www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 9, 2018

မိုးကုတ် မြို့နယ်၌ ငွေကျပ်သိန်း ၇၅ဝ တန်ဖိုးရှိ ဘိန်းစိမ်း ၈၄ ထုပ်သိမ်းဆည်းရမိ


မိုးကုတ် အောက်တိုဘာ  ၈
-
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မိုးကုတ်မြို့မရဲစခန်းတောင်ဘက် ၆ မိုင်ခန့် အကွာ ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်း ကျေးရွာကြား၌  ယမန်နေ့က ဆိုင်ကယ်ငါးစီး ပေါ်မှ ငွေကျပ်သိန်း ၇၅ဝ တန်ဖိုးရှိ ဘိန်းစိမ်း  ၈၄ ထုပ်နှင့်အတူ တရားခံငါးဦး ဖမ်းဆီး ရမိကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ မိုးကုတ်မြို့နယ် ပြင်ဦးလွင်- မိုးကုတ်ကားလမ်းပေါ် လယ်ကြီးရဲကင်းရှေ့၌ မိုးကုတ်မြို့နယ် လယ်ကြီး တံတားတာဝန်ကျ ရဲအုပ်လှနီအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဖြတ်သန်းသွားသော   ဆိုင်ကယ်ငါးစီးကို မသင်္ကာ၍တားဆီးရာ မောင်းနှင်ထွက်ပြေးသဖြင့် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းခိုင်ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦးတို့က ပန်းမထိပ်ကျေးရွာမှ ဦးဇော်ဝမ်း(ရာအိမ် မှူး)၊ ဦးအောင်လွင်စိုး(ဆယ်အိမ်မှူး)တို့နှင့် အတူ လိုက်လံဖမ်းဆီးရာ မိုးကုတ်မြို့မရဲစခန်း တောင်ဘက် ၆ မိုင်ခန့်အကွာ ဖြူရောင်ကျေးရွာ နှင့် ညောင်ကုန်းကျေးရွာကြား လမ်းကွေ့ အရောက်တွင် ဆိုင်ကယ်ငါးစီးကိုတွေ့ရှိသဖြင့်  ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးစဉ်  ဖမ်းဆီးမခံဘဲ  ပြန်လည်ခုခံသဖြင့် ချောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် လက်ပကုန်းရွာနေသူ အောင်စိုး ၂၉ နှစ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်
-
လွမ်းစေတီကျေးရွာနေ စိုးမိုးနိုင် ၂၂ နှစ်၊  စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် လက်ပကုန်းကျေးရွာနေ ဆန်းဒေးထူး ၂၉ နှစ်တို့သုံးဦးကို ဖမ်းဆီးရမိသည်။ ကျန်တရားခံနှစ်ဦးမှာ တောင်အောက်လျှိုထဲသို့ထွက်ပြေး သွားသဖြင့်  မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခိုင်ဦးဆောင်သောအဖွဲ့သည် အဖွဲ့ခွဲ ပြီး လိုက်လံဖမ်း ဆီးရာ ညောင်ကုန်းကျေးရွာ အနီးအရောက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် လွမ်းစေတီကျေးရွာနေ မောင်ထွန်း ၂၅ နှစ်ကို ဖမ်းဆီးရမိပြီး ကျန်တရားခံတစ်ဦးမှာ ဖမ်းဆီးမခံသဖြင့် သေနတ်ဖြင့် ခြောက် လှန့်ပစ် ခတ်ဖမ်းဆီးရာ တရားခံမျိုးလွင်ဝင်း ၂၁ နှစ်ကို ဖမ်းဆီးရမိခဲ့သည်။ မျိုးလွင်ဝင်းတွင် သေနတ်ထိမှန်မှုကြောင့် ယာပေါင်တွင် စုတ်ပြဲဒဏ်ရာငါးချက်၊ ကျောပြင်တွင် စုတ်ပြဲဒဏ်ရာ ၁၅ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
-
သိမ်းဆည်းရမိသော ဆိုင်ကယ်နှင့်သိုဝှက် သယ်ဆောင်လာသော ပစ္စည်းများကိုစစ်ဆေးရာ မျိုးလွင်ဝင်း စီးနင်းသော ဆိုင်ကယ်ပေါ်မှ ပလတ်စတစ်ဖြင့်ထုပ်လျက် ဘိန်းစိမ်း ၂၆ထုပ်၊  အောင်စိုးစီးနင်းသော ဆိုင်ကယ်မှ ဘိန်းစိမ်း  ၂၇ ထုပ်၊  ဆန်းဒေးထူးစီးနင်း သော ဆိုင်ကယ်မှ ဘိန်းစိမ်း ၃၁ ထုပ် စုစုပေါင်း ၈၄ ထုပ် တန်ဖိုးငွေ ကျပ်သိန်း ၇၅ဝ တွေ့ရသဖြင့်  သက်သေများရှေ့တွင်  ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးလွင်ဝင်း၊ အောင်စိုး၊ မောင်ထွန်း၊ စိုးမိုးနိုင်နှင့် ဆန်းဒေးထူးတို့ ငါးဦးကို  မိုးကုတ်မြို့မရဲ စခန်းက မယ(ပ) ၁၂၆/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/ ၂၁အရ အမှုဖွင့်ထားရှိကြောင်း   သိရသည်။

ထွန်းကိုကို(ယင်းမာပင်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger