-
နေပြည်တော် ဖေဖော်ဝါရီ ၁၃
-
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍတွင် တစ်စိတ် တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် စနစ် (SKD) ဖြင့်လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီးမော်တော်ယာဉ်များ၏အရည်အသွေးကြံ့ခိုင်ကောင်းမွန်မှု(QualityControl)ကို မည်ကဲ့သို့ ထိန်းချုပ် ထားပါသနည်းနှင့် အနာဂတ်တွင် လျှပ်စစ်ဘတ်စကား(E Bus) များ စမ်းသပ်မောင်းနှင် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ် ဆောင်ရွက် ထားသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍသည် SKD စနစ်ဖြင့် ဆောင်ရွက်ရန် MIC ၏ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ၎င်းခွင့်ပြုချက်အရ ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေသည့် ကုမ္ပဏီ ကိုးခုနှင့် စီမံကိန်းလုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ကုမ္ပဏီခုနစ်ခု စုစုပေါင်း ၁၆ ခုရှိကြောင်း၊ အရည်အသွေး ကောင်းမွန်စေရေးအတွက် မော်တော်ယာဉ်နှင့် လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး အဖွဲ့က စိစစ် ဆောင်ရွက်ပေးနေရာ ယနေ့အထိSKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သည့် မော်တော်ယာဉ် စုစုပေါင်း ၃၇ဝဝစီးကို CoA များထုတ်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း။
-
လက်ရှိအခြေအနေတွင် Electric Bus များ ထုတ်လုပ်မှုအနေဖြင့် ဟန်ဂေရီနိုင်ငံ CSEPLE Holding Ltd.မှထုတ်လုပ်သည့် MODULO Brand Electric Bus များကို ဥရောပနည်းပညာဖြင့် Green Power Myanmar Co.,Ltd. နှင့် ပူးပေါင်းပြီး အမှတ် (၁၄)အကြီးစားစက်ရုံ(သာဂရ)တွင် စတင်တပ်ဆင်ထုတ်လုသွားနိုင်ရေး ကနဦး လေ့လာ သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် Charging Station သုံးခုကိုလည်း ကုမ္ပဏီ၏ စရိတ်ဖြင့်သင့်လျော်သည့် နေရာများတွင် အသင့်တည်ဆောက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ကြိုတင်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၄၁)အနီးမှ Charging Station တစ်ခု တည်ဆောက်ရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ နေပြည်တော် လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်းနှင့်ဈေးကြီးများ စသည့် နေရာများတွင် ပြည်သူတို့သွားလာရေးအဆင်ပြေစေရန်နှင့် ရှေးဦးစွာ စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် လျှပ်စစ်ဘတ်စကား ငါးစီးခန့်ဖြင့် ကနဦး စမ်းသပ်ပြေးဆွဲမှုပြုလုပ် လိုကြောင်း ကုမ္ပဏီဘက်မှအဆိုပြုလာ၍ စမ်းသပ်မှု ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
-
-
ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး ကတင်သွင်းသည့် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ကာယ စိတ္တဖွံ့ဖြိုး တိုးတက်စေရေးနှင့် သက်ကြီးနိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူမူးယစ်ဆေးဝါးနှင့် အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာစေနိုင်သည့်အားကစားကဏ္ဍကိုစီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
-
ယင်းအဆိုနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုင်းအိုက်လှက မြန်မာနိုင်ငံ အနေဖြင့် မြန်မာ့အားကစားကဏ္ဍ အောင်မြင်ရေးအတွက် အာဟာရဓာတ်သည်အလွန်အရေးပါကြောင်း၊ ပြိုင်ပွဲချိန် တစ်ဝိုက်တွင် Physical, Mental နှင့် Emotional Strains များ တက်နေချိန်တွင် မည်သည့်အစား အစာမျိုးကို စားသုံးရမည်ကိုလမ်းညွှန်ပေးနိုင်မည့် ပညာရှင်များ များစွာလိုအပ်လျက်ရှိကြောင်း၊ သင်တန်းသား အားကစားသမား တစ်ဦးလျှင် လက်ရှိငွေကျပ် ၃ဝဝဝ နှုန်းဖြင့် ကျွေးမွေး နေခြင်းကိုပြန်လည် သုံးသပ်သင့်ကြောင်း။
-
B.Sc(Sports) Degree Program ကို ရန်ကုန်ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးရတနာပုံ တက္ကသိုလ်တို့၌ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် ၅ဝ ဦးစီ စတင်နေပြီဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အဆင့်မှ တစ်နိုင်ငံလုံးအားကစားဖွံ့ဖြိုးရေးအတွက် မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ပြီး အဘက်ဘက်မှခြုံငုံ ပြည့်စုံသော မြန်မာနိုင်ငံ အမျိုးသား အားကစား ဥပဒေတစ်ရပ်ဖြစ်ပေါ်လာရေး အမြန်တွန်းအားပေး ဆောင်ရွက်သင့်ကြောင်းဆွေးနွေးသည်။
-
ဆက်လက်၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ဇော်မျိုးထက်က လက်ရှိတွင် အားကစားသိပ္ပံ ခြောက်ခု ဖွင့်လှစ်ထားပြီး အားကစားသိပ္ပံဘွဲ့ B.Sc (sport) ပါပေးနိုင်ရေးစီမံဆောင်ရွက်ထား သည်ကို တွေ့ရှိရ ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးပြီး ယခုနှစ်တွင်အားကစားနည်း ၂၁မျိုး ကျင်းပပေးခဲ့ကာအားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊
-
ထို့ပြင် မသန်စွမ်း အားကစားပြိုင်ပွဲများလည်းထည့်သွင်း ကျင်းပပေးလျက် ရှိကြောင်း၊ ထို့ပြင် တပ်မတော်က နိုင်ငံတော် ၏ လိုအပ်ချက်ကိုအထောက်အကူပြုရန် အတွက်တပ်မတော် ဘောလုံး အကယ်ဒမီကိုဖွင့်လှစ်ထားပြီး အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အောက် တပ်မိသားစုဝင် သင်တန်းသား ၅ဝဦးအား လေ့ကျင့် ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက် နေသော အားကစားကဏ္ဍမှ စွမ်းရည်မြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ် သဖြင့် ယခုအဆိုကို ထောက်ခံကြောင်းအကြံပြု ဆွေးနွေးသည်။
-
ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်ကျော်က အားကစားကဏ္ဍ နိမ့်ကျလာမှုသည်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော်လည်း အဓိကကျသည့်ဘဏ္ဍာငွေသုံးစွဲမှုကိစ္စကို အကြံပြုထောက်ပြလို ကြောင်း၊ ၂ဝ၁၃- ၂ဝ၁၄ ခုနှစ် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပသည့်ကာလမှလွဲ၍ ကျန်ကာလ များတွင် ဘီလီယံ ၂ဝ ဝန်းကျင်သာအသုံးပြုထားပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ၄၂ဘီလီယံကျော်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ ပြည်ထောင်စု အသုံးစရိတ်မှာ အားကစား ကဏ္ဍအတွက်သုံးစွဲမှုသည် ၁ ရာခိုင်နှုန်းမှ သုညဒသမ ၁ ရာခိုင်နှုန်းအထိ အလွန် နည်းပါးစွာသုံးစွဲကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဘတ်ဂျက်မှာ အားကစားနှင့် ကာယပညာဦးစီးဌာန၏ အသုံးစရိတ်သည် ဝန်ကြီးဌာနတစ်ခုလုံး၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာရှိ ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်ထဲမှ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဘဏ္ဍာငွေခွဲဝေ ပေးခဲ့သည်ဆိုသော်လည်း ဝန်ကြီး ဌာနတစ်ခုလုံး၏ နှစ်အလိုက် ပိုလျှံဘဏ္ဍာငွေပြန်လည်အပ်နှံမှုသည် အားကစားကဏ္ဍ တစ်ခုလုံးကရရှိသည့် အသုံးစရိတ် စုစုပေါင်းထက် များပြားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍအတွက် ဘတ်ဂျက် ၂၂ ဘီလီယံခန့်ရနေချိန်တွင်ဝန်ကြီးဌာန၏ ပိုလျှံအပ်ငွေသည် ၂၆၃ ဘီလီယံဖြစ်သည်ကို တွေ့ရှိနိုင်ကြောင်း။
-
မိမိတို့နိုင်ငံကဲ့သို့ပင် အားကစားကဏ္ဍဘတ်ဂျက်ငွေသုံးစွဲမှုအကန့်အသတ်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ကျင့်သုံးသည့် နည်းလမ်းတစ်ခုကို အကြံပြုတင်ပြရလျှင် ထိုနိုင်ငံများ၏ FDI Law တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကြီးများ အနေဖြင့် အားကစားနည်း တစ်မျိုးမျိုးအား အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်ထိ လိုအပ်သော အထောက်အပံ့ အကူအညီပေးရန် ဆိုသည့် အချက်ကိုထည့်သွင်းထားကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ကို ခြိုးခြံ ချွေတာရာ ရောက်သလို အားကစား ကဏ္ဍအတွက် လိုအပ်မှုများကိုလည်း ဖြည့်ဆည်းပေးရာ ရောက်သည့်အတွက် အားကစား ကဏ္ဍကို တစ်ဖက် တစ်လမ်းမှ အထောက်အကူရရှိလာမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ယင်းအဆိုကို အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
-
အိအိပိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment