www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

ခရီးသွား ရာသီအစတွင် သရေခေတ္တရာပျူမြို့ဟောင်းသို့ လာရောက်လည်ပတ်ရာ၌ ဆင်စီး၍ လည်ပတ်မှု နည်းပါး

ခရီးသွား ရာသီအစတွင် သရေခေတ္တရာပျူမြို့ဟောင်းသို့ လာရောက်လည်ပတ်ရာ၌ ဆင်စီး၍ လည်ပတ်မှု နည်းပါး
-
ပြည်  ဒီဇင်ဘာ  ၃ 
-
ယခုနှစ်ခရီးသွားရာသီအစပိုင်းဖြစ်သော အောက်တိုဘာလမှ ဒီဇင်ဘာ ပထမပတ်အထိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာပျူမြို့ဟောင်းသို့ ဆင်စီးလည်ပတ်မှု နည်းပါးနေသေးကြောင်း ပြည်ဆင်စခန်းမှ လက်ထောက် မန်နေဂျာ ဦးစောရည်မွန်လင်း ထံမှ သိရသည်။
-
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ သရေခေတ္တရာပျူမြို့ဟောင်းသို့ ဆင်စီး၍ လေ့လာလည်ပတ်နိုင်ရန်  ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်မှစတင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်  ခရီးသွားရာသီက ဆင်စီးလည်ပတ်ခြင်း  အနည်းငယ်ရှိသော်လည်း ယခုနှစ်တွင် မရှိသလောက် နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
-
''မနှစ်ကတော့ ပြည်တွင်းခရီးသည်တွေ ဆင်စီးလည်ပတ်မှု ပိုများခဲ့တယ်။ ပြည်ပခရီးသည် နည်းတဲ့အဓိက အချက်က ဒီကိုလာတဲ့ နိုင်ငံခြားသား အများစုက Package Tour တွေနဲ့ လာကြတာဆိုတော့ ဆင်စီးပြီး လည်ပတ်ဖို့ အချိန်မပေးနိုင်ကြဘူး။ခရီးတိုတောင် နာရီဝက်ကနေ မိနစ် ၄ဝ လောက်ကြာတဲ့အတွက် အချိန်မပေးနိုင်တာပါ။ အခုလို ဆင်စီးပြီးလည်ပတ်နိုင်တဲ့   အစီအစဉ်ကို   စတာလည်းမကြာသေးတဲ့အတွက် ခရီးသွား ကုမ္ပဏီတွေရဲ့ ခရီးစဉ်ဆွဲတဲ့ အထဲမှာလည်း  မပါသေးတော့ မစီးကြသေးတာပါ''   ဟု  ဦးစောရည်မွန်လင်း ကပြောသည်။
-
ထိုသို့ ပျူမြို့ဟောင်းအတွင်း ခရီးသွားများ လှည့်လည်လေ့လာနိုင်ရန် ခရီးတိုသုံးခုနှင့် ခရီးရှည်တစ်ခု စီစဉ်ထားပြီး ရှေးဟောင်း အမွေအနှစ်များ လေ့လာထိန်းသိမ်းနိုင်ရန်နှင့် ဒေသအတွက် ဝင်ငွေတိုးပွားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
-
''ဆင်စီးမယ်ဆိုရင်   ခရီးစဉ်ကတော့ အတိုအရှည်နှစ်မျိုးရှိတယ်။  ခရီးတိုက ၁ ဒသမ ၆ ကီလိုမီတာရှိတယ်။  ကြာချိန်က မိနစ် ၄ဝ လောက်ကြာမယ်။ ပြည်တွင်း ခရီးသည်တစ်ဦးကို   ငွေကျပ်ငါးထောင် ယူပါတယ်။နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ဦးကို ငွေကျပ် နှစ်သောင်းယူပါတယ်။ ခရီးရှည်ကတော့ခရီးအကွာအဝေး  ၄ ဒသမ  ၆ ကီလိုမီတာရှည်တယ်။ ကြာချိန်က နှစ်နာရီကြာပါတယ်။   ပြည်တွင်းခရီးသွား တစ်ဦးကို ငွေကျပ်နှစ်သောင်း ယူတယ်။ နိုင်ငံ ခြားခရီးသွားဧည့်သည်တစ်ဦးကို  ငွေကျပ် ငါးသောင်းယူတယ်။ ဆင်စီးချိန်ကို  နံနက် ၉ နာရီ ကနေ ညနေ ၄ နာရီအထိ  သတ်မှတ်ထားပါတယ်'' ဟု ဦးစောရည်မွန်လင်း ကပြောသည်။
-
ဆင်များဖြင့် လှည့်လည် လေ့လာနိုင်ရေးအတွက် ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နှင့်  အမျိုးသားပြတိုက် ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်   ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger