www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ပဲခူး  အောက်တိုဘာ  ၁၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော် ဆင်စခန်းနှင့်  မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။
-
ရှေးဦးစွာ ဒုတိယသမ္မတသည် ပဲခူးဒေသ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား လုပ်ငန်း ဆောင်ရွက်နေသည့် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိရာ    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက စခန်းဖွင့်လှစ်ခဲ့မှု၊ ဆင်များအား ထိန်းသိမ်းထားမှုနှင့် စခန်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက ''ကမ္ဘာတည်သရွေ့ မြန်မာ့ဆင် ရတနာများ တည်ရှိနေရမည်'' ဟူသည့် ဆင်စခန်းများ၏ ဆောင်ပုဒ်အတိုင်း ဒေသတွင်းရှိဆင်ကောင်ရေကို လျော့ကျမသွားအောင်နှင့် တိုးတက်လာအောင် အလေးထားထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ တောရိုင်းဆင်များ ဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိစေရေးအတွက် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ   အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်း၍  ထိထိရောက်ရောက် ဖမ်းဆီး အရေးယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
-
ထို့နောက် စခန်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များနှင့် ခရီးသွားများ အပန်းဖြေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention)၏ အသိအမှတ်ပြု    မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ရောက်ရှိကြပြီး မိုးယွန်းကြီးအင်း ရေဝပ်ဒေသပညာပေး ပြခန်း၌ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း တွေ့ရှိရသော ရုပ်လုံးသွင်း ငှက်မျိုးစိတ်များနှင့် ကြာရှည်ခံဆေးရည် စိမ်ထားသည့်  မျိုးစိတ်နမူနာများအား လှည့်လည်ကြည့်ရှုရာ   တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
-
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခိုငှက်များ လာရောက် ကျက်စားနေထိုင်သည့်  နေရာများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော   ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက  ဘေးမဲ့တောအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားရှိမှု၊ ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုနှင့် မိုးယွန်းကြီးအင်း   ရေရှည်တည်တံ့ရေး အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
-
ထို့နောက် ရွှေပြည်အေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမျိုးသက် က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention))မှ မြန်မာနိုင်ငံတွင် ပထမဆုံး Ramsar Site အဖြစ် အသိအမှတ်ပြုခံရသည့် ယခုဒေသ၌ ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေဝပ်ဒေသများတွင်လည်း ယခုကဲ့သို့ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် မိုးယွန်းကြီးအင်းသည် စံပြဘေးမဲ့တော တစ်ခုဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးယွန်းကြီးအင်း အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းစောင့်ရှောက်ရာ၌ အင်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ပါဝင်လာနိုင်ရေးအတွက်   အသိပညာပေး လုပ်ငန်းများ၊ Vocational Training များနှင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းတို့ကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတည်ရှိပြီး ဧရိယာစတုရန်းမိုင် ၄ဝ(၂၅၆ဝဝဝ ဧက)ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် ''မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော'' အဖြစ် စတင် သတ်မှတ်ခဲ့သည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရေပျော်ငှက်များနှင့် ဆောင်းခိုငှက် များ၏ ကျက်စားနယ်မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များနှင့် ပတ်သက်သည့် သုတေသန များကိုဆောင်ရွက်ရန်၊ ရေဝပ်ဒေသဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။             
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger