www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 15, 2016

ရှင်ဘုရင် တစ်ခါထွက်


ရှင်ဘုရင် တစ်ခါထွက်

ဒေါက်တာချစ် ( ထပ်ဆင့်အမျိုးသားစာပေဆုရ )

''ရှင်ဘုရင် တစ်ခါထွက် ပဲကြီး တစ်လှေချက်'' ဟု ဆိုစကား ရှိခဲ့ဖူးပါသည်။ မြို့နယ်အဆင့်မှ တာဝန်အရှိဆုံး လူကြီးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အဆင့်သို့ ဆင်းလျှင် ယာဉ်မောင်း၊ လုံခြုံရေး၊ မိမိ၏ကိုယ်ရေး လုပ်ကိုင်သူ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း စသော မြို့နယ်အဆင့် တာဝန်ရှိသူ များနှင့် စီးပွားရေး ဌာနများမှ တာဝန်ရှိသူ များလည်း လိုက်ပါရသည်။

အောက်ခြေရှိ ပြဿနာများကို တစ်ခါတည်းနှင့် ဖြေရှင်းပေး နိုင်ရန် မြို့နယ်မှ တာဝန်ရှိသူ အများစု လိုက်ပါခြင်း ဖြစ်သည်။ ထိုအခါ အမှန် လိုအပ်သောလူ ခုနစ်ဦး၊ ကိုးဦး သာမက နောက်ထပ် လူ ၁ဝ ဦးခန့်ပါ လိုက်ပါရသဖြင့် လူ ၂ဝ ဦး၊၂၅ ဦး ဖြစ်သွား နိုင်ပါသည်။ အောက်ခြေ အဖွဲ့အစည်း များကလည်း ကျွေးမွေး ဧည့်ခံဖို့ လူအနည်းဆုံး ငါးဦး၊ ၁ဝ ဦးခန့်သုံးနိုင်မှ အလုပ်က အဆင်ပြေ နိုင်ပါသည်။ ထို့ကြောင့် မြို့နယ်အဆင့်က တစ်ကြိမ် ကွင်းဆင်း ဆောင်ရွက်လျှင် အထက်ရော အောက်ခြေကပါ လူ ၃ဝ ဦး၊ ၃၅ ဦးခန့် အနည်းဆုံး နေ့ဝက်ကုန်မည် ဖြစ်ပါသည်။ ထိုသို့ ကုန်ဆုံးသွားသော အချိန်သည် လုပ်ငန်းအတွက် လမ်းညွှန်ခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ တင်ပြ တောင်းခံ ခြင်း စသော ''လေဖြင့်'' လုပ်ခြင်းသာ ဖြစ်ပါသေးသည်။ အဲဒီ ''လေအလုပ်မှ အမှန်တကယ် အလုပ်'' သို့ ပြောင်းလဲ ဆောင်ရွက်ကြ ရဦးမည် ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်များကို အချိန်အခါ အလိုက် ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်စသည်တို့နှင့် အချိန်မရွေး ဧည့်ခံလေ့ ရှိကြသည်။ ထမင်းစားချိန် ရောက်လျှင်လည်း ထမင်းပွဲနှင့် ဧည့်ခံကြသည်။ ထိုအလေ့အထ သည် မြန်မာတို့၏ စေတနာ ဖြစ်သည်။ သို့ရာတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာဒေသမှ အပ ဆက်သွယ်ရေး လွယ်ကူသော နေရာဒေသ များတွင် ဧည့်ခံစရိတ် သည် ကြီးမားသော ပြဿနာ ဖြစ်နေသည်။ အစိုးရ ဌာနများတွင် ''ဧည့်ခံစရိတ် ခေါင်းစီး'' နှင့် ရန်ပုံငွေ လုံလောက်စွာ သတ်မှတ်ပေးခြင်း မရှိခဲ့ဘူးချေ။ ဒေသခံ ဝန်ထမ်းများ ကလည်း မိမိလစာမှ စိုက်ထုတ် ပြီး အစဉ်အမြဲ ဧည့်မခံနိုင်ချေ။ အထက်မှ ဆင်းလာသူများ အတွက် ဧည့်ခံရန် ကျေးရွာအများစုတွင် စားသောက်ဆိုင် မရှိကြချေ။ ဤသို့ဆိုလျှင် အထက်က ဆင်းမည့်သူ များသည် ကိုယ့်အစာကို ကိုယ်တိုင်ယူ ဆောင်သွားကြ ရမှာလားလို့ မေးစရာ ဖြစ်လာသည်။ သို့မဟုတ် စားသောက်ဆိုင် များ ကျေးလက်ဒေသ မှာရှိလျှင် '' ကိုယ်စား ကိုယ်ပေး ဒတ်ခ်ျဝေး ( DUTCH WAY ) '' လုပ်လေ့ မရှိတော့ ကြီးသူက ပေးရသည်။ သို့မဟုတ် ကြွယ်ဝသူက ပေးရတော့မည်။

''စေတနာ မရှိလျှင် မကျွေးမွေး ကြပါနဲ့၊ ကုန်ကျစရိတ်က ဘယ်လောက်များ လို့လဲ'' ဟု မေးနိုင်ပါသည်။ ''ဘုန်းကြီး ငါးပါးကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်တာ ဝက်သား ငါးပိဿာ ကုန်တယ်'' ဟုဆိုရာ ဘုန်းကြီးများ ဘုန်းပေး တော်မူ၍ (စား၍) ကုန်ခြင်း မဟုတ်ဘဲ အိမ်သူ အိမ်သားများ၊ ကူညီ လုပ်ကိုင်သူများ၊ ရပ်မိရပ်ဖ များပါ စားသောက်၍ ကုန်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဧည့်ခံစရိတ် သည် မနည်းလှချေ။ ထို့ထက် ညစာကျွေး ရပါက ယမကာများ ပါလာလျှင် အတော်လေး ကြီးသွားမည် ဖြစ်သည်။

စာရေးသူသည် အစည်းအဝေးတွင် ''ဘုန်းကြီးနှင့် ဝက်သား'' အကြောင်းကို ပြောထားသဖြင့် စာရေးသူ နယ်ဆင်းလျှင် စာရေးသူတို့ အဖွဲ့ကို လမ်းဘေး ဆိုင်မှာ စားရ သကဲ့သို့ အသားဟင်း နှစ်တုံးသာ ပါသော ဟင်းခွက် ကလေးများနှင့် ကျွေးမွေးကြသည်။ ယမကာ ကတော့ ''ဝေလာဝေးသေး'' ဖြစ်ပါသည်။ ဒီတော့ စာရေးသူနှင့် လိုက်ရသော လူကြီးတချို့က စာရေးသူ၏ အတင်းကို ကွယ်ရာမှာ ပြောကြကြောင်း သိရပါသည်။ စာရေးသူသည် မြန်မာနိုင်ငံ အလယ်ပိုင်း လမ်းမကြီး ငါးခုဆုံရာ မိတ္ထီလာ၌ ၁၆ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ ရသဖြင့် ဧည့်ခံရသည့် အတွေ့အကြုံ အတော်လေး ရှိပြီး ဖြစ်ပါသည်။

တချို့ဧည့်သည် က အပြန်မှာ လက်ဆောင်လေးကို မျှော်လင့် ကြသည်။ အညာပြန် လက်ဆောင် အဖြစ် မိန်းမအတွက် တစ်တုံး၊ ခယ်မအတွက် တစ်တုံး၊ ယောက္ခမအတွက် တစ်တုံးနှုန်းဖြင့် သနပ်ခါး သုံးတုံး လိုချင်ကြ ပါသည်။ စာရေးသူ ရန်ကုန် ရောက်ရင်လည်း ဘာပါသေးလဲဟု မေးသူလည်း ရှိပါသေးသည်။ အပြစ်ပြော နေခြင်း မဟုတ်ဘဲ မလွှဲ မရှောင်သာ သော မြန်မာဓလေ့ ကိုသာ ပြောခြင်း ဖြစ်ပါသည်။

ကုစားရန် နည်းလမ်းကတော့ အမှန်လိုမှ အောက်ခြေသို့ ဆင်းပါ။ မိမိက အောက်ခြေကို ဆင်းပြီး တိုးတက်မှုကို ဆန်းစစ်ပါ။ အမှန် လိုအပ်သူများ ကိုသာ မိမိနှင့် ခေါ်ဆောင် သွားပါ။ ဆရာလုပ်ခြင်း မဟုတ်၊ မိမိ၏ အတွေ့အကြုံ ကိုသာ တင်ပြခြင်း ဖြစ်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger