုလည်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပေးပြီး ဖြစ်ပါတယ်။ အဲဒီအဖွဲ့ အနေနဲ့လည်း ကိုယ့်နယ်မြေ မှာပဲ ဆောင်ရွက်သွားဖို့ လိုပါတယ်။ နယ်မြေတွေ ကျော်လွန်ပြီး လှုပ်ရှားသွားလာ တာနဲ့ ပတ်သက် ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ ကိုလည်း ဆွေးနွေးဖြစ် ပါတယ်။ တပ်မတော် အနေနဲ့ ရှမ်းပြည်နယ် JMC-S အဖွဲ့ကို စာရွက်စာတမ်းနဲ့ အကြောင်းကြားစာ ပို့ခဲ့တယ်။ RCSS/SSA-S အဖွဲ့တွေ အနေနဲ့ နယ်မြေကျော်လွန် ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း နဲ့ သဘောတူ သတ်မှတ် ပေးထားတဲ့ နေရာကို ပြန်လည်ထွက်ခွာ ပေးဖို့ အချက်တွေ ပါရှိပြီး သက်ဆိုင်ရာ အဖွဲ့တွေကို လည်း စာပို့ခဲ့ ပါတယ်။ ဒီအပေါ်မှာ ယနေ့ နောက်ဆုံး သတင်းအရ RCSS/SSA-S အဖွဲ့တွေ အနေနဲ့ တိုက်ပွဲ ဖြစ်ပွားမှု အပြင်းထန်ဆုံး ကျောက်မဲမြို့နယ် တော့ဆန်ဒေသ ကနေ ထွက်သွားပေး ပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ ကလည်း ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်မှာ ပန်ဆင်ပြီး ပြည်သူတွေ ထိခိုက်အနာတရ မဖြစ်ဖို့ အမြဲ ကာကွယ်နေ သလို အခု ဖြစ်ပွားနေတဲ့ အဖွဲ့နှစ်ဖွဲ့ ကိုလည်း ကိုယ့်ဒေသ ကိုယ်ပြန်ပြီး ထွက်သွား စေလိုတဲ့ သဘောပဲ ရှိပါတယ်။ ရှမ်းပြည်နယ်မှာ JMC-S ဖွဲ့စည်းပြီးတဲ့ အချိန်ကနေ ယနေ့ထိ တပ်မတော်နဲ့ ကျန် လက်နက်ကိုင် အဖွဲ့တွေ ထိတွေ့မှု မရှိပါဘူး။ ငြိမ်းချမ်းစွာ ရှိနေပါတယ်။ ကော်မတီ အနေနဲ့လည်း တစ်လတစ်ကြိမ် အစည်းအဝေး တွေလုပ်ပါတယ်'' ဟု ပြောသည်။

JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ် က ''ဒီသုံးရက်တာ JMC-U အစည်းအဝေး ကြီးကနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် JMC-S တွေဖွဲ့ဖို့ ဆွေးနွေးနိုင်တယ်။ ဒီအပေါ် မှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ကြတယ်။ အဖွဲ့အစည်း အလိုက် လူပုဂ္ဂိုလ် တစ်ဦးချင်း အလိုက် အခြား အဖွဲ့အစည်း တစ်ခုခုက တိုက်ခိုက်လို့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီဆိုရင် JMC-S အဖွဲ့တွေ အနေနဲ့ အထူး စစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီး စစ်ဆေး ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ သွားမှာပါ။ ဒါ့အပြင် JMC-U က နှစ်လတစ်ကြိမ် ကျင်းပတာ ဖြစ်လို့ ဒီကြားထဲမှာ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ရင် ဆောင်ရွက်နိုင်ဖို့ JMC-U အနေနဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေပါဝင်တဲ့ အလုပ်အဖွဲ့ ၁၂ ဦးကို လျာထားပြီး ဒီနေ့မှာ ၁ဝ ဦးကို ရွေးချယ် ဖွဲ့စည်းနိုင် ခဲ့ပါတယ်။ အခုနောက်ပိုင်း ကာလတွေမှာ မြေပြင်မှာရှိ နေတဲ့ တပ်ဖွဲ့တွေရဲ့ အောက်ခြေ အဆင့်တွေ အထိ ခေါင်းဆောင် အချင်းချင်း အထိ အတွေ့တွေ များလာတာ တွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် တစ်ခုပါ'' ဟု ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွက် JMC-S ရုံးအား ဖေဖော်ဝါရီ ၂၅ ရက်တွင် JMC-U မှ ဖွင့်လှစ်ပေး သွားမည်ဖြစ်ပြီး လာမည့် ဧပြီလတွင် မွန်ပြည်နယ် JMC-S ရုံးအား ထပ်မံဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် မိန့်ခွန်း ပြောကြားစဉ်


နေပြည်တော်၊ ၁၂-၁-၂၀၁၆

၂၀၁၆ ခုနှစ်ရဲ့ နှစ်ဦးအစ အခါသမယမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အေးအတူ၊ ပူအမျှ စုစည်းတည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမိပြည်ထောင်စု နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် အမျှော်အမြင် ကြီးမားစွာ ယခုလိုတွေ့ဆုံ ဆွေးနွေးကြတဲ့ သမိုင်းဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော့်အနေနဲ့ စကားပြောကြားခွင့် ရတာကို ၀မ်းမြောက်ဂုဏ်ယူ ပါကြောင်း ဦးစွာ ပြောကြား လိုပါတယ်။ 

တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဖွဲ့ ခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ တိုင်းရင်းသား သွေးချင်းများ၊ ညီလာခံကြီး ဖြစ်မြောက်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပမ်း ခဲ့ကြသူ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ပြည်ထောင်စုသား အားလုံး “ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ” လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တွေ့ကြုံမှုများအရ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာနဲ့အညီ၊ ခေတ်နဲ့အမီ ဖွံ့ဖြိုးတိုးတက် လာစေဖို့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခြေခံ လိုအပ်ချက်အဖြစ် အစဉ်တစိုက် တည်ကြည် လေးနက်စွာ ခံယူကျင့်သုံးလျက် ရှိပါတယ်။ ဒီအချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက်လည်း တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ပြည်သူ အပေါ်မှာ မယိမ်းယိုင်တဲ့ သစ္စာတရားနဲ့ ခေတ်အဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံး လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေး ပဲ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေလိုသော စိတ်ရင်းအမှန်ဖြင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်လျက် ရှိပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာလည်း ယခင်အတွေ့အကြုံများ အရ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက်ကို ချမှတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ညီအစ်ကိုများအားလုံး ပြန်လည်သင့်မြတ်ရေး အတွက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ ရာမှာလည်း တန်းတူအခွင့်အရေး ပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာထောက်ထားမှု များနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်ရဲ့အကျိုးကို သယ်ပိုး ထမ်းဆောင်လိုတဲ့ စိတ်နဲ့ စိတ်ရှည်သည်းခံစွာ ဆွေးနွေးညှိနှိုင်း ခဲ့တဲ့အတွက် NCA (တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး အတည်ပြု ခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးမှု မရှိသေးတဲ့ အဖွဲ့များအပေါ် တပ်မတော်အနေနဲ့ သံသယစိတ် မထားဘဲ မိမိတို့စိတ်ဆန္ဒ အတိုင်း အချိန်မရွေး လက်မှတ်ရေးထိုး နိုင်ဖို့ တံခါးဖွင့်ထားသလို နိုင်ငံတော် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေး လိုလားတဲ့၊ ပြင်းပြတဲ့ဆန္ဒအမှန် ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးဟာ နှစ်ပေါင်း ၆၀ ကျော် ကြာရှည်နေပြီ ဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အတွက် ကဏ္ဍအသီးသီး ကနေ ပါဝင်ပတ်သက် နေတဲ့ Stakeholder တွေရဲ့ စိတ်ရင်းစေတနာကောင်း တွေနဲ့ မဆုတ်မနစ် ကြိုးပမ်းခဲ့ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီရလဒ် အခွင့်ကောင်းကို လက်မလွတ်တမ်း ဆုပ်ကိုင်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ လိုလားချက် ဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် ဖြစ်ပေါ်ရေး ကြိုးပမ်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရာမှာ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ သမိုင်းကြောင်း၊ စရိုက်လက္ခဏာနဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုက်ညှိပြီးမှသာ ဆောင်ရွက် အောင်မြင်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ကိုက်ညီတဲ့ Fit for All ပုံစံ၊ ပုံသေနည်း ဆန်ဆန် သီအိုရီပုံစံတွေ မရှိတဲ့အတွက် မြန်မာနဲ့ ကိုက်ညီတဲ့ ပုံစံကို ပုံဖော်ယူနိုင်မှ မိမိတို့ ကြိုးစား တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ် ခိုင်မြဲမှာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် ပါဝင်သင့် ပါဝင်ထိုက်သူများ စုံညီစွာ ပါဝင်ဆွေးနွေး ကြမှာဖြစ်လို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်တယ်ဆိုတာ အထင်အရှား တွေ့ရမှာဖြစ်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးဟာ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံတော်အတွက် သမိုင်းသစ်တစ်ခု၊ ဆက်လက် ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ များအတွက် ခြေလှမ်းသစ် တစ်ရပ် စတင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အ၀ မျှော်လင့်ပါတယ်။ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက်ပေးနိုင်မယ့် ညီလာခံကြီး အဖြစ်လည်း ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက် ကိုင်ဆောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်လို့ မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ် ရပ်စဲရေး ဖြေရှင်း ဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များ အတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မိမိနိုင်ငံမိမိ ကာကွယ်ရေးအတွက် တပ်မတော် တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံ အနေနဲ့လည်း ယင်းမူဝါဒ အတိုင်း ကျင့်သုံး ဆောင်ရွက်ပြီး မြန်မာ့ တပ်မတော်ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆို ပါကြောင်း ပြောကြား လိုပါတယ်။

ယနေ့ ပြည်ထောင်စု  ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပေါ်လာရေး အတွက် ၀ိုင်းဝန်းဆောင်ရွက် ခဲ့ကြသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် များနှင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြ သူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား လိုပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်ဟာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ စုစည်းထားတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/တိုင်း ဒေသကြီးတို့ အတွက် အာဏာသုံးရပ် ခွဲဝေခြင်းကဏ္ဍ၊ အခွန်အခခွဲဝေသုံးစွဲခြင်းကဏ္ဍ၊ သယံဇာတခွဲဝေသုံးစွဲခြင်းကဏ္ဍတို့ကို ရသင့်ရထိုက်သည်များ ရရှိရေး နှစ်ဦးနှစ်ဖက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။ ရသင့်ရထိုက်တဲ့ ပြဋ္ဌာန်းခွင့်များ ရရှိအောင်လည်း ညှိနှိုင်း ဆောင်ရွက်မှုတွေကို ထောက်ခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလ ကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်း ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ် စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရမယ့် မဟာဗျူဟာ ဟာ “ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ” ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှု တွေဟာ အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ် ကျွန်တော်တို့ မြန်မာ့ မျိုးဆက်တွေ အတွက် ဆိုတာ လေးလေးနက်နက် ခံယူပြီး စိတ်ရင်းစေတနာ မှန်မှန်နဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေ နဲ့လည်း အဖြစ်နိုင်ဆုံး/ အကောင်းဆုံး ဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွား ပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။



မြ၀တီနေ့စဉ်

Monday, December 14, 2015

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊ Disarmament, Demobilization and Reintegration- DDR နှင့် Security Sector Reform- SSR လုပ်ငန်းစဉ်များကို လေ့လာဆွေးနွေး ခဲ့ကြသော မြန်မာ့ တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၁၄-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုလံဘီယာ နိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအား သွားရောက် လေ့လာခဲ့သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)၊ NCA တွင် ပါဝင်လက်မှတ် ရေးထိုးပြီးဖြစ်သည့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော KNU, KNLA(PC), DKBA တို့မှ ဦးစောထူးထူးလေး၊ ဦးစောအိုင်းဇက်ဖိုး၊ ဦးစောမိုရှေး၊ ဒေါ်နော်ကပေါ်ထူး နှင့်အဖွဲ့ဝင်များ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) မှ တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

အဆိုပါ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့သည် ကိုလံဘီယာ နိုင်ငံ၌ ဒီဇင်ဘာ ၃ ရက်မှ ၁ဝ ရက်အထိ ကိုလံဘီယာ သမ္မတ သမ္မတ Juan Manuel Santos Calderon ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကိုလံဘီယာ တပ်မတော် ဒုတိယစစ်ဦးစီးချုပ် General Florez Aristizabal ၊ ငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Fabrizio Hochschild ၊ ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိ သူများအား တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်မှု အတွေ့အကြုံများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးနောက် DDR - SSR ကို ရက်ပေါင်း ၆ဝ အတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားရန် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ကြိုတင် သဘောတူညီချက် ရရှိထားမှု ခြေအနေများအား အသေးစိတ် လေ့လာဆွေးနွေး ခဲ့ကြပြီး Demobilization  အစီအစဉ်များ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကိုလည်း လေ့လာကြည့်ရှု ခဲ့ကြသည်။

ကိုလံဘီယာ အစိုးရအနေဖြင့် ၂ဝ၁၆ ခုနှစ် မတ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်အား အပြီးသတ် ဆောင်ရွက်သွားရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, December 3, 2015

ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အလို့ငှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ Disarmament, Demobilization and Reintegration - DDR နှင့် Security Sector Reform- SSR လုပ်ငန်းစဉ် များကို လေ့လာရန် တပ်မတော် နှင့် KNU အဖွဲ့ကိုယ်စားလှယ်များ ကိုလံဘီယာနိုင်ငံ သို့ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ ၊ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဦးစောထူးထူးလေး နှင့် အဖွဲ့ဝင်များ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၃-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် အလို့ငှာ ဒီဇင်ဘာ ၂ ရက်မှ ၁၁ ရက်အထိ ကိုလံဘီယာ နိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်နေရာ ချထားခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း၊ (Disarmament ၊ Demobilization ၊ Reintegration-DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှု (Security Sector Reform- SSR) လုပ်ငန်းစဉ်များ လေ့လာရန် အတွက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မင်းနောင်နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဦးစောထူးထူးလေး၊ ဦးစောမိုရှေး၊ ဒေါ်နော် ကပေါ်ထူး နှင့် အဖွဲ့ဝင် များသည် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီး များက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ပို့ဆောင် နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Friday, October 16, 2015

နိုင်ငံတော်သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ကြပြီ


နိုင်ငံတော်သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ကြပြီ

လောက နိယာမအရ လူတို့၏စိတ်နှင့် စပ်ဆိုင်သမျှ သဘာဝတရား တို့သည် ကြံစည်ခြင်း၊ ပြောဆိုခြင်းနှင့် ပြုမူခြင်း ဟူသမျှတို့သည် စိတ်သာလျှင် ရှေ့သွား ရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီး ကုန်၏။ တစ်စုံတစ်ယောက် သောသူသည် ကြည်လင်သော စိတ်ဖြင့် ပြောဆို၊ ပြုမူ၊ ကြံစည်ခြင်း ကြောင့် ထိုသူ၏ နောက်သို့ အရိပ်သည် အစဉ်လိုက် သကဲ့သို့ ချမ်းသာသည် အစဉ်လိုက်၏။ ဤလောက၌ ရန်သူတို့သည် ရန်တုံ့မူ ခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းကုန်၊ ရန်တုံ့မမူ သဖြင့်သာလျှင် ရန်တို့ ငြိမ်းကုန်၏။ ဤသို့ ရန်တုံ့မမူ သဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ ဓမ္မတာ သဘောပေတည်း ဟူ၍ ဓမ္မပဒ၌ လမ်းညွှန်ပြဆို ထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှစ၍ ခေတ် အဆက်ဆက် အစိုးရတို့သည် ပြည်တွင်း ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့ ကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှစ၍ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ (NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ (MPC) တို့၏ ကြိုးပမ်းမှုကြောင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့သည် အောက်တိုဘာ ၁၅ ရက်တွင် ပြည်တွင်းပြည်ပမှ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ ကြပြီးဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုး နိုင်ရန် အဆင့်ဆင့် ကြိုးပမ်းခဲ့ကြ ရာတွင် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် လိုင်ဇာ ထိပ်သီး ညီလာခံ၌  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ရေးဆွဲရေး သဘောတူညီမှု ရရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် မတ် ၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းမှု အဖွဲ့တို့ တွေ့ဆုံ၍ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပထမဆုံး အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၈ ရက်တွင် နှစ်ဖက်မှ တင်ပြ လာကြသော အချက်အလက် များကို စုစည်း၍ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA Single Text) အဖြစ် ပေါင်းစည်းရေးသား နိုင်ခဲ့သည်။

၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(မူကြမ်း) ရရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇွန် ၂ ရက်တွင် လော်ခီးလာ ထိပ်သီး ညီလာခံ ကျင်းပ၍ အထက်ပါ စာချုပ် မူကြမ်းအား ဆွေးနွေးညှိနှိုင်း ကြပြီး သြဂုတ် ၇ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ ကြသည်။

စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး နိုင်ရန် နိုင်ငံတော် သမ္မတ က ဖိတ်ခေါ်ခဲ့ရာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA-S) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အတူ အောက်တိုဘာ ၁၅ ရက်တွင် NCA ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်သည်။

သို့ဖြစ်၍ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးကို အားလုံးလက်ခံယုံကြည်ကြ သကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ကိုလည်း နိုင်ငံတော် အစိုးရက လက်ခံပြီး ဖြစ်သဖြင့် NCA ကို လက်မှတ်ရေးထိုး နိုင်ကြခြင်းသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ သမိုင်းမှတ်တိုင် သစ်ကို စိုက်ထူ နိုင်ကြခြင်းပင် ဖြစ်ပေသည်။

(အယ်ဒီတာ့အာဘော်)

#Themyawadydaily

Thursday, October 15, 2015

NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားသည့် နိုင်ငံတော်သမ္မတ မိန့်ခွန်း



နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိ သက်သေများ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက်  လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တော်များနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပါရစေ။

ဒီကနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး အနာဂတ်အတွက် လမ်းသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီပဋိပက္ခတွေကြောင့် သောင်းနဲ့ ချီတဲ့ နှစ်ဖက်စလုံးက တပ်သားတွေ အသက်ဆုံးရှုံး ခဲ့ကြရပါတယ်။ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ နေထိုင်ကြတဲ့ သိန်းနဲ့ချီသော ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။ အားလုံးဟာ ကိုယ့်တိုင်းရင်းသား ကိုယ့်ပြည်သူတွေပဲ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ အစိုးရ တာဝန်စယူခဲ့တဲ့ အချိန်မှာ ဒီမိုကရေစီ စနစ်ကို ဦးတည်တဲ့ အပြောင်းအလဲတွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီ အပြောင်းအလဲ ကို သွားဖို့ ခက်မယ်ဆိုတာကို သဘောပေါက်ခဲ့ ပါတယ်။

ဒါကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၁ သြဂုတ်လမှာ အစိုးရကနေ စတင်ကမ်းလှမ်းခဲ့ပါတယ်။ (၂) နှစ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၄)ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ် အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကို အတော်များများ လျှော့ချနိုင်တဲ့ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံ လောက်ပါဘူး။ ကျွန်တော်တို့ရဲ့ နက်နက်ရှိုင်းရှိုင်း ပြဿနာ တွေကို အဖြေရှာနိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိဖို့လိုပါတယ်။ တစ်ဆက်တည်းမှာပဲ ဆွေးနွေးအဖြေရှာနေတဲ့ အချိန်အတော အတွင်းမှာ အပစ်အခတ်ရပ်စဲရေး ခိုင်ခိုင်မာမာဖြစ်စေဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုပါတယ်။ ဒါတွေကို အကောင်အထည် ဖော်နိုင်ဖို့ အဓိကအင်အားစုများ လက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ရှိဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။

ဒါကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ဘယ်လောက်ပဲရှိရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement- NCA) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ညှိနိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုဆွေးနွေးညှိနှိုင်းခဲ့တဲ့အခါမှာ အစိုးရဖက်က အသိအမှတ် ပြုမထားတဲ့ အဖွဲ့တွေ ပါဝင်ခဲ့ကြပေမယ့် အားလုံးလက်ခံနိုင်တဲ့ ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံး ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ NCA ထဲမှာ ပါဝင်တဲ့ သဘောတူညီချက် အားလုံးနီးပါးက တိုင်းရင်းသား လက်နက်ကိုင်များဖက်က တင်ပြချက်များအပေါ် အခြေခံပြီး အစိုးရဖက်က ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံသဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစားအား ထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပါဝင်ဆွေးနွေးသူတွေ အားလုံးက သဘောတူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာဖို့က လက်မှတ်ရေးထိုးရေး ထက် ပိုပြီး အရေးကြီးပါတယ်။ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုကို  အုတ်မြစ်ချ နိုင်ရေးက မြန်မာပြည်အနာဂတ်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ကျွန်တော်တို့ အစိုးရက ခံယူပြီး NCA သဘောတူညီမှု ရအောင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးမပါ နိုင်သေးပေမယ့် ကနဦးရှေ့ပြေး အနေနဲ့ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ထားပါတယ်။ သူတို့ကိုယ်တိုင် ပါဝင် ဆွေးနွေး ညှိနိုင်း သဘောတူခဲ့တဲ့ အချက်များအပေါ်မှာ အုတ်မြစ်ချထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်တဲ့အတွက်ကြောင့် ဒီဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ သူတို့ရဲ့ ဆန္ဒတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ လက်မှတ်မထိုးသေး တဲ့အဖွဲ့တွေ တောင်းဆိုလာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေမှာ သူတို့ပါဝင်နိုင် အောင် ကျွန်တော်တို့ အစိုးရ အနေနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခုတက်ရောက် လက်မှတ်ရေးထိုးကြတဲ့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့ အားလုံးရဲ့ အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သမိုင်းတန်ဖိုးက NCA ကို ဘယ်နှစ်ဖွဲ့ လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံး လက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက် ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်လဲ ဆိုတဲ့ မှတ်ကျောက် အပေါ်မှာ အခြေခံပါလိမ့်မယ်။

NCA ပါ သဘောတူညီချက်တွေကို လက်တွေ့ အကောင် အထည်ဖော်မှုအပေါ် အခြေခံပြီး နှစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်ရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ အဖွဲ့တွေ အနေနဲ့လည်း NCA ပါ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နိုင်လာတာနဲ့ အမျှ အနှေးနဲ့ အမြန်ဆိုသလို ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရှေ့ကို ဆက်သွားဖို့ပဲ ရှိပါတယ်။ နောက်ပြန် လှည့်စရာ မရှိပါဘူး။ ဒါကြောင့် NCAအပေါ် အခြေခံတဲ့ လုပ်ငန်း စဉ်များဟာ မြန်မာပြည် အနာဂတ်သစ်ရဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ NCA ဟာ နောင်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမိုင်းလက်ဆောင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို စီစဉ်ခဲ့စဉ်အခါမှာ မျိုးဆက်သစ် လူငယ်တွေကိုပါ ဖိတ်ကြားဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ ပါတယ်။ သူတို့တွေရဲ့ အနာဂတ်အသစ်အတွက် သူတို့ရဲ့ ရှေ့ မှောက်မှာ ကျွန်တော်တို့တွေ ကတိကဝတ်ပြုကြတာပဲ ဖြစ်ပါတယ်။

၂၀၁၄-၂၀၁၅ နှစ်တွေရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာခိုင်နူန်းဟာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ကြပါတယ်။ လူဦးရေ ၄၀ ရာခိုင်နူန်းခန့်ဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ဒေသတွေမှာ နေထိုင်ကြပါ တယ်။ NCA လက်မှတ်ရေးထိုးလိုက်ပြီး လုပ်ငန်းစဉ်တွေကို စတင် အကောင်အထည်ဖော်တာနဲ့ ပဋိပက္ခဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နူန်းဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် တွေကို အချိန်တိုတိုအတွင်းမှာ ခံစားကြရမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ လျှော့ချရပ်ဆိုင်းနို်င်ဖို့ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ (JMC)” ကို ဖွဲ့စည်းပြီး ထိန်းသိမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ မရှိတော့တဲ့အခါ ဒီဒေသတွေမှာနေထိုင်တဲ့ ပြည်သူ လူထုများဟာ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက် နိုင်တော့မှာ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ နိုင်ငံတော်အစိုးရ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမို အကောင်အထည်ဖော်နိုင်မှာ ဖြစ် ပါတယ်။ ပဋိပက္ခအလွန်ဒေသတွေမှာ နိုင်ငံတကာ အထောက်အကူ တွေ၊ လူထုအကျိုးပြုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို NCA က ပြဌာန်း ပေးလိုက်တာဖြစ်ပါတယ်။

ယခု လက်ငင်းချက်ချင်းမှာပဲ ကျွန်တော်တို့တစ်တွေ အကြားမှာ ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုရှိနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ တို့တာဝန်အရေး သုံးပါးကို သဘောတူ လက်ခံခဲ့ကြပါတယ်။ နို်င်ငံတော်အစိုးရဖက်ကလည်း တိုင်းရင်းသား တွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီ နဲ့ ဖယ်ဒရယ် စနစ်ကို အခြေခံတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် လက်ခံ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ကျွန်တော်တို့အကြား ဘုံလက်ခံထားတဲ့ အနာဂတ် ပန်းတိုင် တစ်ခုကို သဘောတူညီ နို်င်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံအနာဂတ်ကို အကောင်အထည် ဖော်နိုင်ဘို့အတွက် NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေးက ကျွန်တော်တို့ အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေး တာဝန်ပဲ ဖြစ်ပါတယ်။ NCA ဆိုတာ ကျွန်တော်တို့ ထားရစ်ခဲ့မယ့် သမိုင်းအမွေ ဖြစ်ပါလိမ့်မယ်။

ဒီကနေ့ကစပြီး ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ ဘုံအနာဂတ်အတွက် အတူတကွ တာဝန်ရှိသူတွေ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ရဲ့ သမိုင်းကို အတူတကွ ပုံဖော်ရေးသား ကြရတော့မှာပါ။ သမိုင်းရဲ့ အောင်မြင်မှု ကျရှုံးမှုတွေကို အတူတကွ တာဝန်ခံကြရတော့မှာပါ။ ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ NCA စာချုပ် ဟာဆိုရင် ကျွန်တော်တို့ အချင်းချင်းအကြားမှာ တည်ဆောက် ရရှိလာတဲ့ ယုံကြည်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေး အမွေတစ်ခု ချန်ထားနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ရင်းစေတနာ အမှန်ကိုလည်း ထင်ထင်ရှားရှား သက်သေထူနိုင်ခြင်းပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြသူအားလုံးကို အစိုးရအဖွဲ့ကို်ယ်စား လည်းကောင်း၊ နိုင်ငံသားများ ကို်ယ်စားလည်းကောင်း ကျေးဇူး တင်ရှိကြောင်း ပြောလိုပါတယ်။ NCA လက်မှတ်ရေးထိုးပွဲကနေ အောင်မြင်တဲ့ အကောင်အထည်ဖော်မှု ဖြစ်လာတဲ့အထိ ကျွန်တော် တို့အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း သမိုင်းမှတ်တိုင်ကို အတူတကွ စိုက်ထူကြဖို့ ဆန္ဒပြု လိုက်ပါ တယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

#Themyawadydaily

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ





နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး လက်မှတ်ရေးထိုး တိုင်းရင်းသားများ၏ ကိုယ်စား ကရင်အမျိုးအသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတ်တမ်း ဗွီဒီယိုအား ပြသပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံတော် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များက လက်မှတ် ရေးထိုးပြီး တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ အသိသက်သေ များက လက်မှတ်ရေး ထိုးခဲ့ကြသည်။

ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်၏ အနှစ်ချုပ် ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အမျိုးအသား အစည်းအရုံးမှ အတွင်းရေးမှူး ဖဒိုစောကွယ် ထူးဝင်းတို့က ဖတ်ကြားပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား ပြောကြားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ မိန့်ခွန်း





နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

ချစ်ကြည် လေးစားရပါသော နိုင်ငံတော် သမ္မတကြီးနဲ့တကွ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် လာကြတဲ့ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော် နာယကများနဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်သေအဖြစ် ပါဝင်လက်မှတ် ရေးထိုးကြမယ့် နိုင်ငံတကာမှ အသိသက်သေ ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ အသိသက်သေ ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက်မတ်မတ် အထောက်အကူပြု နေကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ အထူးဖိတ်ကြားခြင်း ခံထားရတဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA ရရှိရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတလျှောက်မှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတဲ့ နှစ်ဖက်သော ခေါင်းဆောင်ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့များ၊ အထောက်အကူပြုသူများ အားလုံးနဲ့ သတင်းမီဒီယာများအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီလို ဂုဏ်ရောင် ထွန်းပြောင်တဲ့ သမိုင်းဝင် အခမ်းအနားမှာ လက်မှတ်ရေးထိုး ကြမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ကိုယ်စား ကျွန်တော့်ကို မိန့်ခွန်းပြောကြားခွင့် ပြုတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတို့ဟာ ဒီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ကို ရရှိဘို့ (၂) နှစ်နီးပါး အချိန်ယူဆွေးနွေးခဲ့ကြရပါတယ်။

နှစ်ဖက် ညှိနှိုင်းဆွေးနွေးဘက်တွေအကြား ရဲရင့်တက်ကြွတဲ့အားမာန်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကို အခြေခံကြလို့ ဒီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်းစာမျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။

ဒါတွေဟာ အလျှော့အတင်းပြုလိုတဲ့ စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်းဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ သန္နိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ညီညွှတ်မှုနဲ့ ယုံကြည်မှုတွေ ကြောင့် ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် - NCA လက်မှတ် ရေးထိုးခြင်းဟာ သာမန် အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာ မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်း ဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေပါတယ် ဆိုတာကိုလဲ သတိပေးလိုပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA ကို ဆက်လက်အကောင်အထည်ဖော်ရာမှာဘဲဖြစ်ဖြစ်၊ အချိန်အခက်အခဲ ကြောင့် ကွဲလွဲနေတဲ့ အယူအဆအချို့ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCA လက်မှတ်ရေးထိုးအပြီးမှာ အမြန်ဆုံး ဆက်လက်ဆွေးနွေးဘို့ ယူဆောင်သွားရမဲ့ အချက်တွေ ဆွေးနွေးကြရာမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့အားလုံးဟာ စိတ်ရှည်သည်းခံ ကာ အခက်အခဲ အားလုံးကို နောက်မဆုတ်စတမ်း အတူတကွ ကျော်ဖြတ်ကြဖို့ ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေသာမက နိုင်ငံရေးပါတီတွေနဲ့ အခြားပါဝင်သင့်ပါဝင်ထိုက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာကြမှာဖြစ်လို့ မတူကွဲပြားတဲ့ အမြင်သဘောထား အမျိုးမျိုးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာကြရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ အားလုံးပါဝင်ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တဲ့အထိ ရလဒ်ကောင်းတွေရရှိဘို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် - NCA ကို သဘောတူလက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံ ပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆိုတိုက်တွန်း လိုပါတယ်။

၎င်းအဖွဲ့အစည်းများ ပါဝင်လာရေး လမ်းဖွင့်ပေးရာမှာ၊ စစ်ရေးတင်းမာမှု လျှော့ချရေးကို အထောက်အကူပြုမယ့် ယန္တရားဖန်တီးထားခြင်းဟာ အရေးပါပြီး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ အတူတကွ လက်မှတ်ရေးထိုး ထားကြတဲ့ မိမိတို့ခေါင်းဆောင်တွေအကြား ညှိနှိုင်းပြီး ဝိုင်းဝန်းနည်းလမ်း ရှာဖွေပါဝင် ကြဘို့ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တခါမျှ မပေါ်ပေါက်ဘူးသေးတဲ့ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်နိုင်ခြင်းဟာ ထူးခြားအောင်မြင်တဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး "သမိုင်းစာမျက်နှာ" သစ် ဖွင့်လိုက်ပြီလို့လဲ ဆိုနိုင်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ သက်တမ်းတလျှောက်မှာ ခါးသီးစွာ တွေ့ကြုံခံစားလာခဲ့ ကြရတဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ ဆိုးမွေများအားလုံးကို ဒီမှာတင် ပြည်ဖုံးကားချရေး ကြိုးပမ်းကြပြီး အနာဂါတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထား နိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှု တို့အပေါ်အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆက်ဆက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး သန္နိဋ္ဌာန်ချထားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ နိုင်ငံရေးအဖြေ မထွက်သေးခင် ကာလမှာ ဖိအားပေးမှုတွေကို ရှောင်ကျဉ်ကြကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အုတ်မြစ်ချနိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါစို့ - လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger