www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

လှိုင်သာယာ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ငွေအကျေပေးသွင်းနိုင်သူများကို ပထမဦးစားပေး အဖြစ် စတင်ရောင်းချ

လှိုင်သာယာ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ငွေအကျေပေးသွင်းနိုင်သူများကို ပထမဦးစားပေး အဖြစ် စတင်ရောင်းချ
-
ရန်ကုန် ဇန်နဝါရီ ၁၆ 
-
လှိုင်သာယာမြို့နယ်၌ တည်ဆောက်ထားသည့် ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို ငွေအကျေ ပေးသွင်းနိုင်သူများအား ဇန်နဝါရီ ၁၄ ရက်က ပထမဦးစားပေးအဖြစ် စတင် ရောင်းချပေးခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
လက်ရှိတွင် ယင်းတိုက်ခန်းများကို ငွေလက်ငင်း အကျေပေးသွင်းနိုင်သူများအား ပထမဦးစားပေး၊ ပထမအရစ် တိုက်ခန်းတန်ဖိုး တစ်ဝက်တိတိ ပေးသွင်းနိုင်သူများအား ဒုတိယဦးစားပေးနှင့် ပထမအရစ် ၃ဝ ရာခိုင်နှုန်းပေး သွင်းနိုင်သူများအား တတိယဦးစားပေးအဖြစ် အဆင့်သုံးဆင့်ခွဲ၍ ရောင်းချပေးနေခြင်း ဖြစ်ပြီး ငွေအကျေ ပေးသွင်း၍ လက်ငင်း ဝယ်ယူသူများကို ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''ငွေလက်ငင်းအကျေ ပေးသွင်းနိုင်တဲ့သူတွေကို ပထမဦးစားပေးပြီး ဦးရာလူစနစ်နဲ့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၈ ရက်အထိ ရောင်းချပေးနေပါတယ်။ ဘဏ်ချေးငွေနဲ့ ဝယ်မယ့်သူတွေကတော့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း လာရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။ 
-
လက်ငင်းဝယ်ယူသူများသည် ဦးရာလူစနစ်ဖြင့် သတ်မှတ်စည်းကမ်းချက်အတွင်း၌ တစ်ဦးလျှင် တစ်ခန်းစီသာ တန်းစီ ဝယ်ယူခွင့်ရခြင်း ဖြစ်ပြီး ဝယ်ယူခွင့် တန်းစီအမှတ်စဉ်များအတိုင်း အမှတ်စဉ်သတ်မှတ်ကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) ၌ ငွေသွင်းပြီး ငွေသွင်းချလန်နှင့်အတူ မြေညီထပ်ဘဏ္ဍာရေးဌာနရှိ ငွေတိုက်သို့ အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။ 
-
ထို့ပြင် ဝယ်ယူခွင့် ရရှိသူကိုယ်တိုင် ငွေသွင်းချလန်မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ ဌာနမှ ထုတ်ပေးသည့် ငွေအကျေတိုက်ခန်း လျှောက်လွှာပုံစံမူရင်းတို့ဖြင့်အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲသို့ ဇန်နဝါရီ ၂၁ ရက်မှစ၍ မိမိဝယ်ယူထားသော တိုက်ခန်း၌ တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိရောင်းချနေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၁ဝ၂ သိန်း၊ ၁ဝ၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သိန်း၊ ၁၃၉ သိန်း၊ ၁၄၂ သိန်းတို့ဖြင့် ရောင်းချနေခြင်း ဖြစ်ပြီး အခန်းအကျယ်အဝန်း အနေဖြင့် ၄၈၄ စတုရန်းပေပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း သိရသည်။ 
-
ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်း၊ ၂၇၄ သိန်း တို့ဖြင့် ရောင်းချလျက်ရှိပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၆၅ဝ စတုရန်းပေပတ်လည် ရှိကြောင်း သိရသည်။ 
-
ဇွန်သီတာ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger