www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 30, 2018

ဝဠာထက်ယံ ရဲရင့်အောင်လံ ရွှေတောင်ပံ

ဝဠာထက်ယံ ရဲရင့်အောင်လံ ရွှေတောင်ပံ

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိတ္ထီလာအမည်ရှိ မြို့ကလေးတစ်မြို့ရှိပါသည်။ အညာဟု သင်္ကေတပြုစရာ ထနောင်းပင်၊ တမာပင်များစီစီရီရီနှင့် ကျေးလက်ဆန်သောဒေသ လူနေမှုအစုအဝန်း  ဖွဲ့တည်မှုများကြောင့် စွဲမက်နှစ်သက်ဖွယ်ဖြစ်ရပါသည်။
-
တစ်ချိန်က တပ်မြို့ဟုပင်ခေါ်တွင်ခဲ့ကြောင်း သိရ၏။ ဤသည်မှာလည်း  မဆန်းကျယ်လှပေ။ တပ်ရင်းတပ်ဖွဲ့များ ဝိုင်းဝန်းခြံရံနေသည့် ထူးခြားသော ဝိသေသတစ်ခုကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ထိုထဲတွင် တပ်မတော်(လေ) လည်း ပါဝင်နေပါသည်။
-
လေကြောင်းအတတ်ဆိုသည်မှာ အဓိကလေယာဉ်  ပြီးတော့  မောင်းနှင်မှုအတတ်ပညာ၊ စက်မှုကိရိယာပိုင်း၊ သိပ္ပံပညာရပ်နှင့် နှီးနွှယ်မှု ဤကိစ္စ၊ ထိုကိစ္စများကို တတ်မြောက်ကျွမ်းကျင် တီထွင်ဆန်းစစ် စေတန်ရာသည့် ကျောင်းစခန်းတည်ရာ ရပ်ဝန်းအဖြစ် မြင်ရုံမျှနှင့်ပင် အံ့သြချီးကျူးစိတ် ဖြစ်ရပါသည်။
-
မြန်မာနိုင်ငံရေးဇာတ်ခုံတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် စကားစုလေးတစ်ခု ရှိခဲ့ပါသည်။ ယင်းစကားစုလေးတစ်ခုကို မူရင်းအတိုင်းယူကာ သီချင်းရေးဆရာ ရွှေတိုင်ညွန့်က''တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်''ဟူသောသီချင်းလေးတစ်ပုဒ်  ဖန်တီးရေးဖွဲ့အောင်လံထူခဲ့ဖူးပါသည်။ ဆရာရွှေတိုင်ညွန့် ရေးဖွဲ့သည့် အချိန်ကာလနှင့် မနီးမဝေးသော ကာလမှာပင် တပ်မတော်အင်အားဖြစ်စေမည့် လေယာဉ်မောင်း သင်ကျောင်း ပေါ်ထွက်လာခဲ့ပါသည်။
-
ဤသည်မှာ     ကျော်လွှား၍မရနိုင်သည့် သမိုင်းကြောင်းအမှန်ဖြစ်၏။မြန်မာနိုင်ငံကို လေယာဉ်မောင်းနှင်ခြင်း အတတ်ပညာ စတင်ရောက်ရှိလာခဲ့သည်မှာ ၁၉၃၄ ခုနှစ်ဖြစ်ပြီး ထိုနှစ် ဧပြီလတွင် ရန်ကုန်လေယာဉ်မောင်း ကလပ်ကို   ဖွင့်လှစ်တည်ထောင်ခဲ့ကြောင်း  လေ့လာသိရှိ ရပါသည်။
-
တပ်မတော်(လေ)သမိုင်းတွင် ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်၌ ဗမာ့အပျော်တမ်းလေတပ်ကို တိုက်ဂါးမော့ လေယာဉ်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း   တွေ့ရှိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ် ၁၉၄၄ ခုနှစ်တွင်  ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကာ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)မှ လေကြောင်းပညာသင် ၁ဝ ဦးကို သံဖြူဇရပ်ရှိ မီးရထားလမ်းမှ တစ်ဆင့်  ဂျပန်နိုင်ငံသို့ စေလွှတ်ကာ လေယာဉ်မောင်းပညာ သင်ကြားစေ ခဲ့ပါသည်။ ယင်းအင်အားများ စုပေါင်းကာ ဗမာ့အပျော်တမ်းလေတပ်မှသည်  မြန်မာ့လေတပ်မတော်ဖြစ်လာခဲ့ပြီး ထိုမှဆက်ကာ၁၉၄၇ ခုနှစ်   ဒီဇင်ဘာလ ၁၅  ရက်နေ့တွင် တပ်မတော်(လေ)အဖြစ် စတင်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပေသည်။
-
လွတ်လပ်ရေးမရမီက  မြန်မာနိုင်ငံတွင် လေယာဉ်မောင်းသင်ကျောင်း ဟူ၍ ဖွဲ့စည်းထားခြင်းမရှိပါ။ ၁၉၅ဝ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၌  လေယာဉ်မောင်းသင်ကျောင်းအဖြစ်  စတင်ဖွင့်လှစ်ပြီး အရည်အသွေးပြည့်မီသော လေသူရဲကောင်းများ    မွေးထုတ်ပေးရေး ရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ လေယာဉ်မောင်းသင်ကျောင်းအနေဖြင့် သက်တမ်းကာလကို တွက်ချက်ကြည့်မည်ဆိုလျှင် ယနေ့ ၆၈ နှစ်တိုင်ရှိခဲ့လေပြီ။    မင်္ဂလာဒုံလေတပ်စခန်းမှ အမြုတေစတင်ခဲ့သည့်   လေယာဉ်မောင်း သင်တန်းကျောင်းသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရန် အစီအစဉ်ကြောင့် ၁၉၅၁ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် မှော်ဘီလေတပ်စခန်းသို့ လည်းကောင်း၊ ၁၉၅၂ ခုနှစ် ဧပြီလ ၂၄  ရက်နေ့တွင်    မိတ္ထီလာလေ့ကျင့်ရေး လေတပ်စခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ၁၉၇၄ ခုနှစ်  ဇူလိုင်လ  ၁၃  ရက်နေ့တွင် လေကြောင်းအတတ်သင်    လေတပ်စခန်း(ရှမ်းတဲ)သို့ လည်းကောင်း       အဆင့်ဆင့်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်၏။
-
ယနေ့အချိန်ထိ မွေးထုတ်ပေးခဲ့သည့် လေသူရဲအရေအတွက်မှာ    ယခုကျောင်းဆင်းများ အပါအဝင် ၁၉၁၇ ဦးရှိပြီဖြစ်ပါသည်။
-
လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် တည်ရှိရာရပ်ဝန်းသည်  သစ်ပင်ကြီးငယ် အုပ်ဆိုင်းလျက် စိမ်းစိမ်းလန်းလန်း ရှိလှ၏။   လေတပ်စခန်းဌာနချုပ်အတွင်း လမ်းဘေးဝဲယာ တစ်လျှောက် စိမ်းမြညိုသည့် တမာ၊ ကုက္ကို၊ ဖွံ့ထွားစည်လှသည့် ပိတောက်၊ မဲဇလီတို့ကြောင့် အေးမြသောအသိနှင့် ရင်ကိုချမ်းမြေ့စေနိုင်သည်။တပ်တည်နေရာ ကျယ်ဝန်းပြီး အနောက်ဘက် အစွန်းဆုံးတွင်ရှိ လေယာဉ်ပြေးလမ်းမှ အတက်အဆင်း ပြုလုပ်နေသည့် လေယာဉ်မျိုးစုံလျက်  လူပျံတော်ရုပ်တုဖြင့် ခံ့ခံ့ထည်ထည်ရှိလှသည်။ စစ်ရေးပြကွင်း၏ တစ်ဖက်ကိုကြည့်လျှင် လေသူရဲလောင်းများ နေထိုင်ရာ  အဆောင်၊ သင်ခန်းစာပို့ချသည့် စာပေဌာနစသည်တို့က သူ့နေရာနှင့်သူ တစ်ကန့်စီအကန့်လိုက် သီးသီးသန့်သန့် ရှိလှပေသည်။ ထူးထူးခြားခြား  ထီးထီးမားမား ရှိလှသည်က လေယာဉ်မောင်းသင်ကျောင်းပင်၊ဂုဏ်ယူအံ့သြစိတ်နှင့် ငေးမောကြည့်နေရင်းမှ သွေးသားလည်ပတ်မှုနှင့်အတူ  ရင်မှာလှုပ်ယှက်   ခံစားရပြန်သည်။   သြော်...
-
ဤရပ်ဝန်းမြေဒေသသည်ကား မိုးယံထက်မြင့် ရဲရင့်သားကောင်း လေသူရဲဇာနည်အပေါင်းများစွာ မွေးဖွားရာအရပ်ပင်မဟုတ်ပါလား။  ထူးခြားချက်တစ်ချက်ရှိပါသေးသည်။ ယခင်က အရပ်ဘက်လေယာဉ်မောင်း သင်တန်းသားများပင် တက်ရောက်သင်ကြား မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ခြင်းပင် ဖြစ်ပေတည်း။
စင်စစ်လေသူရဲတစ်ဦး  ဖြစ်လာရန်မှာ လွယ်ကူလှသည့် ကိစ္စတစ်ရပ်မဟုတ်ပေ။
-
သတ္တိရှိကာ၊ ဇွဲရှိကာမျှနှင့်မရနိုင်။ အသိနှင့်သတိ မြဲမြံခြင်းအပြင်  ဘာသာဗေဒဆိုင်ရာ ကျွမ်းကျင်မှုသည် အဓိကဖြစ်၏။ တစ်ဖက်မှာရှိသည်က     ဆရာတပည့်ဆက်ဆံရေးကို စမ်းကြည့်ခြင်းပင်၊      ပညာရပ်ပိုင်းဆိုင်ရာ ဖြန့်ဝေမှု အတိမ်အနက် အကျယ်အပြန့်သည် စေတနာစိတ်ပေါ်တွင် အရင်းခံပေလိမ့်မည်။ ယုတ်စွအဆုံး ဆရာသည် တပည့်အပေါ် အသက်ချင်းထပ်ရင်း၊ရင်ချင်းအပ်ရင်း သင်ကြားရသည်ဖြစ်ရာ   နွေးထွေးသော ဆက်ဆံရေးကို နက်ရှိုင်းစွာ ဖော်ညွှန်းသည့်သင်တန်းဟု ပြောရပေမည်။ ချစ်ကြည်မှုမှသည်  ယုံကြည်မှု တည်ဆောက်နိုင်ခြင်းဖြင့် အတတ်ပညာ ကျွမ်းကျင်ပြီးမြောက်စေသည် မဟုတ်ပါလား။
-
လေသူရဲများ၏လုပ်ငန်းမှာ ပျံသန်းရေးပိုင်းဖြစ်ပြီး  တာဝန်မှာစစ်ဆင်ရေးဖြစ်၏။ စွန့်စားရသော လုပ်ငန်းတွင် စွန့်လွှတ်ဆောင်ရွက်သည့် တာဝန်ကို ပူးတွဲထမ်းဆောင်ရမည် ဆိုသောအခါ မည်မျှခက်ခဲလိမ့်မည်ကို ကိုယ်ချင်းစာမိ ပါသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံသည့် သာမန်စိတ်ဓာတ်လေး တစ်ခုကြောင့် ဤမျှကြီးလေးသော တာဝန်ကို ထမ်းရွက်နေခြင်း မဟုတ်ပေ။ နှလုံးသားတွင် စွဲနစ်နေသည့် တိုင်းပြည်ချစ်စိတ်ဓာတ် ကလေးကြောင့်ဟု ဆိုရမည်။ ဘယ်ရင်၌ ပန်း----ရွှေတောင်ပံ သင်္ကေတကလေးသည် စိတ်ဓာတ်ကို ဖော်ပြနေ၏။ အလွန်လေးစားရပါသည်။
-
လူ့သမိုင်းတွင် ခေတ်စနစ်များ ပြောင်းလဲလာသကဲ့သို့--ဖြစ်ပွားခဲ့ကြသည့် စစ်ပွဲများသည်လည်း အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲလာကြလေပြီ။ယနေ့ခေတ် စကားနှင့်ပြောရလျှင် စစ်ပွဲတစ်ပွဲ၏ ရေချိန်ကိုလေကြောင်း စွမ်းအားက ထိန်းချုပ်နိုင်စွမ်းနှင့် အတက်အကျကိုပင် ဖန်တီးနိုင်စွမ်းရှိကြောင်း နိုင်ငံတကာစစ်ပွဲများက ပြညွှန်းနေပေသည်။ လေကြောင်းစွမ်းရည်၊လေကြောင်းသိပ္ပံပညာရပ်သည်  အာကာသတစ်ခွင်သာမက စကြဝဠာတိုင် ထိုးဖောက်နေသည့်ခေတ်သို့ ရောက်နေပြီး  သေနင်္ဂဗျူဟာတွင်  အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိခြင်းသည် စစ်ပွဲအပေါ် အသာစီးရယူနိုင်မှုတစ်ခုပင်ဖြစ်၏။ မြေပြင်-ရေပြင်-ဝေဟင်ကိုဆန်၊ ကွန်ရက်ဖြန့်နိုင်သည့် ကြီးမားသော ထုထည်အား မောင်းနှင်နိုင်သူမှာ လေကြောင်းစွမ်းအားဖြစ်၏။
-
နိုင်ငံတကာစာမျက်နှာတွင်  ဂလိုဘယ်လိုက်ဇေးရှင်း  ခေတ်အမြင်ဖြင့်ကြည့်ကာ ကမ္ဘာသည်  ရွာကြီးတစ်ရွာကဲ့သို့  လက်ခံသုံးသပ်ထားသည်ကို  တွေ့ရပေမည်။
-
လေကြောင်းစွမ်းအား မြင့်မားရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများက ဂရုတစိုက် ဆောင်ရွက်လာပြီဖြစ်၏။ မြန်မာနိုင်ငံတွင် လေယာဉ်မောင်းသင်ကျောင်းမှ လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေသူရဲ လူရည်ချွန်များ မွေးထုတ်ပေးလျက် ရှိသည်မှာ တပ်မတော်အင်အား ရှိလာခြင်းဖြင့် တိုင်းပြည်အင်အား ရှိလာအောင် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အဆင့်မြင့်မားသော ခေတ်မီတပ်မတော် တည်ဆောက်ရေး လုပ်ငန်းအတွက်လည်း   တစ်တပ်တစ်အား ဖြစ်ပေလိမ့်မည်။
-
လေ့ကျင့်ရေးအခန်းကဏ္ဍမှ ပြန်ကြည့်လျှင် လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေ့ကျင့်မှုဆိုင်ရာ သင်တန်းများကို အဆင့်ဆင့် ဆောင်ရွက်ဆဲ ဆောင်ရွက်လျက်ရှိနေပါသည်။ လေယာဉ်မောင်း သင်တန်းကျောင်းအနေနှင့် လေ့လာကြည့်ပါ။အခြေခံလေယာဉ်မောင်း သင်တန်း၊ အကြိုတန်းမြင့် လေယာဉ်မောင်း သင်တန်း၊ တန်းမြင့်လေယာဉ်မောင်း သင်တန်းစသည်ဖြင့်  သင်တန်းများကို  စနစ်တကျလေ့လာဆည်းပူးသင်ကြားရပါသည်။ ယင်းသင်တန်းများမှ တစ်ဦးချင်းစီ၏ ရမှတ်များကို ရယူကာ တိုက်ခိုက်ရေးလေယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ် အစရှိသည်ဖြင့် လေယာဉ်အလိုက် ဆင့်ကာဆင့်ကာ ကြိုးစားဆောင်ရွက်ကြိုးပမ်းရပါသည်။
-
လူအားစိတ်အား ရင်းနှီးမှုကဖြင့် မသေးလှပါ။ယခုနှစ်တွင် ထူးခြားချက်တစ်ရပ် တွေ့ရှိရပါသည်။ ထိုထူးခြားချက်မှာ   အမျိုးသမီးလေသူရဲများ   စတင်မွေးထုတ်ပေးခြင်းဖြင့် တပ်မတော်(လေ)၏ အခန်းကဏ္ဍသစ် တစ်ရပ်ကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ယခင်က တပ်မတော်(လေ)တွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ပျံသန်းရေးတာဝန်များ ထမ်းဆောင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ယနေ့ခေတ်မှသာ တပ်မတော်(လေ)တွင် ပျံသန်းရေး တာဝန်များကို     ထမ်းဆောင်စေခြင်းသည် တပ်မတော်အကြီးအကဲများက တပ်မတော်(လေ)ကို   ခေတ်မီကျစ်လျစ်ပြီး   စွမ်းရည်ထက်မြက်သော   တပ်မတော်(လေ)အဖြစ် တည်ဆောက်ရာတွင်    လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
-
ကမ္ဘာ့လေကြောင်းသမိုင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက ၁၉၁ဝ ပြည့်နှစ်တွင် ပြင်သစ်လူမျိုး ကမ္ဘာ့ပထမဆုံး အမျိုးသမီး လိုင်စင်ရ လေသူရဲလာဘရော်နီဒီလာရိုချီမှ   စတင်၍ လေကြောင်းလောကအတွင်း    စစ်ဘက်-အရပ်ဘက် အခန်းကဏ္ဍ အသီးသီးသို့ အမျိုးသမီးများ ပါဝင်လာခဲ့သည်။ ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ရုရှားလူမျိုး ဗလာဒီနာတီရှယ်ကိုဗာသည် ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးအဖြစ် စတင်ထမ်းဆောင်ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ  အာကာသတိုင်အောင် ထိုးဖောက်ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
-
နိုင်ငံတကာလေတပ်များ၏ အတွေ့အကြုံများအား  လေ့လာတွေ့ရှိချက်အရ  ရှေးဦးနှစ်များတွင်  အမျိုးသမီး လေသူရဲများအား  သယ်ယူပို့ဆောင်ရေး လေယာဉ်၊ လေ့ကျင့်ရေး လေယာဉ်၊ ဝေဟင်ဆီဖြည့်လေယာဉ်နှင့် ရဟတ်ယာဉ် များတွင်သာ  တာဝန်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ယခုခေတ်အခါတွင်တော့ အမျိုးသားများနှင့်တန်းတူ စွမ်းဆောင်နိုင်မှု အရည်အချင်းများအရ  တိုက်ခိုက်ရေး လေသူရဲများအဖြစ် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။
-
ယနေ့ ကမ္ဘာ့လေကြောင်း ထိပ်သီးနိုင်ငံများ ဖြစ်သော အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ ပြင်သစ် စသည့်နိုင်ငံတို့တွင်  စစ်ဘက်နှင့် အရပ်ဘက်ပျံသန်းမှု နယ်ပယ်အသီးသီး၌ အမျိုးသမီးများ ပါဝင်လာမှုသည်  တစ်နေ့တခြား တိုးတက်များပြားလာသကဲ့သို့ ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်နိုင်ငံတို့တွင်လည်း  အသံထက်မြန်သော တိုက်လေယာဉ်မှူးများ၊   နည်းပြလေသူရဲများ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်မှူးများ၊ ရဟတ်ယာဉ်မှူးများ၊ အရပ်ဘက်လေယာဉ်မှူးများ အဖြစ် သက်ဆိုင်ရာ နိုင်ငံများ၏ သမီးကောင်း ရတနာများအနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်နေလျက်ရှိသည်ကို တွေ့မြင်ကြားသိနေ ရ၍ မိမိတို့တပ်မတော်(လေ)၏ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးသည့် တပ်မတော် အကြီးအကဲများကို များစွာ ကျေးဇူးတင်နေမိပါသည်။
-
ယနေ့ခေတ် လေကြောင်း စစ်ဆင်ရေးများသည် ယခင်အသုံးပြုခဲ့သည့် လေယာဉ်ချင်း အနီးကပ်တိုက်ပွဲများကဲ့သို့ မဟုတ်တော့ဘဲ တပ်ဖွဲ့ပေါင်းများစွာ ပူးပေါင်း၍ ခေတ်မီအဆင့်မြင့်စွာ ဟန်ချက်ညီအောင် ကောင်းစွာ ထိန်းချုပ်ကွပ်ကဲ၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာများ ဖြစ်လာနေပြီဖြစ်သည်။ ခေတ်သစ်လေကြောင်း စစ်ဆင်ရေးများတွင် အဆင့်မြင့် ထူးခြားဆန်းသစ်သောအမြင်ရှုထောင့်၊ လုပ်ငန်းတာဝန်အလိုက် ညီညွတ်မျှတစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှု စသည့် စွမ်းဆောင်ရည် အင်္ဂါရပ်များတွင် အမျိုးသမီး လေသူရဲများသည် ၎င်းအင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အထူးသဖြင့်   စစ်ဘက်ဆိုင်ရာ ပျံသန်းရေး လုပ်ငန်းတာဝန်များတွင် တစ်ဦးချင်းကြိုးစား အားထုတ်မှု အရည်အချင်း လိုအပ်ချက်များ မြင့်တက်လာချိန်တွင် အမျိုးသမီးလေသူရဲများသည်  ၎င်းလိုအပ်ချက်များနှင့် အံကိုက် သင့်လျော်မှုရှိကြောင်းလည်း   တွေ့ရှိရပါသည်။
-
အမျိုးသားနှင့် အမျိုးသမီးအား စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး နှိုင်းယှဉ်ကြည့်မည်ဆိုပါက အနည်းငယ် ကွာခြားမှုရှိမည်ဖြစ်သည်။   ဤအချက်သည်   အရေးပါပြီး   အင်အားဖြည့်တင်းရေးအပိုင်း၊ လေ့ကျင့်ရေးအပိုင်း၊ တာဝန်ထမ်းဆောင်မှုကာလတစ်လျှောက် စွမ်းဆောင်နိုင်မှုနှင့် ဆက်လက် ထိန်းသိမ်းနိုင်စွမ်း အချက်များနှင့် ဆက်စပ်တည်မှီလျက် ရှိနေသည်ကို  လေ့လာတွေ့ရှိရပေသည်။    လေသူရဲများ၏ ကိုယ်ရည်ကိုယ်သွေးပင် ကိုလက္ခဏာများသည် ရွေးချယ်ခြင်း အပိုင်း၊   လေ့ကျင့်ရေးအပိုင်း၊   ဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်း၊     စိတ်ပိုင်းဆိုင်ရာ စဉ်းစားသုံးသပ်နိုင်ခြင်း အပိုင်းတို့နှင့် တိုက်ရိုက် သက်ဆိုင်မှုရှိပြီး    လေသူရဲများ၏ စွမ်းဆောင်နိုင်မှုအပေါ် များစွာအထောက်အပံ့ ရရှိစေနိုင်ပေသည်။
-
ကျွန်တော်ဆိုချင်သည်က  အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားနည်းချက်၊ အားသာချက်မည်သို့ကွဲပြားစေကာမူ အသုံးချနိုင်စွမ်းရှိခြင်းသည် တန်ဖိုးမည်၏။ တပ်မတော်(လေ)တွင် အမျိုးသမီး လေသူရဲများ လေ့ကျင့်ပျိုးထောင် ဆောင်ရွက်ပေးခြင်းသည် အထူးအခြားဆုံး၊ အလေးအနက်ဆုံးဖြစ်နေပြီး အားသစ်လောင်းမှုအတွက် တစ်ထောင့်တစ်နေရာက အထူးအထောက်အပံ့ ဖြစ်သည်ဟု   သဘောပေါက်ပါသည်။
-
တကယ်တော့  လေကြောင်းစွမ်းအား ဟူသည် ခေတ်သိပ္ပံကို အခြေခံကာ အာကာသရပ်ဝန်းတိုင်   ထိုးထွက်ဆန်တက် လွှမ်းမိုးချုပ်ကိုင်နိုင်သည် ဖြစ်ပြီး ကြီးကျယ်လွန်းလှပါပေသည်။ နည်းစနစ်၊    နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး  အသစ်အသစ်တီထွင်ကြံဆမှုတို့ အတွက် လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ ကိစ္စများ  အမြဲမပြတ် လေ့လာလေ့ကျင့်  ဆောင်ရွက်နေရမြဲဖြစ်၏။''မီးနာမှ သံကောင်းမည်'' ဆိုသကဲ့သို့  လေ့ကျင့်မှုဆိုင်ရာ သင်တန်းများ     အမြဲမပြတ်ဆောင်ရွက်ရင်း လေကြောင်းဆိုင်ရာ     စစ်နည်းဗျူဟာများ လေ့လာဖြန့်ဖြူးဝေမျှနေရဆဲ ဖြစ်ပါသည်။
-
ဖူးသစ်စ နေအရုဏ်လွှမ်းခြုံမှုဖြင့် အညာမြေ နံနက်ခင်းမှာ ကြွရွလှပနေ၏။ ကောင်းကင်ပြာပြာဝယ်  တိမ်ဖြူပါးပါးတို့  ဟိုတစ်ပြန်သည်တစ်ပြန် လွင့်မျောလျက်...။ တစ်ချက်တစ်ချက် လေအဝှေ့နှင့် လွင့်မျောလာသည့် ချိုးကူသံနွဲ့နွဲ့လေးက  ငြိမ်းချမ်းမြမြရှိလှ၏။ စစ်ရေးပြကွင်းတွင်   လေတပ်စခန်း ဌာနချုပ်၊ လေတပ်စခန်းအုပ်/တပ်အသီးသီး၏  အလံများက ဝေ့ဝဲလွင့်ပျံလျက် ရှိနေပါသည်။
-
ဤယနေ့ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၇၉) မှ သင်တန်းသား ၃၄ ဦးနှင့် အမှတ်စဉ်(၈ဝ)မှ သင်တန်းသူခြောက်ဦးတို့၏ ကျောင်းဆင်းလေသူရဲ  တောင်ပံအပ်နှင်းပွဲရောက်ခဲ့လေပြီ။ မျိုးဆက်သစ်တို့ထံ လက်ဆင့်ကမ်းအမွေ ပေးအပ်ပွဲဟုလည်း ခေါ်တွင်လောက်ပါပေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်တိုင် တက်ရောက်မည့် အခမ်းအနားဖြစ်သဖြင့် တပ်မတော်(လေ)၏ဂုဏ်၊ တပ်မတော်တစ်ရပ်လုံး၏ ဂုဏ်ကို ဆောင်နေပေသည်။   တကယ့်ဂုဏ်ယူစရာနေ့ပင်။
-
ဤလေသူရဲ  မောင်/မယ်များသည် မကြာမီ နိုင်ငံတော်၏ ဝေဟင်ပိုင်နက် ကာကွယ်ရေးတာဝန် အပ်နှင်းခြင်း ခံရပေတော့မည်။ ''ဝင်းဝင်းစက်စက် ရွှေတောင်ပံလေး''    ပိုင်ဆိုင်ရယူခြင်းနှင့်အတူ သူတို့၏အနာဂတ်၊ တပ်မတော်နှင့် တိုင်းပြည်၏ အနာဂတ်အတွက် အလင်းလက်ဆုံး၊ အမွှေးပျံ့ဆုံးသော ဂုဏ်ဒြပ်ပိုင်ရှင်ကလေးများဖြစ်လာပေလိမ့်မည်။သူတို့တာဝန်မှာ မသေးလှ။ကျွန်တော်လေးစားမိပါသည်။လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေ့ကျင့်မွေးထုတ် ဆင့်ပေါင်းပေးလိုက်သည့် အားသစ်လောင်းမှုများပင်တည်း။
-
ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်တိုင်     အရာရှိငယ်၊ လေသူရဲမောင်/မယ်တို့အား   ရွှေတောင်ပံကို တပ်ဆင်ဂုဏ်ပြုပေးပါလိမ့်မည်။ အထက်အကြီးအကဲကိုယ်တိုင် တာဝန်အပ်နှင်း ဂုဏ်ပြုပေးခြင်းအပေါ် သူတို့--- သူတို့ရင်မှာ မည်သို့ခံစားရမည်ကိုတော့ မသိပါ။ ကျွန်တော်ကိုယ်တိုင်သည်ပင် ----ရင်ခုန်နေမိပါတော့သည်။     ။
-
မောင်လတ်(ကမ်းရိုးတန်း)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger