www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ဗိဿနိုးမြို့ဟောင်းရှိ ရွှေရောင်တော်စေတီအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည်

ဗိဿနိုးမြို့ဟောင်းရှိ  ရွှေရောင်တော်စေတီအား  လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည်
-
တောင်တွင်းကြီး  နိုဝင်ဘာ  ၂၇ 
-
မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း၏ အရှေ့မြောက်ထောင့်၌ မြို့ဦးစေတီအဖြစ် တည်ထားခဲ့သည့် ရွှေရောင်တော် စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရန်   ပြင်ဆင်လျက်ရှိပြီး ငွေကျပ်သိန်း ၁၂ဝဝ ခန့်   အကုန်ကျခံ လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။
-
''နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီး ဦးဝိစိတ္တညာဏ လက်ထက်မှာ နောက်ဆုံးရွှေသင်္ကန်း ကပ်လှူခဲ့တာ ခုဆို ရွှေသင်္ကန်း မကပ်နိုင်တာ ခုနစ်နှစ်ရှိသွားပြီ။   ဦးပဉ္စင်းမီခဲ့တာ သုံးကြိမ်၊ ခုအကြိမ်နဲ့ဆို ရွှေသင်္ကန်းကပ်တာ ငါးကြိမ်ရှိပြီ။  ငါးနှစ်ခြောက်နှစ်လောက်မှ တစ်ကြိမ် ကပ်လှူနိုင်တာပါ။ ခုကတော့  ညောင်ကုန်းကျောင်း ဆရာတော်   ဦးကုမာရ ဦးစီးပြီးတော့  ဆောင်ရွက်မှာပါ။ ရွှေချခနဲ့ ရွှေဆိုင်းဖိုးတွေအားလုံး သိန်း ၁၂ဝဝ လောက် ကုန်ကျမယ် လို့ ခန့်မှန်းပါတယ် ''ဟု ရွှေရောင်တော် စေတီကျောင်း    လက်ထောက်ဆရာတော်က မိန့်ကြားသည်။
-
ရှေးယခင်က  စေတီတော်၏ ငှက်ပျောဖူးတွင်သာ ရွှေချခဲ့ပြီး ကိုယ်လုံးတော်မှာ မှန်စီရွှေချဖြစ်ခဲ့သဖြင့် လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍   ရွှေရောင်တော်ဆိုသည့် ဘွဲ့အမည်နှင့် လိုက်ဖက်စေရန်  မှန်စီသင်္ကန်းများ ခွာချပြီး ရွှေသင်္ကန်း ကပ်လှူခဲ့ကြောင်း၊ ယခင်ကဘုရား ဉာဏ်တော်မှာ သံတောင်  ၅ဝ  သာရှိခဲ့ပြီး တောင်တွင်းမင်း အဆက်ဆက်၏ ပြုပြင်မှု၊ ၂ဝဝဝ  ပြည့်နှစ်ဝန်းကျင်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးမှုကို ပြုပြင်မှုများ ရှိခဲ့ခြင်းကြောင့် ယခုအခါ  ဉာဏ်တော်အမြင့် ၈၅ တောင်ရှိကြောင်း သိရသည်။
-
အဆိုပါစေတီတော်၌    ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ    ရွှေသင်္ကန်း ကပ်လှူရန် လုပ်ငန်းများစတင်နေပြီး ၂ဝ၁၉  ခုနှစ် ဇန်နဝါရီလကုန်(တပို့တွဲလ ရွှေရောင်တော်ဘုရားပွဲအမီ)   အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ လှူဒါန်း လိုပါက ရွှေသင်္ကန်း ရွှေဆိုင်းတစ်ဆိုင်းလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့်  ဆရာတော်ဦးမေဃိယ  ဖုန်း-ဝ၉-၄၄ဝ၂၂၅၄၄၈၊ ဝ၉-၇၉၆၂၂၉၂၂၄သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger