www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

လပွတ္တာ(ပင်လယ်လေး)၊ ဝါးခယ်မနှင့် ရွှေလောင်းကြိုး တံတားများ အကြီးစား ပြုပြင်မည်ဖြစ်၍ ဒီဇင်ဘာ လလယ်ပိုင်းမှစတင်ကာ ဇက်ကူးတို့ရေယာဉ်များဖြင့် ဖြတ်သန်းရမည်

လပွတ္တာ(ပင်လယ်လေး)၊ ဝါးခယ်မနှင့် ရွှေလောင်းကြိုး တံတားများ အကြီးစား ပြုပြင်မည်ဖြစ်၍ ဒီဇင်ဘာ လလယ်ပိုင်းမှစတင်ကာ ဇက်ကူးတို့ရေယာဉ်များဖြင့် ဖြတ်သန်းရမည်
-
ရန်ကုန်   ဒီဇင်ဘာ   ၆
-
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကြိုးတံတားလေးစင်းအနက် လပွတ္တာ (ပင်လယ် လေး)ကြိုးတံတား၊ ဝါးခယ်မကြိုးတံတားနှင့် ရွှေလောင်း ကြိုးတံတားတို့သည်   ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်သဖြင့်  အကြီးစားတည် ဆောက်ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိတွင် ဖြတ်သန်းသွားလာနေကြသော ခရီးသည်များနှင့် ကုန်စည် ပို့ဆောင်နေသော ယာဉ်များသည် ဒီဇင်ဘာလလယ်ပိုင်းမှစတင်၍ ဇက်ကူးတို့ရေယာဉ်များဖြင့် သတ်မှတ် နှုန်းထားအတိုင်း ပးဆောင်ကာ ဖြတ်သန်းရမည်ဖြစ်ကြောင်းသိရသည်။ 
-
''ဧရာဝတီတိုင်းဒေသကြီးက မြောင်းမြကြိုးတံတား ကျိုးကျသွားတာကို နမူနာယူပြီး နောက်ထပ်ကြိုးတံတားတွေ အလားတူမဖြစ် စေဖို့ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ ပြည်ပပညာရှင်တွေ ပါဝင်ပြီး အရည်အသွေး စစ်ဆေးမှုတွေ လုပ်ကြတဲ့အခါမှာ  အခုလတ်တလောတော့  ကြိုးတံတားလေးစင်း တည်ဆောက်ပြုပြင်ရမယ့် အခြေအနေဖြစ်ပေါ်နေပါတယ်။ ဒီလို ဆောင်ရွက်နေစဉ် ကာလမှာလည်း ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရေးနဲ့ ခရီးလမ်း ပန်းမပျက်တောက်စေဖို့ ပြည်တွင်းရေကြောင်း ဌာနမှာရှိတဲ့ ဇာတ်ကူးတို့ရေယာဉ်တွေနဲ့  သယ်ယူပို့ဆောင်ပေးဖို့  စီစဉ်ထားပါတယ်''  ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒုတိယ အထွေထွေမန်နေဂျာ ဦးဝင်းကိုအောင် (ပို့ဆောင်ရေး) ကပြောသည်။
-
၎င်းကြိုးတံတားလေးစင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန/လမ်းဦးစီး ဌာနတို့မှ ဒီဇင်ဘာလလယ်ပိုင်းမှ စတင်၍ တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လပွတ္တာတံတား (ပင်လယ်လေး)၊ ဝါးခယ်မတံတား၊ ရွှေလောင်း တံတားတို့၌ နေ့စဉ်ဖြတ်သန်းနေသော ယာဉ်များ၊ ခရီးသွားပြည်သူများသည် ဒီဇင်ဘာ လလယ်ပိုင်းမှစတင်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဇက်ကူးတို့ ရေယာဉ် များဖြင့် သတ်မှတ်နှုန်းထား အတိုင်း အခကြေးငွေ ပေးဆောင်ကာ ဖြတ်သန်းရမည်ဖြစ်သည်။ ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဇက်ကူးတို့နံပါတ် 110 (ဇက်ကြီး)ရေယာဉ်တစ်စင်းကို လပွတ္တာတံတား(ပင်လယ်လေး)တွင် အသုံးပြုနိုင်စေ ရန် စေလွှတ်ထားကြောင်း၊ ယခုအချိန်တွင် လမ်းဖောက်လုပ်ပေးမှု အနေဖြင့် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာ ၁ဝ ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရန်ကုန်)မှ သိရသည်။ ထို့ပြင် ဝါးခယ်မမြစ်ကူး ကြိုးတံတား၌ အသုံးပြုမည့် ဇက်ကူးတို့နံပါတ် 102 ရေယာဉ်အကြီးမှာ ဒီဇင်ဘာ ၅ ရက်တွင် ၎င်းတံတားသို့ ရောက်ရှိနေပြီဖြစ်သည်။
-
လက်ရှိတွင် ဇက်ရေယာဉ်များ အသုံးပြုမည့် ယာဉ်အတက်/အဆင်း ကမ်းနှစ်ဖက်ခြေဆင်းလမ်းများ ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဇက်ကူးတို့ကမ်းကပ်ခြေဆင်းလမ်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ရွှေလောင်းကြိုး တံတားအတွက်လည်းကမ်းနှစ်ဖက် ဇက်ကူးတို့ရေယာဉ် ကမ်းကပ် ခြေဆင်းလမ်းများကို လမ်းဦးစီးဌာန/တံတားဦးစီးဌာနများမှ ဆောင်ရွက်နေကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် အပြီးဆောင်ရွက်ရန် ခန့်မှန်းထားကြောင်း၊ ရွှေလောင်းကြိုးတံတားတွင် အသုံးပြုရန်အတွက် မြောင်းမြတံတားတွင် ပြေးဆွဲနေသော အရန်အဖြစ်ထားသည့် ဇက်ကူးတို့(အလတ်)ယာဉ်ဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger