-
ရန်ကုန် ဒီဇင်ဘာ ၂၇
-
ထိုင်းနိုင်ငံသို့ သွားရောက်သည့် ဝန်ဆောင်ခနှုန်းထားနှင့် အခွင့်အလမ်း ကွာခြားသဖြင့် ယခုနှစ်အတွင်း ယမန် နှစ်များကထက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား အများဆုံး သွားရောက်နေကြောင်းမြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(Myanmar Oversea Employment Agencies Fedration-MOEAF) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးမြတ်သူထံမှ သိရသည်။
-
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ဘာသာစကား ကျွမ်းကျင်မှုနှင့် တစ်ဦးချင်း စွမ်းရည်များအလိုက် သွားရောက်သည့် နိုင်ငံကွာခြားမှုရှိပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ကျေးလက်ဒေသများမှ ဖြစ်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ အခြေခံ လုပ်သားများအဖြစ် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
-
ထိုင်းနိုင်ငံသို့ တစ်လလျှင် တရားဝင် လုပ်သားတစ်သောင်း ဝန်းကျင်အထိ သွားရောက်နေကြောင်း သိရသည်။ ''အရင်နှစ်တွေက မလေးရှားကို သွားတာများတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ယဉ်ကျေးမှုကနီးစပ်တဲ့အတွက် ထိုင်းကို သွားတဲ့သူ ပိုများလာတယ်'' ဟု ဦးမြတ်သူက ပြောသည်။
-
ထို့ပြင် ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် ဝန်ဆောင်ခနှုန်းထားမှာ ငွေကျပ်နှစ်သိန်း ဝန်းကျင်သာရှိပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန် အခွင့်အလမ်းနှင့် ဝန်ဆောင်ခ ဈေးနှုန်းအရ ကွာခြားမှုများ ရှိနေသဖြင့်ထိုင်းနိုင်ငံသို့ သွားရောက်မှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
-
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့သို့ အဓိက သွားရောက်နေပြီး ဂျပန်နိုင်ငံ၏ လုပ်သားလိုအပ်ချက်အရ လာမည့်နှစ်တွင် ယခုနှစ်ထက် ဂျပန်နိုင်ငံသို့သွားရောက်သူ ပိုမိုများပြားနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment