www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လူမှုဘ၀သုတ. Show all posts
Showing posts with label လူမှုဘ၀သုတ. Show all posts

Sunday, May 15, 2016

ရှင်ဘုရင် တစ်ခါထွက်


ရှင်ဘုရင် တစ်ခါထွက်

ဒေါက်တာချစ် ( ထပ်ဆင့်အမျိုးသားစာပေဆုရ )

''ရှင်ဘုရင် တစ်ခါထွက် ပဲကြီး တစ်လှေချက်'' ဟု ဆိုစကား ရှိခဲ့ဖူးပါသည်။ မြို့နယ်အဆင့်မှ တာဝန်အရှိဆုံး လူကြီးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အဆင့်သို့ ဆင်းလျှင် ယာဉ်မောင်း၊ လုံခြုံရေး၊ မိမိ၏ကိုယ်ရေး လုပ်ကိုင်သူ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း စသော မြို့နယ်အဆင့် တာဝန်ရှိသူ များနှင့် စီးပွားရေး ဌာနများမှ တာဝန်ရှိသူ များလည်း လိုက်ပါရသည်။

အောက်ခြေရှိ ပြဿနာများကို တစ်ခါတည်းနှင့် ဖြေရှင်းပေး နိုင်ရန် မြို့နယ်မှ တာဝန်ရှိသူ အများစု လိုက်ပါခြင်း ဖြစ်သည်။ ထိုအခါ အမှန် လိုအပ်သောလူ ခုနစ်ဦး၊ ကိုးဦး သာမက နောက်ထပ် လူ ၁ဝ ဦးခန့်ပါ လိုက်ပါရသဖြင့် လူ ၂ဝ ဦး၊၂၅ ဦး ဖြစ်သွား နိုင်ပါသည်။ အောက်ခြေ အဖွဲ့အစည်း များကလည်း ကျွေးမွေး ဧည့်ခံဖို့ လူအနည်းဆုံး ငါးဦး၊ ၁ဝ ဦးခန့်သုံးနိုင်မှ အလုပ်က အဆင်ပြေ နိုင်ပါသည်။ ထို့ကြောင့် မြို့နယ်အဆင့်က တစ်ကြိမ် ကွင်းဆင်း ဆောင်ရွက်လျှင် အထက်ရော အောက်ခြေကပါ လူ ၃ဝ ဦး၊ ၃၅ ဦးခန့် အနည်းဆုံး နေ့ဝက်ကုန်မည် ဖြစ်ပါသည်။ ထိုသို့ ကုန်ဆုံးသွားသော အချိန်သည် လုပ်ငန်းအတွက် လမ်းညွှန်ခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ တင်ပြ တောင်းခံ ခြင်း စသော ''လေဖြင့်'' လုပ်ခြင်းသာ ဖြစ်ပါသေးသည်။ အဲဒီ ''လေအလုပ်မှ အမှန်တကယ် အလုပ်'' သို့ ပြောင်းလဲ ဆောင်ရွက်ကြ ရဦးမည် ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်များကို အချိန်အခါ အလိုက် ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်စသည်တို့နှင့် အချိန်မရွေး ဧည့်ခံလေ့ ရှိကြသည်။ ထမင်းစားချိန် ရောက်လျှင်လည်း ထမင်းပွဲနှင့် ဧည့်ခံကြသည်။ ထိုအလေ့အထ သည် မြန်မာတို့၏ စေတနာ ဖြစ်သည်။ သို့ရာတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာဒေသမှ အပ ဆက်သွယ်ရေး လွယ်ကူသော နေရာဒေသ များတွင် ဧည့်ခံစရိတ် သည် ကြီးမားသော ပြဿနာ ဖြစ်နေသည်။ အစိုးရ ဌာနများတွင် ''ဧည့်ခံစရိတ် ခေါင်းစီး'' နှင့် ရန်ပုံငွေ လုံလောက်စွာ သတ်မှတ်ပေးခြင်း မရှိခဲ့ဘူးချေ။ ဒေသခံ ဝန်ထမ်းများ ကလည်း မိမိလစာမှ စိုက်ထုတ် ပြီး အစဉ်အမြဲ ဧည့်မခံနိုင်ချေ။ အထက်မှ ဆင်းလာသူများ အတွက် ဧည့်ခံရန် ကျေးရွာအများစုတွင် စားသောက်ဆိုင် မရှိကြချေ။ ဤသို့ဆိုလျှင် အထက်က ဆင်းမည့်သူ များသည် ကိုယ့်အစာကို ကိုယ်တိုင်ယူ ဆောင်သွားကြ ရမှာလားလို့ မေးစရာ ဖြစ်လာသည်။ သို့မဟုတ် စားသောက်ဆိုင် များ ကျေးလက်ဒေသ မှာရှိလျှင် '' ကိုယ်စား ကိုယ်ပေး ဒတ်ခ်ျဝေး ( DUTCH WAY ) '' လုပ်လေ့ မရှိတော့ ကြီးသူက ပေးရသည်။ သို့မဟုတ် ကြွယ်ဝသူက ပေးရတော့မည်။

''စေတနာ မရှိလျှင် မကျွေးမွေး ကြပါနဲ့၊ ကုန်ကျစရိတ်က ဘယ်လောက်များ လို့လဲ'' ဟု မေးနိုင်ပါသည်။ ''ဘုန်းကြီး ငါးပါးကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်တာ ဝက်သား ငါးပိဿာ ကုန်တယ်'' ဟုဆိုရာ ဘုန်းကြီးများ ဘုန်းပေး တော်မူ၍ (စား၍) ကုန်ခြင်း မဟုတ်ဘဲ အိမ်သူ အိမ်သားများ၊ ကူညီ လုပ်ကိုင်သူများ၊ ရပ်မိရပ်ဖ များပါ စားသောက်၍ ကုန်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဧည့်ခံစရိတ် သည် မနည်းလှချေ။ ထို့ထက် ညစာကျွေး ရပါက ယမကာများ ပါလာလျှင် အတော်လေး ကြီးသွားမည် ဖြစ်သည်။

စာရေးသူသည် အစည်းအဝေးတွင် ''ဘုန်းကြီးနှင့် ဝက်သား'' အကြောင်းကို ပြောထားသဖြင့် စာရေးသူ နယ်ဆင်းလျှင် စာရေးသူတို့ အဖွဲ့ကို လမ်းဘေး ဆိုင်မှာ စားရ သကဲ့သို့ အသားဟင်း နှစ်တုံးသာ ပါသော ဟင်းခွက် ကလေးများနှင့် ကျွေးမွေးကြသည်။ ယမကာ ကတော့ ''ဝေလာဝေးသေး'' ဖြစ်ပါသည်။ ဒီတော့ စာရေးသူနှင့် လိုက်ရသော လူကြီးတချို့က စာရေးသူ၏ အတင်းကို ကွယ်ရာမှာ ပြောကြကြောင်း သိရပါသည်။ စာရေးသူသည် မြန်မာနိုင်ငံ အလယ်ပိုင်း လမ်းမကြီး ငါးခုဆုံရာ မိတ္ထီလာ၌ ၁၆ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ ရသဖြင့် ဧည့်ခံရသည့် အတွေ့အကြုံ အတော်လေး ရှိပြီး ဖြစ်ပါသည်။

တချို့ဧည့်သည် က အပြန်မှာ လက်ဆောင်လေးကို မျှော်လင့် ကြသည်။ အညာပြန် လက်ဆောင် အဖြစ် မိန်းမအတွက် တစ်တုံး၊ ခယ်မအတွက် တစ်တုံး၊ ယောက္ခမအတွက် တစ်တုံးနှုန်းဖြင့် သနပ်ခါး သုံးတုံး လိုချင်ကြ ပါသည်။ စာရေးသူ ရန်ကုန် ရောက်ရင်လည်း ဘာပါသေးလဲဟု မေးသူလည်း ရှိပါသေးသည်။ အပြစ်ပြော နေခြင်း မဟုတ်ဘဲ မလွှဲ မရှောင်သာ သော မြန်မာဓလေ့ ကိုသာ ပြောခြင်း ဖြစ်ပါသည်။

ကုစားရန် နည်းလမ်းကတော့ အမှန်လိုမှ အောက်ခြေသို့ ဆင်းပါ။ မိမိက အောက်ခြေကို ဆင်းပြီး တိုးတက်မှုကို ဆန်းစစ်ပါ။ အမှန် လိုအပ်သူများ ကိုသာ မိမိနှင့် ခေါ်ဆောင် သွားပါ။ ဆရာလုပ်ခြင်း မဟုတ်၊ မိမိ၏ အတွေ့အကြုံ ကိုသာ တင်ပြခြင်း ဖြစ်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Monday, April 4, 2016

ပါးကွက်ကျား နှင့် ရှက်အားပိုမို


ပါးကွက်ကျား နှင့် ရှက်အားပိုမို

( မဒါလေး )

လက်ထဲတွင် ကိုင်ထားသော ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လက်ချောင်းများသာ နာလာသည် ဖုန်းသည် ဘာမှ ဖြစ်မသွားပေ။ ဖုန်းကိုကိုင်ကာ လက်ကို လွှဲမြှောက် လိုက်သည်။ ရုတ်တရက် ဦးနှောက်မှ အသိနှင့်သတိ ဝင်လာသည်။ နှလုံးသားမှ နာကျင်မှုက ခင်လေး ရင်တစ်ခုလုံး ကြေမွသွားပြီဟု ထင်ရသည်။ ခင်လေးနှင့် ကိုကို အိမ်ထောင် သက်တမ်း ဆယ်နှစ်အတွင်း တွင် သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။ 

ကိုကိုဘက်က အပြစ်ပြောစရာ မရှိအောင် ခင်လေးနှင့် သားသမီး များကို လိုလေသေး မရှိအောင် လုပ်ပေးခဲ့သည်။ အများနှင့်တန်းတူ နေထိုင်သွားလာ နိုင်အောင် စီမံပေးခဲ့သည်။ ခင်လေး အတွက် အိမ်ထောင့်တာဝန် ထိမ်းသိမ်းသည့် အလုပ်အပြင် အခြား အပိုအလုပ် ဟူ၍ မရှိခဲ့ပါ။ ကိုကို ကလည်း ခင်လေးကို အပြင်အလုပ် မလုပ်စေဘဲ အိမ့်တာဝန်နှင့် ကလေးနှစ်ယောက် တာဝန်သာ ကျေပွန်စေရန် အမြဲအားပေး နေခဲ့သည်။သမီးကလေး မွေးပြီးသည်ထိ ခင်လေးတို့ အိမ်ထောင်ရေး သည် အများ စံနမူနာယူ ရလောက်အောင် သာယာအေးချမ်း နေသည်။ ကိုကိုကလည်း လုပ်ငန်းအသစ် စတင်ချိန်ဖြစ်၍ အလုပ်ကိုသာ အာရုံထား ကြိုးစားသည်။

သမီးကလေး တာဝန်နှင့် အိမ့်တာဝန်များ ကြား၌ ခင်လေးတွင် အချိန်များ ပိုနေသေးသည်။ သမီးကလေး ကျောင်းတက်စ အချိန်တွင် သားလေး တစ်ယောက် ထပ်ရသည်။ သမီးကျောင်း ကြိုပို့တာဝန်၊ အိမ်မှုကိစ္စ များနှင့် သားလေး တာဝန်များ ကြားတွင် ခင်လေး အနည်းငယ် ပင်ပန်းစပြု လာသည်။ တစ်ခါတစ်ရံ တွင် ကိုကို အလုပ်အားသည့် နေ့များတွင် သမီးကိုကြိုပို့ ပေးသဖြင့် ခင်လေး အနည်းငယ် အနားရသည်။ သားငယ်သည် အမေကို မျက်စိအောက်က အပျောက်မခံသူ ဖြစ်သဖြင့် ခင်လေးမှာ သားဦး ကလေးထက်ပင် ပိုပင်ပန်းသည်။ ကိုကိုက အိမ်အကူ ခေါ်ရန် ပြောသော်လည်း အိမ်အလုပ် အပြင် အခြားအလုပ် မရှိသဖြင့် မိန်းမသား ပီပီ ခင်လေး ဝန်လေး နေမိသည်။ သို့အတွက် မိမိဘာသာ နိုင်အောင် လုပ်မည်ဟုသာ ဆုံးဖြတ်လိုက်ပြီး မခေါ်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရံ ညီမဝမ်းကွဲများ လာနေပေးသည့် အချိန်တွင် ခင်လေးအတွက် ကူဖော် ရသော်လည်း ညီမများက ကြာကြာ မနေနိုင်ကြ သဖြင့် ခင်လေးသာ ပိုပင်ပန်းခဲ့ ရသည်။

ပင်ပန်းမှုများ စုပုံလာသောအခါ ကိုကိုအပေါ် ယခင်ကကဲ့သို့ ဂရုစိုက် လိုစိတ်များ လျော့နည်း လာသည်။ မကြာခဏ ဒေါသထွက် တတ်လာသည်။ ခင်လေး၏ စိတ်တွင်လည်း စိတ်တို ဒေါသထွက်လျှင် စကားမပြောဘဲ နှုတ်ဆိတ် နေတတ်သည်က များသည်။ အထူးသဖြင့် ကိုကို အပေါ်တွင် စကားမပြောဘဲ နေဖြစ်သည်က များသည်။ ကိုကို့အတွက် လုပ်ပေးရသည် များမှာ ဝတ်ကျေတမ်းကျေ ဆန်လာသည် ထက် တစ်ခါတစ်ရံတွင် ပြီးစလွယ် ဖြစ်သလို လုပ်ပေးလိုက်သည်။ သို့သော် ကိုကို့ဘက်က အပြစ်တင်စကား မပြောခဲ့ပါ။ သည်လိုနှင့် ခင်လေးတို့ လင်မယား ကြားတွင် အရေးကြီး တိုင်ပင်စရာ ကလွဲလျှင် တီတီတာတာ စကားနည်း လာသည်။ အားလပ်ချိန် မိသားစုနှင့် သွားသည့် အခါများ တွင်လည်း မေးထူးခေါ်ပြော ဖြစ်လာသည်။ အားလျှင်လည်း နှစ်ဦးလုံး ကလေးများ နှင့်သာ အချိန်ကုန် နေတတ်သည်။

ယခုတလော ကိုကို့ကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ခါတိုင်း အလုပ်က ပြန်လာလျှင် သားငယ်ရှိရာကို တန်းလာပြီး တီတီတာတာ ပြောသည်။ ချော့မြူ ကစားသည်။ ခင်လေးကို လည်း ''ပြန်လာပြီနော်'' ဟု အမြဲ နှုတ်ဆက်တတ်သည်။ ယခု ယခင်လို မဟုတ်ဘဲ အခန်းထဲ တန်းဝင်၊ ရေချိုးပြီးမှ ထွက်၊ ထမင်းစားပြီးလျှင် အခန်းထဲ ပြန်ဝင်ဖြင့် ဤကဲ့သို့ လုပ်နေသည်မှာ တစ်ပတ်လောက် ရှိနေလေပြီ။ ခင်လေးစိတ်ထဲ မသင်္ကာ သော်လည်း ကိုယ့်အပေါ် အမြဲတမ်း ကြင်ကြင်နာနာ ရှိခဲ့သော ကိုကို့အပေါ်ကို အပြစ်မြင် ရမည့် စိတ်ကူးမျိုး မတွေးချင်ပါ။ သို့ အတွက်ကြောင့် စကြားနည်း ရန်စဲသာ နေလိုက်သည်။ သည်လိုနှင့် မိသားစု အတွင်း သွေးအေးစစ်ပွဲ ဖြစ်နေသည်မှာ ကြာ၍ နေပြီဖြစ်သည်။ တစ်ပတ်တစ်ခါ ကလေးများနှင့် အလည်အပတ် သွားသည့် အလေ့အကျင့် လည်း တဖြည်းဖြည်း ပျောက်လုလု ဖြစ်လာသည်။ သမီးကြီး၏ တီတီတာတာ ပူဆာမှုများ ကိုလည်း ကိုကို လျစ်လျူရှုတတ် လာသည်။ သည်တော့မှ ခင်လေးဒေါသ လည်း ငယ်ထိပ် ရောက်ခဲ့ရသည်။ သည်လောက် ချစ်သည့် သမီးကို လျစ်လျူရှုတတ် လာသော ကိုကို့ကိုလည်း အံ့သြမိသည်။

ကိုကိုရေချိုးခန်း မဝင်မီ အခန်းထဲသို့ ခင်လေး ရောက်သွားသည်။ အိပ်ရာထက်တွင် ဖုန်းတစ်လုံးဖြင့် အလုပ်များ နေသော ကိုကို့ကို ခင်လေးဘာမျှ မပြောဘဲ  နေလိုက်သည်။ ခဏကြာတွင် ရေချိုးခန်းထဲဝင်သွားသဖြင့် ကိုကို ချသွားသော ဖုန်းကို ခင်လေး ကောက်ကိုင် လိုက်သည်။ သည်မှာတင် မမြင်ချင်၊ မတွေ့ချင်သော စာသားများ အစီအရီ တွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင် ခင်လေးတို့ လင်နှင့်မယား ကြားတွင် စည်းတစ်ခု ရှိသည်။ မည်သူကမျှ သတ်မှတ်ထားခြင်း မဟုတ် တစ်ယောက်နှင့် တစ်ယောက် အလိုက်သိစွာ နေကြခြင်း ဖြစ်သည်။ တစ်ယောက်၏ ပစ္စည်းကို တစ်ယောက် ယူကိုင်ကာ စစ်ဆေးခြင်း မရှိ၊ ယုတ်စွအဆုံး ခင်လေးပိုက်ဆံအိတ် ကိုပင် ကိုကိုတစ်ခါမျှ ဖွင့်ကြည့်ခြင်း မရှိသကဲ့သို့ ကိုကို ပိုက်ဆံအိတ် ကိုလည်း ခင်လေး တစ်ခါမျှ ဖွင့်စစ်ခြင်းမျိုး ယနေ့ထိမလုပ်ခဲ့ပါ။ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု ဖြင့်သာ ရှေ့ဆက်ခဲ့ကြသည်။ ယခု ခင်လေး စိတ်ထဲထင့်နေ သမျှ သေချာသွားသည်။ ကိုကိုသည် ဖုန်းထဲမှ မိန်းကလေး နှင့် သာယာနေ လေပြီ။ ခင်လေးထံမှ မကြားရတာ ကြာသော ကိုကို ဟူသည့် ကြင်ကြင်နာနာ ချိုချိုသာသာ အသံကို ထို မိန်းကလေးထံမှ ကြားနေရသည်။ လူမမြင်ဖူးကြ သော်လည်း အတွေ့ထူးကို ဖုန်းထဲမှ ခံစားနေကြသည်။ ဖုန်းကိုကိုင်ကာ မြှောက်ထားသော ခင်လေးလက်ကို သတိနှင့် ထိန်းကာ အိပ်ရာထက် အသာပြန်ချပြီး ကိုကိုမသိမီ အခန်းထဲမှ ထွက်ခဲ့သည်။

ထိုညက ကိုကိုနှင့် စကားမပြော ဖြစ်ဘဲ ခင်လေး အိပ်ရာဝင်ခဲ့ သည်။ အလယ်တွင် အိပ်နေသော သားနှင့်သမီးကို ကြည့်ကာ ခင်လေး မျက်ရည်တို့ တိတ်တဆိတ် ကျခဲ့ရသည်။ နောက်တစ်နေ့ နံနက် ကိုကို အလုပ်မသွားမီ ခင်လေးက အိမ်တွင် ကူညီရန် လူတစ်ဦး ခေါ်ချင်ကြောင်း ပြောလိုက်သည်။ အစကတည်းက ပြောပြီးသား ဖြစ်သဖြင့် ဘာမှမငြင်းပါ။ ညနေ အပြန်တွင် သမီးကြီးကို တစ်ခါတည်းဝင် ကြိုခဲ့ရန် မှာလိုက်သည်။ ထို့နေ့က ခင်လေး ကိုယ့်ကိုယ်ကိုယ် မှန်ထဲ သေချာပြန်ကြည့် မိသည်။ ဆယ်နှစ်ဆိုသော အချိန်သည် ကိုယ်လုံး ပေါ်မှန်ထဲပင် မဆံ့အောင် ခင်လေး ဝနေသည်။ အိမ်အလုပ် တစ်ဖက် ကလေးနှစ်ဦးနှင့် မောပန်းနေသော ရုပ်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်ခါပြန် မကြည့်ချင် အောင် ဖြစ်နေရသည်။ ထို့နေ့က အယုံကြည် ရဆုံး သူငယ်ချင်း တစ်ဦးထံ ဖုန်းဆက်ကာ အကြောင်းစုံ ကို ရင်ဖွင့် လိုက်သည်။ သူငယ်ချင်းက တစ်ဖက်လူကို အပြစ်မမြင်ရန်၊ ကိုယ့် အားနည်းချက်ကို ကြည့်ရန်၊ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ် မချရန် သတိပေးသည်။ သူငယ်ချင်း ပြောသည်မှာ မှန်သည်။ ခင်လေး၏ အားနည်းချက် များကို တစ်ဖက်လူက ဖြည့်ပေးနေသည်။ သို့အတွက် ကိုကို့ အနေဖြင့် သာယာနေသည် လည်း ဖြစ်နိုင်သည်။ သို့သော် သာယာရုံတင် နှင့်ပင် ဇာတ်သိမ်းလျှင် တော်သေးသည်။ ယခုက အပြင်တွင် မတွေ့ရသေးသော အခြေအနေ ဖြစ်သဖြင့် ခင်လေး ကံကောင်း နေသေးသည်ဟု ပြောရမည် ဖြစ်သည်။ တစ်ဖက်က ကြည့်လျှင် လက်မခံ နိုင်သော်လည်း တစ်ဖက်ကို ပြန်စဉ်းစားလျှင် သားနှင့် သမီးက ရှိသေးသည်။ သူတို့ယခုမှ လူ့လောကထဲ ခြေချမိရုံ ရှိသေးသည်။ ခင်လေးသည် မိခင်တစ်ယောက်အနေဖြင့် သူတို့လေးများ၏ဘဝကို ရိုက်ချိုးလို့ မဖြစ်ပေ။ အပြန်ပြန် အလှန်လှန် စဉ်းစား နေမိသည်။ ခင်လေးနှင့်ကိုကို ချစ်ခဲ့ကြသည်က တစ်နေ့သည်လို ဖြစ်လာရန် မဟုတ်။ ဘဝနှစ်ခုကို နားလည်မှု အပြည့်ဖြင့် လျှောက်လှမ်းရန် သာ သစ္စာပြုခဲ့ ကြခြင်းဖြစ်သည်။ အခုမှ အချစ်ဆိုသော အရာကို အဓိပ္ပာယ်ဖွင့် ရမည့် အချိန်မဟုတ်။ အချစ်သည် အချစ်သာ ဖြစ်သောကြောင့် နောက်ဆုံးတွင် ကိုယ့် အားနည်းချက်ကို ပြင်ဆင်ရန် ခင်လေး ကိုယ့်စိတ်ကို အားတင်း လိုက်သည်။

ညနေခင်း တိုက်ခတ်လာသော လေပြည်လေး အောက်တွင် အိမ်ရှေ့ ဒန်းပေါ်တွင် သားငယ်ကို ချီလျက် ကိုကိုနှင့် သမီးကြီး ပြန်အလာကို ခင်လေး မျှော်နေမိသည်။ ကိုကိုကြိုက်သော သနပ်ခါး ပါးကွက်ကျား လေးကို သားအမိ  နှစ်ယောက်လုံးလိမ်းထားသဖြင့် စိတ်ထဲမှာ မလုံမလဲ ဖြစ်ကာ ရှက်အားပို နေမိသည်။ ဖျော်ထားသော အအေးခွက် ကလေးကလည်း ခင်လေးနှင့် အတူ ရင်ခုန်နေ ပေလိမ့်မည်။ အသင့်ပြင် ထားသော ထမင်းဝိုင်းလေး ကလည်း အပြုံးတွေ ဝေလျက် စောင့်စားနေသည်။ သည်လောက် ဆိုလျှင် ကိုကို ပြန်ရောက်သည် နှင့် ဖုန်းကို ဘေးချကာ မိသားစု လေးဘေးတွင် အချိန်တစ်ခု ပေးကာ ပျော်ရွှင်နိုင် လိမ့်မည်ဟု ခင်လေး ရင်ထဲ ယုံကြည်ချက်တွေ ပြည့်နှက်လျက် ရှိသည်။ ကိုကိုသည် ယောက်ျားလေး ပီပီ အပြုအစု အယုအယ ခံလိုသည်ကို ခင်လေးက လျစ်လျူရှုမိ ခဲ့သည်။ ခင်လေးအခု ကိုယ့်အပြစ်ကို မြင်မိပြီ။ တကယ်တော့ ပြဿနာက ဟိုဘက်က ဆွဲခေါ်သည် မဟုတ်ပါ။ ကိုယ်က တွန်းထုတ် လိုက်မိခြင်းသာ ဖြစ်ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Tuesday, March 1, 2016

ချစ်ခြင်း ညီတူမရမှု


ချစ်ခြင်း ညီတူမရမှု

( မဒါလေး )

''အမေ...အမေ... သမီး ကျောင်းမသွားချင်ဘူး။ သမီး ကျောင်းမသွား ချင်ဘူး''။ ကျောင်းမှအပြေး ပြန်လာသော သမီးဖြစ်သူကို ဒေါ်တင် တစ်ယောက် အံ့သြစွာ ကြည့်မိသည်။ ဤကျောင်းသို့ ပြောင်းထားသည်မှာ တစ်လပင် မပြည့်သေးသည့် ကာလအတွင်း သမီးဖြစ်သူ က ထိုသို့ပြောခြင်း ဖြစ်သည်။ သားသမီးကို အခြားအရာ များတွင် အလိုလိုက် သော်လည်း ပညာရေးနှင့် ပတ်သက်လျှင် အလိုလိုက်လေ့ မရှိသည့် ဒေါ်တင်၏ စိတ်ကို သားသမီးများ သိသည်။ ထိုသို့သိသည့် ကြားမှပင် ကျောင်းမတက် ချင်ဘူးဟု ပြောသော သမီးငယ်ကို ကြည့်ကာ အတော်ပင် အံ့သြ သွားကြသည်။ သားသမီးများ ထဲတွင် သမီးငယ်သည် စာကြိုးစားပြီး လိမ္မာသဖြင့် အမြဲချီးကျူး ရသူဖြစ်သည်။ အကြောင်းပြ ချက် တစ်ခုခု ရှိနေမည်မှာ သေချာသည်။ ငိုနေစဉ် ဘာမျှမမေး သေးဘဲ အငိုတိတ်အောင် ချော့လိုက်သည်။

ဒေါ်တင်တို့ မိသားစု ဤမြို့သို့ ပြောင်းလာသည်မှာ မကြာသေး သဖြင့် လူအတော် များများနှင့် စိမ်းနေသည်။ ရပ်ကွက်ကလည်း ကျယ်ပြန့်လွန်း သဖြင့် လူတိုင်းနှင့် ပင် သေချာမသိ သေးသည့် အခြေအနေ ဖြစ်သည်။ အိမ်နီးနားချင်း လောက်သာ မျက်မှန်းတန်း မိရုံရှိသေးသည်။ သို့အတွက် ကျောင်း တစ်ကျောင်း၏ ကောင်းသတင်း၊ ဆိုးသတင်း များကို သေချာ မသိနိုင်ဘဲ အိမ်နှင့်နီးသည့် ကျောင်းတွင်ပင် ကလေးများကို ကျောင်းအပ် လိုက်သည်။ မိမိမှားသွားပြီ လားဟု ဒေါ်တင် စိတ်ထဲ ဘဝင်မကျ ဖြစ်နေရသည်။ သမီးကိုချော့ကာ ထားခဲ့ပြီး ဘေးအိမ်သို့ အကူအညီ တောင်းရန် ထွက်လာခဲ့သည်။ ဘေးအိမ်မှ သူနှင့် ခင်မင်ခါစ အစ်မက ယခု အပ်ထားသော ကျောင်းသည် သူတို့မြို့တွင် စာသင် အကောင်းဆုံး ကျောင်း ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ သည်လည်း စေတနာ အပြည့်ဖြင့် သင်ကြား၍ ကလေးများကို ကျူရှင် ထားရန်ပင် မလိုအပ်ကြောင်း ပြောပြသည်။

လူ့သဘော သဘာဝအရ ကိုယ့် အားနည်းချက် ကို နောက်မှ ရှာတတ်သည်က သဘာဝပင် ဖြစ်သည်။ ကျောင်းက အဆင်ပြေလျှင် ကိုယ့်သား သမီးတွင် ဘာများ အားနည်းချက် ရှိနေသနည်း ဟု ယခုမှပင် စဉ်းစားမိသည်။ အိမ်ပြန်ရောက်မှ သမီးဖြစ်သူကို သေချာ မေးကြည့်ရမည်။ ရင်ထဲ တလှပ်လှပ် ရှိလှအောင်ပင် စိတ်တွေက အတွေးများဖြင့် လှုပ်ရှားနေသည်။ သမီးဖြစ်သူ ပြောမည့် အကြောင်းအရာမှာ ဘာများ ဖြစ်မည်နည်းဟု စိတ်မော နေမိသည်။ ''သမီးငယ်... သမီးကျောင်းမှာ ဘာတွေများ ဖြစ်လာလို့လဲ၊ စာတွေ နားမလည်လို့လား၊ သမီးမှာ ဘာ လိုအပ်ချက် တွေ ရှိလို့လဲ''။ သမီးငယ် မျက်ဝန်းထဲတွင် အားငယ်သည့် အမူအရာ၊ ရှက်ကြောက်သည့် အမူအရာများ မြင်လိုက်ရ သဖြင့် ဒေါ်တင် ရင်ထဲပို၍ စိုးထိတ်သွားရသည်။ ''အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး မေမေ၊ မိချိုကြောင့်ပါ။ သမီးတို့ အတန်းက မိချိုကြောင့်၊ သူက ဟိုဘက်လမ်းမှာ နေတာ''။ စကားကို ဆုံးအောင် မပြောဘဲ ငိုနေပြန် သဖြင့် ဘာမျှဆက်မေး မရတော့ပါ။

''မိချို ... မိချို'' ထိုအမည်ကို တတွတ်တွတ် ရွတ်လျက် ဘေးအိမ်သို့ ထွက်ခဲ့ပြန်သည်။ ''အစ်မရေ အကြောင်းကတော့ ဟိုဘက်လမ်းက မိချိုကြောင့်တဲ့၊ မိချိုဆိုတာများ သိလား မသိဘူး''။ အိမ်ရှင် အစ်မက အံ့သြသည့် မျက်နှာဖြင့် ''ညီမ သမီးတော့ မိချို မျက်စိကျ ပြန်ပြီထင်တယ်''။ ထိုအစ်မ ပြောသော စကားများသည် နားလည်ရ ခက်နေသည်။ ရှင်းမှပိုရှုပ် ဖြစ်နေပြီ ။ ''မိချိုဆိုတာ ဟိုဘက်လမ်းက ကလေးမလေး ကိုပြောတာ။ လူတိုင်း အမြင်ကတော့ ယောက်ျားလျာ စိတ်ပေါက်နေတဲ့ ကလေးမလေး ပေါ့''။ ထိုသို့ပြောမှ အနည်းငယ် သဘောပေါက် လာသည်။ မိချိုသမီးကို ဘာများ လုပ်လိုက်ပါလိမ့်။ ဒေါ်တင် စိတ်ထဲပိုပြီး ပူပန်သောက ဖြစ်မိနေသည်။ ''မိချိုက အဖေမရှိ တော့ဘူး။ အမေက အကြီးဆုံး သမီးမို့ အလို လိုက်ရင်းနဲ့ အဲဒီလို ဖြစ်နေတာ။ ယောက်ျားလေးေ တွနဲ့ပဲ ပေါင်းတယ်။ သူ့ကိုယ်သူလဲ မိန်းကလေးဆိုတာ မေ့နေတာလား မသိလောက် အောင်ပါပဲ။ အားလုံးကတော့ သူ့ကို ဖိုးချိုလို့ ခေါ်ကြတယ်''။ ထိုအစ်မ ပြောမှ မိချိုခေါ် ဖိုးချို အကြောင်းကို ပိုစိတ်ဝင်စား လာသည်။

''သူကကျောင်းကို ကျောင်းသူ အသစ်တွေ ပြောင်းလာရင် ယောက်ျားလေးတွေ ထက်ဦးအောင် မိတ်ဆက်တယ်။ ခင်အောင် လုပ်ပြီး ပေါင်းတယ်။ ခင်ပြီဆိုမှ မိန်းကလေးကို ချစ်ရေးဆိုတယ်။ ဒါပေမဲ့ ဘယ်မိန်းကလေး ကမှ မိချိုကို ပြန်ချစ်တယ်လို့ မကြားရဘူး။ ချစ်ခြင်း ညီတူမရှိကြ ပါဘူး။ သူနဲ့ ပေါင်းမိရင် ကျန်တဲ့ ယောက်ျားလေး တွေ အနားမကပ်ရဲ တော့ဘူး။ သူက ယောက်ျားလေးေ တွထက် ပိုဆိုးတယ်''။ ဤမျှ လောက်နှင့် သမီးဖြစ်သူ ကျောင်းမတက် ချင်အောင် ဖြစ်စရာ မရှိပေ။ ''အကြောင်း မသိလို့ သမီးက စိတ်ညစ်တာ နေမှာပါ နောက်တော့ လဲ သိလာ ပါလိမ့်မယ်။ လောလော ဆယ်တော့ ညီမက နည်းနည်း ဖျောင်းဖျ ထားလိုက်ပေါ့''။ ဘေးအိမ်က အစ်မပြောသည်ကို ဟုတ်ကဲ့ တစ်လုံး သာ ပြောနိုင်ပြီး အိမ်သို့ပြန်ခဲ့သည်။

မနက်ဖြန် ကျောင်းသွားရန် အတွက် သမီးကို ဖျောင်းဖျရမည်။ အကြောင်းရင်း အတိအကျ ကိုလည်း အသေအချာ မေးရမည် ဖြစ်သည်။ သမီးဖြစ်သူ စိတ်ကြည်သော အချိန်တွင် အသေအချာ မေးရန် အခြေအနေ ကြည့်နေ လိုက်သည်။ ''သမီး ဘာလို့ ကျောင်းမသွား ချင်တာလဲ မေမေ့ကို သေချာ ပြောပြပါအုံး။ သေချာသိမှ မေမေလဲ စီစဉ်ပေးလို့ ရမှာပေါ့''။ မျှော်လင့်ချက်ဖြင့် ကြည့်နေသော သမီး၏ မျက်ဝန်းများကို ကြည့်ပြီး ရင်ထဲမကောင်း ဖြစ်မိသည်။ " မေမေ မိချိုဆိုတာ သမီးတို့အတန်းက ကျောင်းသူကို ပြောတာ။ သူက ယောက်ျားလေး စိတ်ပေါက် နေတယ်။ သူက ယောက်ျားလေး အတန်း နောက်ဆုံးမှာ တစ်ယောက်တည်း ထိုင်တယ်။ မနေ့က အတန်းထဲမှာ သူထိုင်တဲ့ ခုံမှာ အညစ်အကြေးတွေ အကုန်ပေပွ နေတာပဲ။ ဒါကို သေချာသန့်ရှင်း ရေး မလုပ်ဘဲ စက္ကူတွေနဲ့ သုတ်ပြီး ထသွားတယ်။ သူ့လုံချည် နောက်မှာလဲ ပေပွနေတာပဲ။ ဒါကို ကောင်လေးတွေက ကြည့်ပြီး ဝိုင်းဟားကြတယ်။ အဲဒီမိချိုက သမီးကို ချစ်တယ်ဆိုတော့ သမီး အရမ်းရှက်တယ်။ ဆရာမ ဆူလဲသူက မရဘူး။ သူ့ကိုယ်သူ ယောက်ျားလေးလို့ ထင်နေတယ်''။ သမီးဖြစ်သူ ပြောမှပင် အကြောင်းစုံ လိပ်ပတ်လည်သည်။

မိဘကချစ်ပြီး အလိုလိုက် ထားသည့်အခါ ကလေးများသည် လမ်းကြောင်း လွဲသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သည်ကြားထဲ မိချိုက အဖေပါမရှိ သဖြင့် သူ၏မိခင်က အခြားမိခင် များထက် ပိုအလိုလိုက် မိသည်ထင်သည်။ သူများမိသားစု ကိစ္စဖြစ်သဖြင့် ဘေးလူက ဝင်ပြောရန်လည်း မသင့်ပေ။ သမီးဖြစ်သူကိုသာ ဖျောင်းဖျပြောဆို ရုံမှအပ ဘာမျှမတတ် နိုင်ခဲ့ပါ။ နောက်ပိုင်းတွင် မိန်းကလေးများ အိမ်ရှေ့တွင် သီချင်းသွားဆို သော ဖိုးချိုအကြောင်း၊ ယောက်ျားလေးများ နှင့်ရန်ဖြစ်ကာ ရပ်ကွက်ရုံး ရောက်သည့် ဖိုးချိုအကြောင်း၊ ယောက်ျားလေး သူငယ်ချင်း များဖြင့် ထန်းရည် သွားသောက်သဖြင့် ကျောင်းထုတ်ခံ ရသော ဖိုးချိုအကြောင်း၊ ဖိုးချိုကို မိန်းကလေးစိတ် ပြန်ဝင်စေရန် သီလရှင် ဝတ်ပေးရန် စီစဉ်သော မိခင်နှင့် စကားများကာ အိမ်မှအပြီးအပိုင် ထွက်သွားသော ဖိုးချိုခေါ် မိချိုအကြောင်း များကို နားနှင့်မဆံ့ နိုင်အောင် ကြားခဲ့ရသည်။

မိချိုခေါ် ဖိုးချို၏ ဘဝသည် တကယ် သနားစရာ ကောင်းလှသည်။ သူလိုချင်သော၊ သူတောင်းခံခဲ့သော အချစ်ကို မိန်းကလေးများ ထံမှ တုံ့ပြန်မှုဖြစ်သော ချစ်ခြင်းညီတူ မရ၍ ထင်ရာစိုင်း သွားခြင်းပေလော ဟု ဒေါ်တင်မှာ အတွေးနက် နေမိပါတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

Thursday, February 11, 2016

Facebook ထဲမှ ရသများ



Facebook ထဲမှ ရသများ

( ခင်ဖြူသက် )

ခေတ်အခြေအနေ အရ လူကြီး၊လူငယ် (အမျိုးသား၊ အမျိုးသမီး) အတော်များများ လက်ကိုင်ဖုန်း ကိုင်ပြီး Facebook သုံးသူများလာတာ တွေ့နေရပါတယ်။ ဘာလို့ Facebook သုံးကြတာလဲ။

စာရေးသူကတော့ ကောင်းသော ဗဟုသုတအမျိုးမျိုး ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးပါတယ်။ Facebook သုံးသူ အများစုကိုလဲ ဒီရည်ရွယ်ချက်မျိုးပဲ ရှိလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ Facebook သုံးသူတိုင်း ကိုတော့ အဲဒီလို သတ်မှတ်လို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Facebook မှာတွေ့ရ၊ မြင်ရ၊ ဖတ်ရှုရတဲ့ Post တွေ Continue Reading တွေမှာ တချို့က ဗဟုသုတရဖွယ် တရားဓမ္မ စာစုများ၊ မြန်မာ၊ ကမ္ဘာအနှံ့အပြား က သတင်းတွေ၊ ထူးခြား ဖြစ်စဉ်တွေ၊ မှတ်သားစရာ စကားရပ်တွေ၊ ကာတွန်းတွေ၊ ဓာတ်ပုံတွေ စသည်ဖြင့် အမျိုးမျိုး တင်ကြတယ်။ တချို့ကတော့ မည်သူ တစ်ဦးတစ်ယောက် အတွက် ကောင်းကျိုးမရတဲ့ ၊ ဘာမှ မထူးဆန်းတဲ့ ၊ မရေးသင့်တဲ့ စာသား ၊ မတင်သင့်တဲ့ ဓာတ်ပုံတွေကို အချိန်ကုန်ခံ ၊ ငွေကုန် ခံပြီး ရေးသားတင်ပြ နေကြတာကို တွေ့မြင်နေရပါတယ်။

ဒီရက်ပိုင်းမှာ စာရေးသူ အံ့သြတုန်လှုပ် သွားစေတဲ့ Post တစ်ခု Facebook မှာ ဓာတ်ပုံနဲ့တကွ တွေ့လိုက်ရတယ်။

(ကျမ အသက်၂၅နှစ်ပါ။ ရုပ်လှပါတယ်။ တစ်လကို ငွေကျပ်သိန်း ၅ဝဝ ဝင်ငွေရှိတဲ့ အိမ်ထောင်ဖက် လိုချင်ပါတယ်) တဲ့လေ။ နောက်ထပ် ရေးထားလိုက် သေးတယ်။ ငွေကြေးချမ်းသာသူ အမျိုးသားတွေရဲ့
အိမ်ထောင်ဖက် အမျိုးသမီးတွေက သာမန်ရုပ်ရည်မျိုး တွေပဲ ရှိကြတာ များတယ်လို့ဆိုပဲ။

ဒီနေ့ခေတ်ဟာ တိုးတက်ခေတ်မီ ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်နေပြီဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် လွတ်လပ်သင့် ၊ ပွင့်လင်းသင့်တဲ့ အတိုင်းအတာတော့ ရှိရမယ်လို့ မြင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး တန်းတူ ရင်ပေါင်တန်းပြီး အလုပ်အကိုင် ရှာဖွေနေကြတဲ့၊ ပညာတွေလဲ တန်းတူသင်ယူ နေနိုင်ကြတဲ့၊ အခွင့်အရေး တန်းတူရရှိနေကြတဲ့ ဒီခေတ်ကြီးမှာ ကြားရ၊ မြင်ရ၊ ဖတ်ရတဲ့ စာသားတွေ ရှေးကျလိုက်တာလို့ ဆိုရမလား။ အဲဒီလိုလဲ မဟုတ်သေးပြန်ဘူး။ ရှေးခေတ်မှာ ကတည်းက မိဖုရားဖြစ်ဖို့ထက် ကိုယ်တိုင် ဘုရင်မဖြစ်အောင် ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ့်ဘဝ ကိုယ်ထူထောင်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ ဒီခေတ်ထဲမှာလဲ အဲဒီလို အမျိုးသမီးတွေ အများကြီးပါ။

တကယ်တော့် မှီခိုပြီး ဘ၀ကို ရပ်တည်ချင်သူနဲ့ ကိုယ့်အားကိုယ်ကိုး ချင်သူတွေရဲ့ မတူညီတဲ့ စိတ်ထားတွေလို့ပဲ ထင်ပါတယ်။ ဒီ Post လေးမှာ မိန်းကလေး တစ်ယောက်ရဲ့ အိမ်ထောင် ဖက် ရွေးချယ်လိုမှုမှာ သူအဓိက လိုအပ်တဲ့အချက်ကို တင်ပြထားတာလို့ အကြမ်းဖျင်း သုံးသပ်မိပါတယ်။ သူတင်ပြထားတာက အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့ ရှိသင့်၊ ရှိအပ်တဲ့ အရည်အချင်းတွေ မဟုတ်ဘဲ သူလိုချင်တဲ့ တစ်လဝင်ငွေကို အဓိကထား တင်ပြနေတာ ဖြစ်လို့ မြန်မာ အမျိုးသမီး တစ်ယောက် အနေနဲ့ အရှက်အကြောက်၊ သိက္ခာ၊ ဟီရိသြတ္တပ္ပ တရားဆိုတဲ့ စကားလုံးတွေကို မကြားဘူးခဲ့ တာလား၊ မသင်ယူခဲ့ဘူး တာလား၊ သိရက်နဲ့ပဲလားလို့ မေးရမလိုပါ။

အမျိုးသမီးတစ်ယောက် အနေနဲ့ အိမ်ထောင်ဖက်ကောင်း လိုချင်ရင် ရုပ်လှတာတစ်ခုထဲနဲ့ မရနိုင်သလို ငွေကြေးစီးပွား ပြည့်စုံတဲ့ အမျိုးသားတိုင်း ဟာလဲ ပြီးပြည့်စုံတဲ့ အိမ်ထောင် ဖက်ကောင်း ဖြစ်လိမ့်မယ် ဆိုပြီး သတ်မှတ်ထားလို့ မရနိုင်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ အိမ်ထောင်ဖက်၊ ချစ်သူရွေးချယ်မှု ဆိုတာကလဲ မြန်မာ့ ထုံးတမ်းစဉ်လာ အရဆိုရင်တော့ စတင် ကမ်းလှမ်းသူ နေရာဟာ အမျိုးသားတွေ အတွက်သာ ဖြစ်ပါတယ်။

အမျိုးသမီးဘက်က ဘယ်လောက်ပဲ စတင် နှစ်သက်မိပါစေ ၊ စတင်ဖွင့်ပြောရိုး ထုံးစံ မရှိခဲ့ပါဘူး။ ဒါ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဥပဒေ သတ်မှတ်ထားတာ မဟုတ်တဲ့ ထုံးတမ်း အစဉ်အလာ တစ်ခုပါ။

အမျိုးသမီး တစ်ယောက် ဘဝမှာ ကိုယ့်ဘက်က ပညာ၊ သိက္ခာ၊ ကိုယ်ကျင့်တရား ကောင်းမွန်နေရင် ထိုက်သင့်တဲ့ အိမ်ထောင်ဖက် ဆိုတာ ကိုယ်က မရှာပေမယ့် ကမ်းလှမ်းသူက ရောက်လာ စမြဲပါ။ ကိုယ့်ကို ကမ်းလှမ်းလာသူ တွေထဲကမှ ကိုယ်တကယ် နှစ်သက်ကြည်ဖြူ နိုင်မယ့်သူ၊ ကိုယ့်ကိုလဲ အမှန်တကယ် ကြင်နာမြတ်နိုး နိုင်မယ့်သူကို အချိန်ယူ လေ့လာရွေးချယ် ကြရတာကသာ အမျိုးသမီး ဘက်က လုပ်သင့်တဲ့ အရာလို့ ထင်ပါတယ်။

ဒါတောင်မှ ရွေးချယ်လိုက် တုန်းက မှန်ကန်တယ် ထင်ရပေမယ့် ကံကြမ္မာ အလှည့်အပြောင်း အရ ရပြီးခါမှ ကောင်းတဲ့သူက ဆိုးသွား နိုင်သလို ဆိုးတဲ့သူ ကောင်းသွား တာမျိုးလဲ ရှိနေနိုင် ပါသေးတယ်။ ရုပ်ချောတာ၊ လှတာကို ကြော်ငြာပြီး သတ်မှတ်ထားတဲ့ ဝင်ငွေနဲ့ ပြည့်စုံသူကို အိမ်ထောင်ဖက် အဖြစ် လက်ခံမယ် ဆိုရင်လဲ တကယ့် အိမ်ထောင်ရေး လူမှုဘဝမှာ အရေးကြီးဆုံး ဖြစ်တဲ့ တစ်ဦးပေါ် တစ်ဦး ထားရှိရမယ့် မေတ္တာတရားတွေ၊ စေတနာတွေ၊ သံယောဇဉ်တွေ မပါတဲ့ အတွက် အိမ်ထောင်ရေး ခိုင်မြဲဖို့ရာ အာမခံချက် မရှိပါဘူး။ အမျိုးသားပဲ ဖြစ်စေ၊ အမျိုးသမီးပဲ ဖြစ်စေ လူရယ်လို့ ဖြစ်လာရင် ရုပ်ချောတာ၊ လှတာနဲ့ ဝင်ငွေ (ငွေကြေးချမ်းသာ တာတွေ) ထက် အဲဒီလူရဲ့ ပညာ၊ သိက္ခာ၊ သမာဓိ၊ ကိုယ်ကျင့်တရား တွေကသာ တန်ဖိုးအရှိဆုံး အရာတွေပါ။

အမျိုးသမီး တစ်ယောက်ရဲ့ အလှအပဆိုတာ မတည်မြဲသလို လူတစ်ယောက်ရဲ့ ဝင်ငွေဆိုတာလဲ အမြဲတမ်း မကောင်းနိုင်ပါဘူး။ စီးပွားရေးဆိုတာ အတက်အကျ ရှိစမြဲမို့ပါ။ လူတစ်ယောက် (အမျိုးသား၊ အမျိုးသမီး)မှာ ရှိသင့်

ရှိထိုက်တဲ့ အရည်အချင်းတွေ၊ ငွေကြေးတွေ၊ ရုပ်ဆင်းတင့်တယ် ချောမောမှုတွေ ဘယ်လောက်ပဲ ပြည့်စုံနေ ပါစေ။ အတိတ်ကံက ပေးလာတဲ့ ဖူးစာဖက်၊ အိမ်ထောင်ဖက် ကိုလဲ တွေ့ကြုံနိုင် ပါသေးတယ်။ ချမ်းသာသူနဲ့
ဆင်းရဲသူ၊ ရုပ်ဆိုးသူနဲ့ ရုပ်ချောသူ၊ စိတ်ဓာတ် ကောင်းသူနဲ့ စိတ်ထားညံ့ သူတွေ အိမ်ထောင် ဖက် ဖြစ်သွားကြတာ တွေဟာ အတိတ်က ရေစက်ကြောင့်လို့ ဗုဒ္ဓဘာသာဝင် မှန်ရင် နားလည်လက်ခံ ထားကြပါတယ်။ ကိုယ်ဖြစ်ချင် တိုင်းသာ ဖြစ်နေရင်လဲ လူတိုင်း လူတိုင်းဟာ ကိုယ်နှစ်သက်သူ နဲ့ပဲ ညားပြီး အစစအရာရာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက် တွေနဲ့ချည်း တွေ့နေကြ ရမှာပါ။ တစ်မိသားနဲ့ တစ်မိသား တစ်သက်လုံး အတူပေါင်းသင်း နေထိုင်သွားဖို့ရာ (ငွေ) တစ်ခုထဲကြည့်ပြီး ရွေးချယ် နေကြရင်လဲ အရပ်ထဲမှာရော သတင်းစာ ထဲမှာပါ ကွာရှင်းပြတ်စဲ သတင်းတွေ ဒိထက်ပိုများ လာဖို့ပဲ ရှိတော့မှာပါ။

ဒါကြောင့် မြန်မာ အမျိုးသမီးတိုင်းကို ခေတ်မီ တိုးတက်တဲ့ အတွေးအခေါ် တွေနဲ့ လုပ်ရည်ကိုင် ရည် တွေအပြင် ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ တွေကိုလဲ မြန်မာ့ထုံးတမ်း အစဉ်အလာ ကောင်းတွေနဲ့ အတူ ထိန်းသိမ်း စေချင်ပါတယ်။

နောက်တစ်မျိုးက Facebook မှာ Post တင်တဲ့သူရဲ့ အကြောင်းအရာ တွေကို အောက်ကနေ လိုက်ပြီး Comment လုပ်သူတွေပါ။ မြန်မာစာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်တဲ့ နိုင်ငံခြားသားတွေ ဖတ်မိ ရင် မြန်မာတွေ အတော်ရိုင်းတဲ့ လူမျိုးတွေ ပါလားလို့ ထင်သွား စေလောက်တဲ့ အရေးအသားမျိုး တွေပါ။

ကိုယ့် မကျေနပ်ချက်တွေ၊ သဘောမကျ မှုတွေကို ယဉ်ကျေးစွာ တုံ့ပြန် မရေးသားဘဲ အဆဲမျိုးစုံ၊ မိုက်ရိုင်းတဲ့ စကားလုံးမျိုးစုံကို မကြားဝံ့မနာသာ၊ မဖတ်ဝံ့စရာ ရေးသားထားတာ တွေပါ။ ဆွမ်းဆန်ထဲ ကြွက်ချေး ရော ထားသလို ကောင်းမွန် မှတ်သားထိုက်တဲ့ စကားစု တွေကြားမှာ ကြမ်းတမ်းတဲ့ စကားရပ်တွေ က ရောနှောနေတာ တွေ့ရတာကလဲ စိတ်မချမ်းသာ စရာပါ။ အဲဒီလို ရေးသားသူ တွေကို မိမဆုံးမ၊ ဖမဆုံးမသား တွေလို့ ပြန်ပြီး ဝေဖန်ကြ ပြန်တော့ မိဘတွေမှာ နေရင်းထိုင်ရင်း သားသမီး ဆိုဆုံးမမှု ညံ့ဖျင်းသူတွေ ဖြစ်ရပြန်ရော။

ကိုယ့်ကြောင့် မိဘတွေထိခိုက် ခံရတော့ အဲဒီ သားသမီးတွေ ငရဲကြီးပြီပေါ့။ မူရင်းဓာတ်ပုံ တွေကို မကြည့်ရဲ၊ မမြင်ဝံ့စရာ ပုံစံမျိုးတွေ ပြောင်းလဲ ပြုပြင်ပြီး တင်ကြတာတွေ၊ လူကြီးမှန်း၊ လေးစားရမှန်း မသိ မလျော်ကန်တဲ့ ပုံစံတွေဖျက်ပြီး တင်ကြတာတွေ ကလဲ မြန်မာလူငယ် တွေရဲ့ လက်ရှိကာလမှာ လူကြီးတွေ အပေါ် ဂါရဝတရား ခေါင်းပါး နေတာကို ပြဆိုနေသလို ပါပဲ။ လူငယ်တိုင်း ကိုတော့ မဆိုလိုပါ။

အများအကျိုး ရှိစေမယ့် ဗဟုသုတတွေ၊ မှတ်သားလိုက်နာ ကျင့်သုံးသင့်တဲ့ တရားဓမ္မ အဆုံးအမတွေ ၊ ရယ်စရာ ကာတွန်းလေးတွေ ၊ မမြင်တွေ့ဖူးတဲ့ ပစ္စည်းတွေ ၊ ရှုခင်းလေးတွေ ၊ မရောက်ဖူးသေးတဲ့ အထင်ကရ နေရာတွေကို Facebook မှာတင်ထားလို့ တွေ့ရ၊မြင်ရ၊ ဖတ်ရှု လေ့လာရပြန် တော့လဲ စိတ်ကြည်နူး ပီတိဖြစ်ပြီး ဝမ်းသာမှုခံစား ရပါတယ်။ အဲဒီလို Post တင်ပေးတဲ့သူ တွေကို လဲ ကျေးဇူးတင်စိတ်နဲ့ သာဓုခေါ်မိပြန် ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး လက်ကိုင်ဖုန်း တွေ ကိုင်နိုင်လာတဲ့ ခေတ်ကြီးမှာ တစ်ကမ္ဘာလုံးရဲ့ သတင်းတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လျင်လျင်မြန်မြန် ရောက်ရှိနေတဲ့ အချိန်အခါ ဖြစ်လို့ ကမ္ဘာ့အလယ်မှာ မြန်မာဟာ ယဉ်ကျေးတဲ့ လူမျိုး၊ စာနာတတ်တဲ့ လူမျိုးလို့ သတ်မှတ်တာ ခံထား ရတာတွေ မပျောက်ပျက် ရလေအောင် ထိန်းသိမ်းထားကြ စေချင်တာပါ။

အသိဉာဏ်ရှိသူ တွေပိုပြီး အသိပညာကြွယ်ဝ လာစေဖို့၊ အသိဉာဏ်ပညာ ဗဟုသုတ နည်းသူတွေ ပိုပြီးသိရှိ လာစေဖို့၊ နောင်လူကြီး ဖြစ်လာမယ့် လူငယ်တွေကို အတုယူမမှား စေဖို့ ယဉ်ကျေးတဲ့ စာသားတွေ၊ စကားလုံးတွေနဲ့ Post တွေ၊ Comment တွေကိုသာ အများအကျိုး အတွက် ရည်ရွယ်ပြီး ရေးသား တင်ပြ နိုင်ကြပါစေလို့လဲ ဆန္ဒပြုလိုက် ပါတယ်။

ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့် အရည်အသွေးကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားနိုင်ပြီး မှန်ကန်တဲ့ အတွေးအခေါ်တွေ နဲ့အတူ အခုဘဝတင် မက နောင်သံသရာ ထိပါ ကောင်းမွန်စေမယ့် အပြောအဆိုတွေ ၊ အပြုအမူတွေ ၊ အရေးအသာ တွေကို Facebook အသုံးပြုရင်း လုပ်ဆောင်နိုင်တဲ့ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတွေ ဖြစ်နိုင်ကြပြီး ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ လို့ ဝင့်ထည် နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသား လိုက်ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Monday, November 16, 2015

လည်ချင်းယှက်ပါလို့ နွှဲခါပျော်စံ


လည်ချင်းယှက်ပါလို့ နွှဲခါပျော်စံ

မဒါလေး

အိမ်ထောင်တစ်ခု ထူထောင်ရန် ခက်ခဲသကဲ့သို့ ထူထောင်ပြီးသော အိမ်ထောင်တစ်ခု ရေရှည်တည်တံ့ ရန်မှာလည်း လွန်စွာပင် ခက်ခဲပြီး နက်နဲလွန်းသည်။ အိမ်ထောင်ရေးကို အနုပညာနှင့် တင်စားလျှင် ထို အနုပညာကို ပါဝင် တင်ဆက်ရန် အတွက် သရုပ်ဆောင် များစွာလည်း လိုအပ်သည်။ ထို သရုပ်ဆောင် များထဲတွင် လင်နှင့်မယား ဆိုသူမှာ အဓိက ဇာတ်ဆောင်များ ဖြစ်ကြသည်။ ထိုသို့သော အနုပညာ ဆန်သည့် အိမ်ထောင်ရေးကို ဖြတ်သန်းကြမည့် သူများသည်လည်း အနုပညာ မြောက် ဖန်တီး တတ်သော စွမ်းအားများစွာ လိုအပ်သည်။ သို့သော် တကယ်လက်တွေ့ ကြုံတွေ့ရသော အိမ်ထောင်ရေး သည် သရုပ်ဆောင် သလောက် မလွယ်ကူပေ။ ထိုထက်ပိုပြီး ခက်ခဲသော၊ နက်နဲသော လျှို့ဝှက် ဆန်းကြယ်မှု များစွာ ကြုံတွေ့ နိုင်သည်။

အိမ်ထောင်ရေးတွင် အသက်အရွယ် ကွာဟမှုများလျှင် မဖြစ်သင့်သော စိုးရိမ်ပူပန်မှုများ တတ်သည်ဟု လူကြီးသူမ များက ပြောတတ်ကြသည်။ ယနေ့ခေတ်တွင် ယောက်ျားနှင့် မိန်းမ အသက်အရွယ်က အဓိက မကျဟု ဆိုသော်လည်း အသက်အရွယ် ထက် အတွေးအခေါ် အမြော်အမြင် က ပို အရေးကြီးသည်။ အသက်ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အိမ်ထောင် တစ်ခုကို ထိန်းသိမ်း နိုင်သည့် အရည်အချင်း ရှိရမည်။ ထို့ပြင် အိမ်ထောင်တစ်ခုကို တည်ဆောက် လိုသော် မိမိကိုယ်ကို ယုံကြည်ချက် ရှိရမည်။ ထို့နောက် မိမိလက်တွဲဖော် အပေါ်တွင် ယုံကြည်ချက် ရှိရမည်။ ထိုအရာများ၏ နောက်တွင်ကား စီးပွားရေးနှင့် လူမှုရေးတို့ တွဲကပ်လိုက်လျက် ရှိနေကြသည်။

လင်နှင့်မယား ဆိုသည်မှာ သာမန်ကြည့်လျှင် သူစိမ်းနှစ်ဦး ဘဝတစ်ခုကို အတူ ပေါင်းဖက်ရန် လျှောက်လှမ်းပြီး အတူ နေထိုင်ကြခြင်း ဖြစ်သည်။ လူနှစ်ဦး အတူ နေထိုင်ခြင်းသည် ဘာမျှ မပြောပ လောက်သော ကိစ္စဟု ဆိုနိုင်သော်လည်း ထိုသို့ အတူနေနိုင်ရန် ဝိုင်းဖွဲ့ထားသော လူမှု အခင်းအကျင်း ကမူ ကျယ်ပြန့်လွန်း လှသည်။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရဆိုသည်မှာ သီချင်းထဲတွင် ကျန်ခဲ့ရုံမက ကွယ်ပျောက် သွားသော ယုံတမ်းစကား ဖြစ်နေပေပြီ။ သို့အတွက် လင်နှင့်မယား ဖြစ်လာကြသော အိမ်ထောင် တည်ဆောက်သူ များသည် လူမှု အသိုင်းအ၀ိုင်း တစ်ခုတွင် တန်းတူ လျှောက်လှမ်းနိုင်ရေး အတွက် အပြိုင်အဆိုင် ကြိုးစား ရမည်ဖြစ်သည်။ ယနေ့ခေတ် တွင်မူ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုသည်မှာ တွင်ကျယ်လွန်း ရုံမက လက်တွေ့ ကျင့်သုံးရမည့် ဆောင်ပုဒ်တစ်ခု ဖြစ်နေသည်။ ယခင့် ယခင်က ကဲ့သို့ အိမ်ထောင်ဦးစီး ယောက်ျား ရှာဖွေသည်ကို ဇနီးမယားနှင့် သားသမီးများ ဇိမ်ကျကျ ထိုင်စားနိုင်သော ခေတ် မဟုတ်တော့ပါ။ ထိုသို့ထိုင်စား နိုင်လောက်အောင် ကံကောင်းသော အိမ်ထောင် ရှင်မများ ရှားလာပြီ ဖြစ်သည်။

အိမ်ထောင် တစ်ခုတွင် လင်နှင့်မယား ဆိုသည်မှာ တစ်ခါတစ်ရံ တွင် မောင်နှမကဲ့သို့ သော်လည်းကောင်း၊ တစ်ခါတစ်ရံတွင် သားအဖ ကဲ့သို့ သော်လည်းကောင်း၊ တစ်ခါတစ်ရံ တွင် သူငယ်ချင်း ကဲ့သို့ သော်လည်းကောင်း ပွင့်လင်း ရိုးသားရန် လိုအပ်သည်။ ရိုးသားခြင်း ကိုပင် ရှက်စရာ ထင်နေသော အချိန်အခါ အခြေအနေတွင် လင်နှင့်မယား ကြားတွင် အရိုးသားဆုံး စိတ်ရင်းဖြင့် ဆက်ဆံရန် ပိုလိုအပ်သည်။ ယောက်ျား၏ ကိစ္စအဝဝကို မိန်းမကသိရန် လိုအပ် သကဲ့သို့ မိန်းမလုပ်သော အလုပ် အကိုင်နှင့် လူမှုရေးကိစ္စ အဝဝကိုလည်း ယောက်ျားက သိရန် လိုအပ်သည်။ ထိုသို့ ပြုမူနေထိုင်မှ သာလျှင် သာယာသော အိမ်ထောင် တစ်ခု ဖြစ်လာမည် ဖြစ်သည်။ 

အချို့အချို့သော အိမ်ထောင် များတွင် တစ်ဦး နှင့်တစ်ဦး ဘာလုပ်လို့ ဘယ်သွားသည် ကိုပင်မသိဘဲ အမြဲ အပြစ်တင်ကာ အဖြေညှိ နေရသည် များကို တွေ့မြင် နေရသည်။ ထိုသို့ သံသယဖြင့် အမြဲတစေ တစ်ဦးနှင့်တစ်ဦး စောင့်ကြည့် နေပါလျှင် မည်သို့သော ပျော်ရွှင်ချမ်းမြေ့ မှုမျိုးမှ တွေ့လာလိမ့်မည် မဟုတ်ပါ။ ယောက်ျား၏ လုပ်ငန်းသည် မိန်းမနှင့် မဆိုင်ဟု ဆိုကာ အချိန်တန် လစာ အပ်ရေးသာ တွေးနေပါလျှင် လင်နှင့်မယားဟု အဘယ်ကြောင့် ခေါ်တော့ မည်နည်း။

အိမ်ထောင်တစ်ခု တည်ဆောက် ရာတွင် အဓိကကျသည့် အချက် တစ်ခုမှာ နေရေးထိုင်ရေးပင် ဖြစ်သည်။ ပထမဦးစွာ အိမ်ထောင်တစ်ခု မတည်ဆောက်မီ ကပင် မိဘများနှင့် အတူ နေမည်လော။ မိမိမိသားစု ကိုယ်ပိုင်နေရာ တစ်ခု ထူထောင်ပြီး နေမည်လော ထိုအချက် သည်လည်း အရေးကြီးသည်။ မိဘနှင့်အတူ နေလျှင် မည်သူ၏ မိဘများနှင့် အတူ နေမည်နည်း။ အတူနေမည့် မိဘများ၏ စိတ်သဘောနှင့် အပြုအမူ အကျင့်တို့ကို ကြိုတင်သိထား သင့်သည်။ ရေရှည် အတူနေထိုင် ရမည့် သူများ၏ အကျင့်စရိုက် တို့ကို ကြိုတင် သိထားမှ ရှောင်ရန် ဆောင်ရန်နှင့် အတူနေပါက ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန် နိုင်မည်ဖြစ်သည်။ အတူနေပြီးမှ မိဘနှင့် အဆင်မပြေ သဖြင့် ဟိုပြောင်း သည်ပြောင်းနှင့် စိတ်ညစ်မှုပေါင်း များစွာကြုံတွေ့ ရသူများလည်း ရှိသည်။ ထိုသို့ ဖြစ်လာပါကလည်း လင်နှင့်မယား ကြားတွင် မလိုလားအပ်သော စိတ်ဝမ်းကွဲမှု များသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

မိမိကိုယ်တိုင် တည်ဆောက်သော ဘဝသည် အပျော်ရွှင် ရဆုံးနှင့် စိတ်ကျေနပ်မှု အပေးနိုင်ဆုံး ဖြစ်သည်။ ဘဝ၏ ဒုက္ခများကို ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းရင်း၊ တစ်ဦးကိုတစ်ဦး အားပေး နှစ်သိမ့်ရင်း သံယောဇဉ် ပိုတိုးစေမည် ဖြစ်သည်။ ယောက်ျားဖြစ်သူ အနေနှင့်လည်း ယောက်ျား တစ်ဦး၏ တာဝန်ယူမှု အပိုင်းများကို ပိုနားလည် လာမည် ဖြစ်သကဲ့သို့ မိန်းမတစ်ဦး၏ ထိန်းသိမ်း စောင့်ရှောက် နိုင်မှုများ ကိုလည်း ပိုမြင်နိုင် လာမည် ဖြစ်သည်။မည်သူတစ်ဦး တစ်ယောက်၏ အကူအညီမျှ မပါသဖြင့် မိမိကိုယ်ပိုင် ဘဝကို တန်ဖိုးထား တတ်လာမည်မှာ အမှန်ပင် ဖြစ်သည်။

ကိုယ်တိုင် တည်ဆောက်ရသော ဘဝ၏ အရသာနှင့် အောင်မြင်မှုသည် မိမိတို့ မိသားစုအတွက် ငြိမ်းချမ်းမှု တစ်ခု ရှိစေမည်မှာ အမှန်ပင် ဖြစ်သည်။ မိမိကိုယ်တိုင် တယုတယ မွေးမြူရှင်သန် စေခဲ့သော ဘဝတစ်ခုကို ဖျက်ဆီးရန်မှာ လူတိုင်းပင် ဝန်လေးကြမည် ဖြစ်သော်လည်း တစ်ခါတစ်ရံ ဖျက်ဆီးချင်သည့် စိတ်ရိုင်း စိတ်မိုက်များ ဝင်လာ တတ်သည်။

လူတိုင်းကိုယ်စီ မိမိဘဝ၊ မိမိ၏ မိသားစုဘဝ၊ မိမိကိုယ်တိုင် တည်ဆောက် ထားသောဘဝ တို့ကို ပိုမိုတန်ဖိုးထား စေချင်သည်။ ထို့ပြင် မိမိမပိုင်သော သူတစ်ပါး ဘဝများကို နှိမ့်ချ စော်ကားခြင်း၊ စာနာမှု ကင်းမဲ့သည့် အပြုအမူများ၊ မေတ္တာမဲ့စွာ ပြောဆို ဆက်ဆံခြင်းများ ကိုလည်း တန်ဖိုးထား ထိန်းသိမ်း စေချင်သည်။ မိမိကိုယ်တိုင် ရွေးချယ် ထားသည့် အိမ်ထောင်ဖက် ကိုလည်း ကြင်နာမှု ပေါင်းများစွာ၊ စာနာမှုပေါင်း အနန္တဖြင့် ဆက်ဆံ စေလိုသည်။ သို့မှသာ ''သောင်ယံမှာ မောင်နှံငှက်ကယ် တို့ လည်ချင်းယှက် ပါလို့ နွှဲခါပျော်စံ ဆိုသည့် ယမုန်နာ သီချင်းမှ ရွှေဟင်္သာမောင်နှံ ကဲ့သို့ တစ်ဦးကို တစ်ဦး ကယုကယင် ချစ်တုံ့တင် နိုင်မည် ဖြစ်ပြီး အိမ်ထောင်ရေး သည်လည်း ရေရှည်တည်တံ့ နိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

#Yadanarpondaily

Wednesday, November 11, 2015

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ Facebook သုံးစွဲမှုကို ရပ်တန့်လိုက်ပါ



ဘဝမှာ မနာလိုမှု၊ အားကျမှုတွေ အမြဲတမ်း ဖြစ်ပေါ် နေပါသလား။ တကယ်မရှိသော လူမှုဘဝကို ပိုင်ဆိုင်ထားပြီး အာရုံ စုစည်းမှု တွေ ရဖို့အတွက် ရုန်းကန်လှုပ်ရှား နေရပါ သလား။ မေးခွန်းများ အားလုံး၏ တစ်ခုတည်းသော အဖြေကတော့ လက်ရှိ Facebook သုံးစွဲနေမှုကို ရပ်တန့်လိုက်ပါ။ သုတေသန ပညာရှင်များ၏ တွေ့ရှိချက်များ အရ ရက်သတ္တပတ်ခန့် Facebook မသုံးစွဲ သူများသည် ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုမိုပိုင်ဆိုင် ရလေ့ရှိကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ ပျော်ရွှင်မှုဆိုင်ရာ သုတေသန အဖွဲ့အစည်းက လူပေါင်း ၁ဝ၉၅ ဦးကို နှစ်ဖွဲ့ခွဲကာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့တွင် ပါဝင်သူများသည် Facebook ကိုဆက်လက်သုံးစွဲရမည် ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ Facebook သုံးစွဲမှုကို ရပ်တန့်ထား ရမည် ဖြစ်သည်။ ရက်သတ္တပတ်ခန့် ကြာသောအခါ Facebook မသုံးစွဲသူ များသည် ၄င်းတို့ရရှိထားသော ဘဝနှင့် ပတ်သက်၍ စိတ်ကျေနပ်မှုများ ရရှိခဲ့ကြောင်းနှင့် ၈၈ ရာခိုင်နှုန်းသည် အခြား Facebook သုံးစွဲသည့် အဖွဲ့မှ ၈၁ ရာခိုင်နှုန်းထက် စိတ်ချမ်းသာ ပျော်ရွှင်မှုကို ပိုမိုရရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် Facebook သုံးစွဲသူ ၂ဝ ရာခိုင်နှုန်းသည် သာမန်ထက် လွန်ကဲသော စိတ်ဆင်းရဲမှုကို ခံစားနေရ ချိန်တွင် Facebook မသုံးစွဲသူ ၁၂ ရာခိုင်နှုန်း ကသာ စိတ်ချမ်းသာမှု မရရှိကြောင်း ဖြေကြားထားသည်။

ထို့ကြောင့် သုတေသနပြုမှု၏ နောက်ဆုံး ရလဒ်သည် Facebook သုံးစွဲသူများ အနေဖြင့် မည်သည့် ပြောင်းလဲမှုမျှ ရရှိခြင်းမရှိ သော်လည်း Facebook မသုံးစွဲသူများသည် စိတ်ချမ်းသာမှုကို ပိုမိုရရှိပြီး လုပ်ငန်း ဆောင်တာများ အတွက် အာရုံစုစည်းမှုတွင် ပြဿနာများ လျော့နည်း သွားသည်ကို တွေ့ရသည်။

''ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ် ဘဝရှင်သန်မှုမှာ အမှန်တကယ် လိုအပ်တဲ့ အရာကို လုပ်ဆောင်ရမည့် အစား ကံမကောင်းစွာဘဲ အခြားသူများတွင် ရှိသည့် ပိုင်ဆိုင်မှုများနှင့် လုပ်ဆောင်မှုများ ကိုသာ စူးစမ်းကာ အချိန်ကုန်ဆုံး နေကြရပါတယ်။'' ဟု သုတေသန အဖွဲ့ခေါင်းဆောင် မိုက်ခ်ဝီကင်း က ပြောကြားထားပြီး Facebook သုံးစွဲသူ ၃၉ ရာခိုင်နှုန်းသည် Facebook မသုံးစွဲသူထက် စာလျှင် ပိုမိုစိတ်ပင်ပန်း နွမ်းနယ် ရကြောင်း ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသား တင်ပြလိုက် ရပါသည်။ (ငြိမ်းချမ်း)

မြ၀တီနေ့စဉ် ၊ စာ(၂၀)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger