www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

ပါးကွက်ကျား နှင့် ရှက်အားပိုမို


ပါးကွက်ကျား နှင့် ရှက်အားပိုမို

( မဒါလေး )

လက်ထဲတွင် ကိုင်ထားသော ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လက်ချောင်းများသာ နာလာသည် ဖုန်းသည် ဘာမှ ဖြစ်မသွားပေ။ ဖုန်းကိုကိုင်ကာ လက်ကို လွှဲမြှောက် လိုက်သည်။ ရုတ်တရက် ဦးနှောက်မှ အသိနှင့်သတိ ဝင်လာသည်။ နှလုံးသားမှ နာကျင်မှုက ခင်လေး ရင်တစ်ခုလုံး ကြေမွသွားပြီဟု ထင်ရသည်။ ခင်လေးနှင့် ကိုကို အိမ်ထောင် သက်တမ်း ဆယ်နှစ်အတွင်း တွင် သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။ 

ကိုကိုဘက်က အပြစ်ပြောစရာ မရှိအောင် ခင်လေးနှင့် သားသမီး များကို လိုလေသေး မရှိအောင် လုပ်ပေးခဲ့သည်။ အများနှင့်တန်းတူ နေထိုင်သွားလာ နိုင်အောင် စီမံပေးခဲ့သည်။ ခင်လေး အတွက် အိမ်ထောင့်တာဝန် ထိမ်းသိမ်းသည့် အလုပ်အပြင် အခြား အပိုအလုပ် ဟူ၍ မရှိခဲ့ပါ။ ကိုကို ကလည်း ခင်လေးကို အပြင်အလုပ် မလုပ်စေဘဲ အိမ့်တာဝန်နှင့် ကလေးနှစ်ယောက် တာဝန်သာ ကျေပွန်စေရန် အမြဲအားပေး နေခဲ့သည်။သမီးကလေး မွေးပြီးသည်ထိ ခင်လေးတို့ အိမ်ထောင်ရေး သည် အများ စံနမူနာယူ ရလောက်အောင် သာယာအေးချမ်း နေသည်။ ကိုကိုကလည်း လုပ်ငန်းအသစ် စတင်ချိန်ဖြစ်၍ အလုပ်ကိုသာ အာရုံထား ကြိုးစားသည်။

သမီးကလေး တာဝန်နှင့် အိမ့်တာဝန်များ ကြား၌ ခင်လေးတွင် အချိန်များ ပိုနေသေးသည်။ သမီးကလေး ကျောင်းတက်စ အချိန်တွင် သားလေး တစ်ယောက် ထပ်ရသည်။ သမီးကျောင်း ကြိုပို့တာဝန်၊ အိမ်မှုကိစ္စ များနှင့် သားလေး တာဝန်များ ကြားတွင် ခင်လေး အနည်းငယ် ပင်ပန်းစပြု လာသည်။ တစ်ခါတစ်ရံ တွင် ကိုကို အလုပ်အားသည့် နေ့များတွင် သမီးကိုကြိုပို့ ပေးသဖြင့် ခင်လေး အနည်းငယ် အနားရသည်။ သားငယ်သည် အမေကို မျက်စိအောက်က အပျောက်မခံသူ ဖြစ်သဖြင့် ခင်လေးမှာ သားဦး ကလေးထက်ပင် ပိုပင်ပန်းသည်။ ကိုကိုက အိမ်အကူ ခေါ်ရန် ပြောသော်လည်း အိမ်အလုပ် အပြင် အခြားအလုပ် မရှိသဖြင့် မိန်းမသား ပီပီ ခင်လေး ဝန်လေး နေမိသည်။ သို့အတွက် မိမိဘာသာ နိုင်အောင် လုပ်မည်ဟုသာ ဆုံးဖြတ်လိုက်ပြီး မခေါ်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရံ ညီမဝမ်းကွဲများ လာနေပေးသည့် အချိန်တွင် ခင်လေးအတွက် ကူဖော် ရသော်လည်း ညီမများက ကြာကြာ မနေနိုင်ကြ သဖြင့် ခင်လေးသာ ပိုပင်ပန်းခဲ့ ရသည်။

ပင်ပန်းမှုများ စုပုံလာသောအခါ ကိုကိုအပေါ် ယခင်ကကဲ့သို့ ဂရုစိုက် လိုစိတ်များ လျော့နည်း လာသည်။ မကြာခဏ ဒေါသထွက် တတ်လာသည်။ ခင်လေး၏ စိတ်တွင်လည်း စိတ်တို ဒေါသထွက်လျှင် စကားမပြောဘဲ နှုတ်ဆိတ် နေတတ်သည်က များသည်။ အထူးသဖြင့် ကိုကို အပေါ်တွင် စကားမပြောဘဲ နေဖြစ်သည်က များသည်။ ကိုကို့အတွက် လုပ်ပေးရသည် များမှာ ဝတ်ကျေတမ်းကျေ ဆန်လာသည် ထက် တစ်ခါတစ်ရံတွင် ပြီးစလွယ် ဖြစ်သလို လုပ်ပေးလိုက်သည်။ သို့သော် ကိုကို့ဘက်က အပြစ်တင်စကား မပြောခဲ့ပါ။ သည်လိုနှင့် ခင်လေးတို့ လင်မယား ကြားတွင် အရေးကြီး တိုင်ပင်စရာ ကလွဲလျှင် တီတီတာတာ စကားနည်း လာသည်။ အားလပ်ချိန် မိသားစုနှင့် သွားသည့် အခါများ တွင်လည်း မေးထူးခေါ်ပြော ဖြစ်လာသည်။ အားလျှင်လည်း နှစ်ဦးလုံး ကလေးများ နှင့်သာ အချိန်ကုန် နေတတ်သည်။

ယခုတလော ကိုကို့ကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ခါတိုင်း အလုပ်က ပြန်လာလျှင် သားငယ်ရှိရာကို တန်းလာပြီး တီတီတာတာ ပြောသည်။ ချော့မြူ ကစားသည်။ ခင်လေးကို လည်း ''ပြန်လာပြီနော်'' ဟု အမြဲ နှုတ်ဆက်တတ်သည်။ ယခု ယခင်လို မဟုတ်ဘဲ အခန်းထဲ တန်းဝင်၊ ရေချိုးပြီးမှ ထွက်၊ ထမင်းစားပြီးလျှင် အခန်းထဲ ပြန်ဝင်ဖြင့် ဤကဲ့သို့ လုပ်နေသည်မှာ တစ်ပတ်လောက် ရှိနေလေပြီ။ ခင်လေးစိတ်ထဲ မသင်္ကာ သော်လည်း ကိုယ့်အပေါ် အမြဲတမ်း ကြင်ကြင်နာနာ ရှိခဲ့သော ကိုကို့အပေါ်ကို အပြစ်မြင် ရမည့် စိတ်ကူးမျိုး မတွေးချင်ပါ။ သို့ အတွက်ကြောင့် စကြားနည်း ရန်စဲသာ နေလိုက်သည်။ သည်လိုနှင့် မိသားစု အတွင်း သွေးအေးစစ်ပွဲ ဖြစ်နေသည်မှာ ကြာ၍ နေပြီဖြစ်သည်။ တစ်ပတ်တစ်ခါ ကလေးများနှင့် အလည်အပတ် သွားသည့် အလေ့အကျင့် လည်း တဖြည်းဖြည်း ပျောက်လုလု ဖြစ်လာသည်။ သမီးကြီး၏ တီတီတာတာ ပူဆာမှုများ ကိုလည်း ကိုကို လျစ်လျူရှုတတ် လာသည်။ သည်တော့မှ ခင်လေးဒေါသ လည်း ငယ်ထိပ် ရောက်ခဲ့ရသည်။ သည်လောက် ချစ်သည့် သမီးကို လျစ်လျူရှုတတ် လာသော ကိုကို့ကိုလည်း အံ့သြမိသည်။

ကိုကိုရေချိုးခန်း မဝင်မီ အခန်းထဲသို့ ခင်လေး ရောက်သွားသည်။ အိပ်ရာထက်တွင် ဖုန်းတစ်လုံးဖြင့် အလုပ်များ နေသော ကိုကို့ကို ခင်လေးဘာမျှ မပြောဘဲ  နေလိုက်သည်။ ခဏကြာတွင် ရေချိုးခန်းထဲဝင်သွားသဖြင့် ကိုကို ချသွားသော ဖုန်းကို ခင်လေး ကောက်ကိုင် လိုက်သည်။ သည်မှာတင် မမြင်ချင်၊ မတွေ့ချင်သော စာသားများ အစီအရီ တွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင် ခင်လေးတို့ လင်နှင့်မယား ကြားတွင် စည်းတစ်ခု ရှိသည်။ မည်သူကမျှ သတ်မှတ်ထားခြင်း မဟုတ် တစ်ယောက်နှင့် တစ်ယောက် အလိုက်သိစွာ နေကြခြင်း ဖြစ်သည်။ တစ်ယောက်၏ ပစ္စည်းကို တစ်ယောက် ယူကိုင်ကာ စစ်ဆေးခြင်း မရှိ၊ ယုတ်စွအဆုံး ခင်လေးပိုက်ဆံအိတ် ကိုပင် ကိုကိုတစ်ခါမျှ ဖွင့်ကြည့်ခြင်း မရှိသကဲ့သို့ ကိုကို ပိုက်ဆံအိတ် ကိုလည်း ခင်လေး တစ်ခါမျှ ဖွင့်စစ်ခြင်းမျိုး ယနေ့ထိမလုပ်ခဲ့ပါ။ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု ဖြင့်သာ ရှေ့ဆက်ခဲ့ကြသည်။ ယခု ခင်လေး စိတ်ထဲထင့်နေ သမျှ သေချာသွားသည်။ ကိုကိုသည် ဖုန်းထဲမှ မိန်းကလေး နှင့် သာယာနေ လေပြီ။ ခင်လေးထံမှ မကြားရတာ ကြာသော ကိုကို ဟူသည့် ကြင်ကြင်နာနာ ချိုချိုသာသာ အသံကို ထို မိန်းကလေးထံမှ ကြားနေရသည်။ လူမမြင်ဖူးကြ သော်လည်း အတွေ့ထူးကို ဖုန်းထဲမှ ခံစားနေကြသည်။ ဖုန်းကိုကိုင်ကာ မြှောက်ထားသော ခင်လေးလက်ကို သတိနှင့် ထိန်းကာ အိပ်ရာထက် အသာပြန်ချပြီး ကိုကိုမသိမီ အခန်းထဲမှ ထွက်ခဲ့သည်။

ထိုညက ကိုကိုနှင့် စကားမပြော ဖြစ်ဘဲ ခင်လေး အိပ်ရာဝင်ခဲ့ သည်။ အလယ်တွင် အိပ်နေသော သားနှင့်သမီးကို ကြည့်ကာ ခင်လေး မျက်ရည်တို့ တိတ်တဆိတ် ကျခဲ့ရသည်။ နောက်တစ်နေ့ နံနက် ကိုကို အလုပ်မသွားမီ ခင်လေးက အိမ်တွင် ကူညီရန် လူတစ်ဦး ခေါ်ချင်ကြောင်း ပြောလိုက်သည်။ အစကတည်းက ပြောပြီးသား ဖြစ်သဖြင့် ဘာမှမငြင်းပါ။ ညနေ အပြန်တွင် သမီးကြီးကို တစ်ခါတည်းဝင် ကြိုခဲ့ရန် မှာလိုက်သည်။ ထို့နေ့က ခင်လေး ကိုယ့်ကိုယ်ကိုယ် မှန်ထဲ သေချာပြန်ကြည့် မိသည်။ ဆယ်နှစ်ဆိုသော အချိန်သည် ကိုယ်လုံး ပေါ်မှန်ထဲပင် မဆံ့အောင် ခင်လေး ဝနေသည်။ အိမ်အလုပ် တစ်ဖက် ကလေးနှစ်ဦးနှင့် မောပန်းနေသော ရုပ်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်ခါပြန် မကြည့်ချင် အောင် ဖြစ်နေရသည်။ ထို့နေ့က အယုံကြည် ရဆုံး သူငယ်ချင်း တစ်ဦးထံ ဖုန်းဆက်ကာ အကြောင်းစုံ ကို ရင်ဖွင့် လိုက်သည်။ သူငယ်ချင်းက တစ်ဖက်လူကို အပြစ်မမြင်ရန်၊ ကိုယ့် အားနည်းချက်ကို ကြည့်ရန်၊ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ် မချရန် သတိပေးသည်။ သူငယ်ချင်း ပြောသည်မှာ မှန်သည်။ ခင်လေး၏ အားနည်းချက် များကို တစ်ဖက်လူက ဖြည့်ပေးနေသည်။ သို့အတွက် ကိုကို့ အနေဖြင့် သာယာနေသည် လည်း ဖြစ်နိုင်သည်။ သို့သော် သာယာရုံတင် နှင့်ပင် ဇာတ်သိမ်းလျှင် တော်သေးသည်။ ယခုက အပြင်တွင် မတွေ့ရသေးသော အခြေအနေ ဖြစ်သဖြင့် ခင်လေး ကံကောင်း နေသေးသည်ဟု ပြောရမည် ဖြစ်သည်။ တစ်ဖက်က ကြည့်လျှင် လက်မခံ နိုင်သော်လည်း တစ်ဖက်ကို ပြန်စဉ်းစားလျှင် သားနှင့် သမီးက ရှိသေးသည်။ သူတို့ယခုမှ လူ့လောကထဲ ခြေချမိရုံ ရှိသေးသည်။ ခင်လေးသည် မိခင်တစ်ယောက်အနေဖြင့် သူတို့လေးများ၏ဘဝကို ရိုက်ချိုးလို့ မဖြစ်ပေ။ အပြန်ပြန် အလှန်လှန် စဉ်းစား နေမိသည်။ ခင်လေးနှင့်ကိုကို ချစ်ခဲ့ကြသည်က တစ်နေ့သည်လို ဖြစ်လာရန် မဟုတ်။ ဘဝနှစ်ခုကို နားလည်မှု အပြည့်ဖြင့် လျှောက်လှမ်းရန် သာ သစ္စာပြုခဲ့ ကြခြင်းဖြစ်သည်။ အခုမှ အချစ်ဆိုသော အရာကို အဓိပ္ပာယ်ဖွင့် ရမည့် အချိန်မဟုတ်။ အချစ်သည် အချစ်သာ ဖြစ်သောကြောင့် နောက်ဆုံးတွင် ကိုယ့် အားနည်းချက်ကို ပြင်ဆင်ရန် ခင်လေး ကိုယ့်စိတ်ကို အားတင်း လိုက်သည်။

ညနေခင်း တိုက်ခတ်လာသော လေပြည်လေး အောက်တွင် အိမ်ရှေ့ ဒန်းပေါ်တွင် သားငယ်ကို ချီလျက် ကိုကိုနှင့် သမီးကြီး ပြန်အလာကို ခင်လေး မျှော်နေမိသည်။ ကိုကိုကြိုက်သော သနပ်ခါး ပါးကွက်ကျား လေးကို သားအမိ  နှစ်ယောက်လုံးလိမ်းထားသဖြင့် စိတ်ထဲမှာ မလုံမလဲ ဖြစ်ကာ ရှက်အားပို နေမိသည်။ ဖျော်ထားသော အအေးခွက် ကလေးကလည်း ခင်လေးနှင့် အတူ ရင်ခုန်နေ ပေလိမ့်မည်။ အသင့်ပြင် ထားသော ထမင်းဝိုင်းလေး ကလည်း အပြုံးတွေ ဝေလျက် စောင့်စားနေသည်။ သည်လောက် ဆိုလျှင် ကိုကို ပြန်ရောက်သည် နှင့် ဖုန်းကို ဘေးချကာ မိသားစု လေးဘေးတွင် အချိန်တစ်ခု ပေးကာ ပျော်ရွှင်နိုင် လိမ့်မည်ဟု ခင်လေး ရင်ထဲ ယုံကြည်ချက်တွေ ပြည့်နှက်လျက် ရှိသည်။ ကိုကိုသည် ယောက်ျားလေး ပီပီ အပြုအစု အယုအယ ခံလိုသည်ကို ခင်လေးက လျစ်လျူရှုမိ ခဲ့သည်။ ခင်လေးအခု ကိုယ့်အပြစ်ကို မြင်မိပြီ။ တကယ်တော့ ပြဿနာက ဟိုဘက်က ဆွဲခေါ်သည် မဟုတ်ပါ။ ကိုယ်က တွန်းထုတ် လိုက်မိခြင်းသာ ဖြစ်ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page