-
နေပြည်တော် ဖေဖော်ဝါရီ ၁၃
-
မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများဖလှယ်နိုင်ရန်ရည်ရွယ်၍ ထိုင်းဘုရင့်တပ်မတော်မှ Department of Border Affairs ၏ ဒုတိယ ညွှန်ကြားရေးမှူး Major General Pairoj Wilailuk ဦးဆောင်သော ထိုင်းဘုရင့် တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။အဆိုပါ ထိုင်းဘုရင့် တပ်မတော်ယဉ်ကျေးမှုအဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ ဂုဏ်ပြု ပန်းခွေချအလေးပြုကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုကြသည်။
-
ထို့နောက်ထိုင်းဘုရင့် တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ညနေပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက် ဖူးမြော် ကြည်ညို ၍၊ အလှူငွေများ ပေးအပ်ပြီး ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော်များအားကြည့်ရှု လေ့လာကြသည်။
-
အဆိုပါထိုင်းဘုရင့် တပ်မတော်ယဉ်ကျေး မှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ချစ်ကြည်ရေး အထိမ်း အမှတ် ယဉ်ကျေးမှု အနုပညာများ ဖျော်ဖြေခြင်း၊ တန်ခိုးကြီး ဘုရားများအားဖူးမြော်ကြည်ညိုခြင်းနှင့် အထင်ကရ နေရာ များအား သွားရောက်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment