www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

ပင်လည်ဘူးမြို့၌ မြစ်ရေတင်စနစ်ဖြင့် နွေစပါးများ စတင် စိုက်ပျိုး

ပင်လည်ဘူးမြို့၌ မြစ်ရေတင်စနစ်ဖြင့် နွေစပါးများ စတင် စိုက်ပျိုး
-
ပင်လည်ဘူး ဇန်နဝါရီ ၁၆  
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မြစ်ရေတင် သုံးခုဖြင့် နွေစပါးများကို ဧက ၃ဝဝ ကို စိုက်ပျိုးလျက်ရှိကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ပင်လည်ဘူးမြို့နယ်၌စပါးကို မိုးရာသီ၌သာ  အဓိကစိုက်ပျိုးကာ နွေစပါးကို ရေနှင့်နီးသည့် နေရာများတွင် ကိုယ်ပိုင်ရေတင်စက်များဖြင့်  ရေတင်ပြီး အနည်းငယ် စိုက်ပျိုးကြသည်။  
-
ယခုနှစ်တွင်  နွေစပါးကို  မြို့မမြစ်ရေတင်၊ ပင်းကြိုင်းမြစ်ရေတင်၊  ယင်းသာမြစ်ရေတင် သုံးခုဖြင့် နွေစပါးကိုဧက ၃ဝဝ စတင်စိုက်ပျိုးမည်ဖြစ်ပြီး ဧက ၂၃ဝ ကျော် ထွန်ယက်စိုက်ပျိုးပြီး ဖြစ်ကြောင်း၊မြစ်ရေတင်ဖြင့် အခြားသီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်၊ စတော်ပဲနှင့် မြေပဲတို့ကိုလည်း  စိုက်ပျိုးထားကြောင်း၊ GW-1 နှင့် ဆင်းဧကရီသုံး မျိုးစပါးကိုသာ စိုက်ပျိုးကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် မြစ်ရေတင်နှင့် အခြားရေသွင်းပြီး မိုးသီးနှံစိုက် ဧက ၆၇၂ဝဝ ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးမျိုးအောင်က ပြောကြားသည်။
-
''ကျွန်တော် ဒီနှစ်မှ မြစ်ရေတင်နဲ့ နွေစပါးကို စတင်စိုက်ပျိုးတာပါ။ အခု နွေစပါးကို ခြောက်ဧက အစေ့ချစိုက်ပျိုး ထားပါတယ်။ ကျွန်တော့်လယ်ကွက်ကတော့ ချောင်းမြောင်းနဲ့ဝေးတော့ မိုးရာသီမှပဲ မိုးစပါးကို အဓိကထား စိုက်ပျိုးတာပါ။  နွေစပါးကို  ဒီနှစ်မှ စတင်စိုက်ပျိုးတာဆိုတော့ ဘယ်လောက်ထွက်မယ်၊  တစ်တင်းကို  ဘယ်လောက် ရောင်းရမယ်ဆိုတာတော့  မသိသေးပါဘူး။  မိုးစပါးကတော့ တစ်ဧကကို တင်း ၁၁ဝ ထွက်ပါတယ်။ စပါးဈေး ကတော့ အခုဒီမှာ စပါးတစ်တင်းကို  ငွေကျပ်  ၆ဝဝဝ မှ ၇ဝဝဝ အထိ ရောင်းရပါတယ်။ အခုဆို ကျွန်တော်တို့ လယ်သမားတွေအတွက် အဆင်ပြေသွားပါပြီ။ မြစ်ရေတင်နဲ့ မိုးစပါး၊  နွေစပါးနှင့်  အခြားသီးနှံတွေကို စိုက်ပျိုးနိုင်ပြီဖြစ်လို့ ဆန်စပါးများလည်း   ဖူလုံမှုရှိပြီး   မိသားစု အပိုဝင်ငွေများလည်း   အရင်ထက် ဖွံ့ဖြိုးတိုးတက် လာမယ်လို့ မျှော်လင့်မိပါတယ်'' ဟု  ပင်လောင်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးကြည်မောင်က ပြောသည်။ 
-
ယခုနှစ် နွေစပါးများ စတင်စိုက်ပျိုးရန် မြစ်ရေတင်သုံးခုဖြင့်  ရေများ ပေးဝေလျက်ရှိပြီး နွေစပါးများ စိုက်ပျိုးရန်  မြစ်ရေတင်တစ်ခုကို ဧက ၁ဝဝ နှုန်း၊ မြစ်ရေတင်သုံးခုဖြင့် ဧက ၃ဝဝရေပေးစိုက်ပျိုးလျက်ရှိပြီး ဧက ၃ဝဝ ထက် ကျော်လာလျှင်လည်း ရေကိုအပြည့်အဝ ပေးဝေသွားမည် ဖြစ်ကြောင်း၊ ရေဖိုးကို လယ်တစ်ဧက နွေစပါး ငွေကျပ် ၉ဝဝဝ၊ မိုးစပါး ငွေကျပ် ၆ဝဝ၊ အခြားသီးနှံတစ်ဧကကို ငွေကျပ် ၃ဝဝဝ နှုန်း ကောက်ခံကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ပင်လည်ဘူးမြို့နယ် ပင်းကြိုင်း၊ မြို့မနှင့် ယင်းသာမြစ်ရေတင် တာဝန်ခံများထံမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger