www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

မာယာများသော မိန်းမ


မာယာများသော မိန်းမ

မဒါလေး

''မိန်းမမာယာ သဲကိုးဖျာ'' ဆိုရိုးစကား ရှိသည်ကိုတော့ ကြားဖူး ပါသည်။ ဘာကြောင့် ရယ်တော့ ကျယ်ကျယ် ပြန့်ပြန့် သိပ်မသိပါ။ မိန်းမတိုင်းလည်း မာယာ မများ သကဲ့သို့ မာယာများ တိုင်းလည်း မိန်းမ မဟုတ်ပါ။ လောကတွင် မာယာများသော လူအများ ရှိရာ ယောက်ျား၊ မိန်းမ မခွဲခြားဘဲ လူတိုင်းတွင် ပင် ပုံစံကွဲသော မာယာ တစ်မျိုးစီတော့ တွေ့မြင် ရတတ်သည်။

ကျွန်မတို့ နေသော ရပ်ကွက်သည် လူနေစိပ်သည့် ရပ်ကွက် ဖြစ်သည် နှင့်အညီ တစ်အိမ်နှင့် တစ်အိမ်မှာ ခြံစည်းရိုး တစ်ခုသာ ခြားသည်။ ခြံစည်းရိုး အနိမ့်များ ဖြစ်သောကြောင့် တစ်အိမ်နှင့် တစ်အိမ် တစ်ဖက်မှ တစ်ဖက်ကို လှမ်းမြင် နေရသည်။ ကျွန်မ ထိုရပ်ကွက်ကို ပြောင်းလာသည်မှာ တစ်လခန့်သာ ရှိသေးသည်။ သို့အတွက် အိမ်နီးချင်း များနှင့် မရင်းနှီးသေးသူ ပီပီ အိမ်နီးချင်း များကိုလည်း တစ်အိမ်စီ လေ့လာ စူးစမ်းမိသည်။ ကျွန်မ၏ ဘေးအိမ်တွင် သားအမိ နှစ်ဦးနှင့် အဒေါ် ဖြစ်သူတို့ နေထိုင်ကြသည်။ ထိုအိမ်ရှေ့တွင် ကုန်စုံဆိုင်လေး ဖွင့်ထားသဖြင့် အမြဲတစေ လူစည်နေသည်။

သမီးဖြစ်သူ၏ ပုံသဏ္ဌာန်မှာ အနည်းငယ် အေးစက်စက် နိုင်လှသည်။ သနပ်ခါး ပါးကွက်ကျား နှင့် အင်္ကျီအဖြူ ကို အောက်က ယောဂီထဘီ နှင့် တွဲဖက် ဝတ်ထားသည်မှာ ထင်ထား သည်ထက် အသက် အရွယ်က ပိုကြီးနေ သယောင် မြင်ရသည်။ မြင်တာထက်ပင် သူမ၏ ပုံသဏ္ဌာန်က အေးစက်စက် ပိုနိုင်နေသည်။ သူမနှင့် စကားပြောကြည့် သောအခါ အေးစက်စက်နှင့် ခပ်ပြတ်ပြတ် ပြောလိုက်သော အသံက သူမ၏ သွင်ပြင်ကို ပိုမိုထင်ဟပ် စေသည်။ နေ့စဉ်နံနက် နှင့် ညနေခင်း ပိုင်းတွင် ယောဂီဝတ်စုံနှင့် ဘုရားဝတ်ပြု နေသော သူမကို သတိထားမိ နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူမသည် ရပ်ကွက်ထဲမှ လူများနှင့်လည်း အဆက်အဆံ နည်းသည်။ သူမ၏ မိခင်နှင့် အဒေါ်ဖြစ်သူ ကတော့ ရပ်ကွက် သာရေး နာရေးက အစ အတော်လူဝင် ဆံ့သည်။ တစ်ခါတစ်ရံ သူမ၏ အဒေါ်ဖြစ်သူနှင့် စကားပြောမိသည့် အချိန်တွင် မိန်းကလေး ဖြစ်ပြီး မိန်းမဆန်ဆန် မနေသောကြောင့် စိတ်ပူမိကြောင်း၊ အခြား မိန်းကလေးများ ကဲ့သို့ ပျော့ပျော့ ပျောင်းပျောင်း ညင်ညင်သာသာ မရှိသဖြင့် တူမဖြစ်သူ၏ ဘဝရှေ့ရေး အတွက် သူမ၏ မိခင်ရော အဒေါ်ပါ စိုးရိမ် နေမိကြောင်း ပြောပြသည်။ သူမမှာ စကားပြော ပြတ်သလောက် အလုပ်လည်း ပြတ်သည်။ အိမ်မှုကိစ္စ အချက်အပြုတ် အချုပ်အလုပ် ကအစ သန့်ရှင်းရေး အဆုံး သူမ တစ်ဦးတည် လုပ်သည်။ ဆိုင်အတွက် ဈေးဝယ်က အစ သူမကိုယ်တိုင် လုပ်လေ့ ရှိသည်ကို တွေ့မြင်ရသည်။ သူမတွင် လိုအပ်တာ တစ်ခုက မိန်းမဆန်ဆန် မနေတတ်ခြင်း ပင်ဖြစ်သည်။

ထိုသို့သော သူမထံသို့ အဒေါ် ဖြစ်သူ၏ ကြိုးပမ်းမှုဖြင့် ဖူးစာက ရွာလည် လာခဲ့ပြီ။ သူမကို အိမ်ထောင်ချပေး လိုက်ကြသည်။ တစ်ဦးတည်း သောသမီး ဖြစ်သည့်အပြင် ဖတဆိုးလေး ဖြစ်သောကြောင့် အမေနှင့် အဒေါ်က အိမ်တွင် အတူနေရန် ခေါ်ထား လိုက်ကြသည်။ ထိုအချိန်မှ အစပြု၍ ရပ်ကွက်ထဲတွင် သူမတို့ အကြောင်းမှာ တစ်နေ့တာ စိတ်ဝင်စားမှု သတင်းတွင် ပါဝင်ခဲ့သည်။ ထင်ကြေး အမျိုးမျိုးဖြင့် သူမတို့ကို စောင့်ကြည့် နေကြသူ များလည်း ရှိသည်။ ''မိန်းကလေး ဆိုတာ မာယာတော့ နည်းနည်းရှိမှ'' ဟူ၍တစ်မျိုး၊ ''သူ့ပုံစံနဲ့ မချွဲမနွဲ့ တတ်တာနဲ့ ဘယ်လောက်မှ ကြာမယ် မထင်ဘူး'' ဟူ၍တစ်ဖုံ ''မိန်ကလေး ပီပီပြင်ပြင် ဆင်ဆင်နဲ့ ညင်ညင် သာသာ ပြောတတ်မှ'' ဆိုကာ တစ်မျိုး တစ်ယောက် တစ်မျိုး ပြောကြသူ များရှိသကဲ့သို့ တစ်ယောက် တစ်မျိုး ဝိုင်းဝန်း သင်ပြ ကြသူများလည်း ရှိသည်။ မည်သူတွေ မည်မျှပင် ပြောပြော သူမကတော့ ယခင် အတိုင်းပင်။ ယခင်ကထက် ဘာမျှ မပြောင်းလဲ။

ယခုလိုနှင့် သူမထံသို့ သားဦးလေး တစ်ဦး ရောက်လာခဲ့ ပါပြီ။ သူမတို့ အိမ်ထောင် သက်တမ်း တစ်နှစ် အကျော်တွင် သားလေးတစ်ဦး ထွန်းကားခဲ့သည်။ လင်နှင့်မယား တက်ညီ လက်ညီ အလုပ်ကြိုးစား ကြသဖြင့် ကုန်စုံဆိုင်လေး မှ စတိုးဆိုင်လေး အဖြစ်သို့ ပြောင်းလဲ နိုင်ခဲ့ပြီ။ သားဦးလေး ဖြစ်သောကြောင့် တစ်အိမ်လုံး ပျော်လို့မဆုံး ဖြစ်နေကြသည်။ တစ်ရက် သူမတို့ခြံမှ သီချင်းသံ အချို့ ပျံ့လွင့်လာသည်။ အသံ အတတ်အကျ မညီမညာနှင့် ''လူကလေးရဲ့ အိပ်ချိန်တန် ... ဗျိုင်း အင်း ... ဗျိုင်းရှေ့ကပျံ ပျံလေသည့် ပျံလေသည့် '' သီချင်းသံ က ဆက်ထွက် မလာတော့ ကျွန်မ တစ်ချက်ပြုံး လိုက်မိသည်။ သူမ သားချော့တေး ဆိုလေပြီ။ ထွန့်ထွန့် လူးအောင် ငိုနေသော ကလေးငယ်ကို သူမ အစွမ်းကုန် ချော့မြူ နေခြင်းဖြစ်သည်။ တစ်ခါတစ်ခါ သူမကိုယ်တိုင် စပ်မိစပ်ရာ သီချင်းများ ဆိုနေသည် ကိုလည်း ကြားရသည်။ တစ်ခါတစ်ရံ စကား တီတီတာတာ ပြောကာ သားအမိနှစ်ဦး ကျီစယ် နေသည်မှာ ကြားရသူပင် ပီတိ ဖြစ်မိသည်။ တစ်ခါတစ်ရံ ကလေးရော လူကြီးပါ ရယ်သံသာလေး များဖြင့် ပျော်မြူး နေကြသည်။ တစ်ခါတစ်ခါ သနပ်ခါးလူး၊ ဆံပင်ကို နှစ်ခွစည်း ထားသော ခေါင်းကို ဘယ်ညာ လှုပ်ရမ်းကာဖြင့် အမေ လုပ်သူကို သဘောကျ နေသော သားကို ပိုမို သဘောကျအောင် လုပ်ပြတတ် သေးသည်။ တစ်ခါတစ်ခါ ပါးစပ်ဆိုင်း တီးလျက် ကပြနေသည် ကိုလည်း တွေ့ရသည်။

တစ်နေ့ အဒေါ်ဖြစ်သူနှင့် ဆုံခိုက် ''ဘယ်လိုလဲ အဒေါ်တို့ အိမ်က အခုတော့ နေ့တိုင်း အသံထွက်လို့ သာယာလှပါလား။'' အဒေါ် ဖြစ်သူက ''မပြောချင် ပါဘူးကွယ် ကျုပ်တူမများ အရင်က မိန်းမမှ ဟုတ်ရဲ့လား ထင်မိပါတယ် အရင်ကနဲ့တော့ ကွာပါ့ တစ်နေ့တစ်နေ့ သူ့သား ရယ်အောင် မူရာမာယာတွေ များပြ လိုက်ရတာများ၊ သီချင်းတွေဆို လိုက်ရ တာများ မော မမောနိုင်ပါဘူး'' တဲ့လေ။ အဒေါ်ဖြစ်သူ၏ အဖြေကို ကြားတော့ ကျွန်မ ရယ်ချင် သွားသည်။ ''သူလဲ အမေ တစ်ယောက်ပဲ အဒေါ်ရယ် ဒီလောက်တော့ လုပ်ရမှာပေါ့'' ဟု ပြန်ဖြေ မိသည်။

သားသမီးအတွက် ဆိုလျှင် ကျွန်မ အဖေတောင် ကျွန်မတို့ ပျော်အောင် ကပြခဲ့ ဖူးသည်။ ယခု ထိုကလေးမလောက် ကတော့ မာယာများတယ် မပြောစေချင်။ မိခင်တိုင်းသည် သားသမီးများ ပျော်ရွှင်ရန်၊ အစာစားရန်၊ ရေချိုးရန်၊ ကျောင်းသွားရန်၊ စာလုပ်ရန် မာယာမျိုးစုံ သုံးပြီး လှည့်ပတ်ကာ မိမိတို့ လိုချင်သည့် ဘက် ရောက်အောင် ဆွဲခေါ် တတ်ကြသည်။ သားသမီး အတွက်ဆိုလျှင် သူတို့တွင် ရှိသမျှ မာယာမျိုးစုံကို ထုတ်သုံးရန် အသင့်ပင် ရှိနေတတ် ကြသည်။ ဒါကိုပင် မာယာများသည် ဟုဆိုလျှင် . . .။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger