www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ ပဉ္စမ အကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ ပဉ္စမ အကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်
-
ရန်ကုန် ဒီဇင်ဘာ ၁၃ 
-
အိန္ဒိယသမ္မတနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယ-မြန်မာ ကုန်သည်/စက်မှု အသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်း ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲ (The 5th Enterprise India Show)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁ဝ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ Lotte Hotel  ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်အားပေး ချီးမြှင့်သည်။ 
-
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး   H.E. Mr. Vikram Misri ၊ အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယ-မြန်မာ ကုန်သည်/စက်မှုအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Vikram Misri ကပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးသော အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူး အထူးတင်ရှိကြောင်း။ 
-
ယခုပြပွဲကိုစီစဉ် ကျင်းပပေးသည့် ရန်ကုန်မြို့ရှိ အိန္ဒိယသမ္မတနိုင်ငံ သံရုံးနှင့် အိန္ဒိယစက်မှုလုပ်ငန်း အသင်းချုပ်တို့ကိုလည်း ချီးကျူးဂုဏ်ပြုအပ်ကြောင်း။ ယခုအခမ်းအနားက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နက်ရှိုင်းသော နားလည်မှုကို ဖြစ်ထွန်းစေသည့်အပြင် ကုန်သွယ်မှု ဆက်ဆံရေး အရှိန်မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရေးနှင့် လုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ရိုးရာဓလေ့ထုံးစံ တို့တွင် ဆွေမျိုးရင်းချာများကဲ့သို့ မျှဝေခံစားလျက် ရှိကြကြောင်း၊ အဆိုပါ တန်ဖိုးများအပေါ် အခြေခံပြီး ပြည်သူအချင်းချင်းအကြား ခိုင်မာသော ဆက်ဆံရေး ရရှိထားသည့်အပြင် ရေရှည်တည်တံ့ ခိုင်မြဲသော ချစ်ခင်ရင်းနှီးမှုများကို ရရှိနေကြောင်း။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သော ၁၉၄၈ ခုနှစ်မှစပြီး မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ထူးခြားသည့် အောင်မြင်မှုများ ရရှိခဲ့သည့် အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း စသည့် နယ်ပယ်များနှင့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (BIMSTEC ) နှင့် တောင်အာရှဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု မျက်နှာစာများတွင်လည်း မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။ 
-
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏအနေဖြင့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ အထိ အမေရိကန်ဒေါ်လာ ၈ဝဝ ဒသမ ၄၃၁ သန်းရှိခဲ့ကြောင်း၊ အဆိုပါ ကုန်သွယ်မှု ပမာဏတွင် နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၄၅ သန်းရှိ ကြောင်း၊ မြန်မာနိုင်ငံက အဓိက ပို့ကုန်များသည် ပဲမျိုးစုံ၊ အထပ်သားနှင့် သစ်ပါးလွှာ၊ သစ်ခွဲသား အမျိုးမျိုး၊ သတ္တု၊ သတ္တုရိုင်းနှင့် ရေချိုရေငန် ငါးမျိုးစုံတို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံမှ သွင်းကုန်များမှာ ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံနှင့်သံမဏိပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ တွင်းထွက်စက်သုံးဆီများ၊ စက်နှင့်စက်ပစ္စည်းများ ဖြစ်ကြကြောင်း။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက် ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် အဆင့် ၁၁ ၌ ရပ်တည်လျက်ရှိကြောင်း၊ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ စီမံကိန်းပေါင်း ၃ဝ တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆၃ ဒသမ ၅၆၇ သန်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လကုန်အထိ အိန္ဒိယကုမ္ပဏီ ၂၂၅ ခုသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း။ 
-
စီးပွားရေးအခွင့်အလမ်းများအား ဖော်ထုတ်နိုင်ရန်အတွက် အိန္ဒိယကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စိတ်အားတက်ကြွစွာ ပါဝင်ပြသမှုကိုလည်း တန်ဖိုးထား အသိအမှတ်ပြုကြောင်း၊ (၅)ကြိမ်မြောက် Enterprise India Show  တွင် စိုက်ပျိုးရေးနှင့် လယ်ယာသုံး ကိရိယာ၊ မော်တော်ယာဉ်များ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် သယ်ယူ ပို့ဆောင်ရေး၊ လေပူလေအေးပေးစနစ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာများ စွမ်းရည်မြှင့်တင်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ပညာရေး၊ စွမ်းအင်၊ လျှပ်စစ်နှင့် ဝန်ဆောင်မှု စသည့် လုပ်ငန်းများအား ပြသထားပြီး ပြခန်းပေါင်း ၅ဝ ကျော် ပါဝင်ပြသလျက်ရှိသည်ကို သိရှိရကြောင်း။ လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး ဆက်ဆံမှုများ တိုးတက်လျက် ရှိသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရမိကြောင်း၊ အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများနှင့် ကျွမ်းကျင်သူများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အခြေခံ အဆောက်အဦ စီမံကိန်းများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ပညာရေး၊ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး စသည့်နယ်ပယ်ပေါင်းစုံတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ အကျိုးဆက်အားဖြင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း။ 
-
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများကို ချိတ်ဆက်ပေးသည့် ကုလားတန်မြစ် ဘက်စုံသုံး နယ်စပ်ဖြတ်သန်း ပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ စီမံကိန်းများသည် နှစ်နိုင်ငံအကြားတွင်သာမက တောင်နှင့် အရှေ့တောင်အာရှ ဒေသနှစ်ခု အကြားတွင်ပါ ချိတ်ဆက်မှုလမ်းကြောင်း အဖြစ် ဆောင်ရွက် ပေးသွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သဘာဝသယံဇာတများ ရေရှည် တည်မြဲရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား မျှတစွာခွဲဝေနိုင်ရေးကို ထောက်ပံ့ပေးနိုင်ရန်နှင့် အားလုံးပါဝင်သည့် ပြည်သူဗဟိုပြု ချဉ်းကပ်မှုမှတစ်ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မည့် စီးပွားရေး မူဘောင်များကို ချမှတ်ထားရှိပြီး ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံတွင် ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများနှင့် အကျွမ်းဝင်သည့် ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အထင်ရှားဆုံးမှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကုမ္ပဏီမှတ်ပုံတင်မှု လွယ်ကူစေရေးနှင့် စည်းမျဉ်းဥပဒေများနှင့်အညီ လက်တွေ့လိုက်နာမှုများ တိုးတက်လာစေရေးတို့ကို ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။ အဆိုပါဥပဒေသစ်အရ ၂ဝ၁၈ ခုနှစ် သြဂုတ်၁ ရက်မှစပြီး အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်းစနစ်ကို မိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီများ အနေဖြင့် Myanmar Companies Online(MyCo) ကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းနှင့် ပြန်လည် မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း။ 
-
အရေးကြီးဆုံးအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့် အညီ ပြီးပြည့်စုံသော စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်  တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို ရေးဆွဲနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု မျှော်မှန်းချက်အတွက် လမ်းပြမြေပုံတစ်ရပ်အဖြစ် ဆောင်ရွက် ပေးသွားနိုင်မည်ဟု  ယုံကြည်ကြောင်း။ အဆိုပါ MSDP စီမံကိန်း၏ ပန်းတိုင်တစ်ရပ်စီတွင်  သက်ဆိုင်ရာ မျှော်မှန်းချက်နှင့် လုပ်ငန်း စဉ်များပါရှိကြောင်း၊ ပထမပန်းတိုင် အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးကိုအလေးပေးပြီး ဒုတိယ ပန်းတိုင်အနေဖြင့် စီးပွားရေး စီမံခန့်ခွဲမှုအပေါ်  ရည်မှန်းထားရှိ ကြောင်း၊ တတိယပန်းတိုင် အနေဖြင့် အလုပ်အကိုင်ဖန်တီးပေးရေး၊ စတုတ္ထပန်းတိုင် အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေး၊ ပဉ္စမပန်းတိုင်အနေဖြင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်များသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုလျက်ရှိကြကြောင်း။ 
-
အိန္ဒိယနိုင်ငံမှ စီးပွားရေး အသိုက်အဝန်းအား မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် မိမိတို့အနေဖြင့်  နွေးထွေးစွာ ကြိုဆိုကြောင်း၊ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ခေတ်မီစံပြမြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပညာရေးစနစ် တိုးတက်လာစေရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့အစိုးရ အနေဖြင့် အဓိကအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း။ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချဉ်းကပ်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ငန်းခွင် အခြေအနေများ မျှတကောင်းမွန်စေရေးကို ဖန်တီးပေးခြင်းမှ တစ်ဆင့် အလုပ်သမားများနှင့် တကွ ဆက်စပ်ပါဝင်သူများ၏ အခွင့်အရေးများကို ဦးစားပေး ဆောင်ရွက်ရန်လည်း အရေးကြီးကြောင်း၊  မိမိတို့၏  ရေရှည်ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် အိန္ဒိယနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှု များသည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန်  ထိထိ ရောက်ရောက် အကျိုးပြုမည်ဖြစ်ကြောင်း။ အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေနိုင်ရန်နှင့် မြန်မာနိုင်ငံ၏  ဖွံ့ဖြိုး တိုးတက်မှုများအပေါ် ပိုမိုနားလည်လာစေရန် အဆွေတော်တို့အား တိုက်တွန်းအပ်ကြောင်း၊ နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက်   မိမိတို့ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားရန်     မျှော်လင့်ကြောင်း။ အဆွေတော်တို့၏   အနာဂတ်ကြိုးပမ်း ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိစေရန် ဆုမွန်ကောင်းတောင်းအပ်ကြောင်း ပြောကြားသည်။ 
-
ယင်းနောက်  အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်က ယခု ရန်ကုန်မြို့တွင် ကျင်းပသည့်   ပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကို တက်ရောက် ဖွင့်လှစ်ပေးရသည့် အတွက် အထူးပင်ဝမ်းမြောက်ကြောင်း၊ ယနေ့ အခမ်းအနားတွင် မိမိနှင့်အတူ အိန္ဒိယနိုင်ငံမှ အဆင့်မြင့်စီးပွားရေး ကိုယ်စားလှယ်များ တက်ရောက်လာခြင်းသည် မိမိတို့နိုင်ငံနှင့် မြန်မာနိုင်ငံအကြား  စီးပွားရေးဆိုင်ရာ ဆက်ဆံမှုကို အလေးထားသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်     မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်အိန္ဒိယနိုင်ငံမှ ကမ္ဘာတစ်ဝန်း နာမည်ကျော်ပြီး  ထုတ်လုပ်ရေး ကဏ္ဍတွင် အဓိကလုပ်ငန်းများမှစပြီး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများထိ ကုမ္ပဏီပေါင်း ၅ဝ ကျော် ပါဝင်တက်ရောက်ကြကြောင်း။ 
-
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိအချိန်တွင် အသင့်အတင့်သာ ရှိသော်လည်း တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိကြောင်း။ ယနေ့ကုန်စည်ပြပွဲတွင် အိန္ဒိယမှ အကောင်းဆုံး ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို မြန်မာနိုင်ငံသို့   ရောက်ရှိစေနိုင်သည်ကို ဝမ်းမြောက်မိကြောင်း၊ နှစ်နိုင်ငံ နားလည်မှုများ၊ သဘောတူညီမှုများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့်    ခရီးသွား ကဏ္ဍကိုလည်း တိုးမြှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိ၏ ခရီးစဉ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အိန္ဒိယ နိုင်ငံမှ ခရီးသည်များအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ပေးရန်  ဆုံးဖြတ်လိုက်ခြင်းသည်   နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးနှင့် စီးပွားရေး လုပ်ငန်းများကို   ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မူဝါဒများ ပြုပြင်ပြောင်းလဲနေသည်ကို   သိရှိရသဖြင့် ဝမ်းမြောက်မိကြောင်း။ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံဖွဲ့စည်းခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို   ပိုမိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊   အိန္ဒိယနိုင်ငံ အနေဖြင့် Capacity Building နှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အတွေ့အကြုံများကို မြန်မာနိုင်ငံအား မျှဝေပေးလိုကြောင်း၊ အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို အဓိကစားသုံးသည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့  ပဲမျိုးစုံ တင်ပို့ရာတွင် အခက်အခဲများ  တွေ့ကြုံခဲ့ရသည့်အပေါ်  နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေမည့် ဖြေရှင်းနည်း တစ်ရပ်ရရှိစေရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း။ 
-
မိမိတို့ အိန္ဒိယနိုင်ငံ၏ ''  NeighbourhoodFirst ''  နှင့်  '' Act East ''   မူဝါဒများကို ဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံအနေဖြင့် ထူးခြားသော နေရာဒေသတစ်ခုအဖြစ် တည်ရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ပြီး အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။  ထို့နောက်   CII National MSME Council ဥက္ကဋ္ဌ Mr. Shreekant Somany က ကျေးဇူးတင်စကား ပြောကြားသည်။  ဆက်လက်၍ ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲကို ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက်  ဒုတိယသမ္မတ  ဦးမြင့်ဆွေနှင့် အိန္ဒိယ သမ္မတနိုင်ငံသမ္မတ   ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger