
-
နေပြည်တော် ဖေဖော်ဝါရီ ၆
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်သည် ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
-
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျောက်ဂူ-နောင်ဝိုး လမ်းသို့ ရောက်ရှိခဲ့ရာ အဆိုပါလမ်းပေါ်ရှိ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ကတ္တရာ လမ်း (၅/ဝ)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ကျောက်လမ်း (၁၅/ဝ)မိုင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ၂၅ ပေ ကွန်ကရစ် တံတားနှစ်စင်း၊ ၈ ပေ Box Culvert သုံးစင်းတို့အား လည်းကောင်း ဝန်ကြီးဌာန၏ မူဝါဒ၊ စံချိန် စံညွှန်းများ နှင့်အညီတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
-
ဆက်လက်၍ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီး- ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ် - သဘာဝ တံတား - နမ့်လန် - သီပေါ- လားရှိုး လမ်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နောင်ဝိုး- ညဥ့်စဉ်ကျောက် ချော လမ်း(၂/ဝ)မိုင်ပြီးစီးမှုကို လည်းကောင်း၊ ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျောက်ချောလမ်း(၇/ဝ)မိုင်နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကွန်ကော့မှ သဘာဝ တံတား အထိ ကျောက် ချောလမ်း (၃/ဝ) မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းခွင်ကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ်- သဘာဝ တံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ လည်းကောင်း၊ သဘာဝတံတား- နမ့်လန်- သီပေါ-လားရှိုးလမ်း အပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်းကောင်း တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
-
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ယခုဖောက်လုပ်နေသောတောင်ကြီး-ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ်- သဘာဝတံတား- နမ့်လန်- သီပေါ- လားရှိုးလမ်းပြီးစီးပါကရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ-လားရှိုး-မူဆယ်သို့ အချိန်တိုအတွင်း လွယ်ကူ ချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (မြောက်ပိုင်း)သို့ကူးလူးသွားလာရာ၌ တောင်ကြီး- မန္တလေး- နောင်ချို- သီပေါ ကားလမ်း၏ ဂုတ်တွင်း (ဂုတ်ထိပ်)ဒေသ၌ မော်တော်ယာဉ်များ ယာဉ် ကြော ပိတ်ဆို့မှု အခက်အခဲများစွာ ကြုံတွေ့မှု ကင်းဝေးပြီး အချိန်တို အတွင်းတောင်ကြီးမှ လားရှိုး-မူဆယ်အထိ ရောက်ရှိနိုင်မည် ဖြစ်သဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသရှိ ပြည်သူ လူထု အတွက် များစွာအကျိုးပြုမည့်လမ်း ဖြစ်ကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment