www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 16, 2018

နိုင်ငံတော်အလံကို တန်ဖိုးထား ရိုသေလေးစားကြပါစို


လွတ်လပ်သော နိုင်ငံများသည် နိုင်ငံတော်အလံ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော် သီချင်းများကို ဥပဒေ ပြဋ္ဌာန်းကာ တန်ဖိုးထား ရိုသေလေးစား ကြသည်။ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံများသည် ကိုယ်ပိုင်သီးခြား လွတ်လပ်သည့်၊ အနှောင်အဖွဲ့ ကင်းသည့် နိုင်ငံတော် အလံများ လွှင့်ထူကြသည်။ နိုင်ငံတော် အလံသည် နိုင်ငံ တစ်နိုင်ငံကို ကိုယ်စားပြုသည့် အမှတ်အသား ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား 
အားလုံးက နိုင်ငံတော် အလံကို တန်ဖိုးထားကာ ရိုသေ လေးစား ရပေမည်။
-
မြန်မာ နိုင်ငံသည် ကိုယ့်ထီး ကိုယ့်နန်းနှင့် အုပ်ချုပ်ခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာမင်းများ လက်ထက်က စစ်ချီရာတွင် နိုင်ငံတော် အမှတ်အသား အလံများကို လွှင့်ထူခဲ့သည်။ ထို့အတူ တစ်ဖက်နိုင်ငံ ကလည်း 
၎င်းတို့ နိုင်ငံ၏ အလံများ လွှင့်ထူကြသည်။ သံတမန် ဆက်သွယ်ရာတွင်လည်း နိုင်ငံတော် အလံကို အသုံး ပြုခဲ့ကြသည်။
-
ကုန်းဘောင် ခေတ်နှောင်း ရတနာပုံခေတ် သီပေါမင်း အရှင် နှစ်ပါးတို့အား နယ်ချဲ့ ကိုလိုနီ ဗြိတိသျှတို့က ဖမ်းဆီးသွားသော အခါတွင် ရတနာပုံခေတ် ဒေါင်းအလံကိုချကာ ယူနီယံဂျက် အလံကို လွှင့်ထူခဲ့ 
သည်။ ယူနီယံဂျက် အလံ လွှင့်ထူခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ မရှိတော့ဘဲ ဗြိတိသျှတို့၏ အာဏာ သက်ရောက်ရာ နယ်မြေအဖြစ် အသိအမှတ် ပြုလိုက်ခြင်း ဖြစ်ပေသည်။ မြန်မာ နိုင်ငံသည် 
နယ်ချဲ့ ကိုလိုနီ ဗြိတိသျှတို့၏ ကျွန်ဘဝ ကျရောက် ခဲ့ရသည်။ မြန်မာ့ မြေပေါ်တွင် ယူနီယံဂျက် အလံကို လွှင့်ထူထား သဖြင့် မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာတို့သည် ပျက်သုဉ်း ခဲ့ရပေသည်။ 
-
မြန်မာမျိုးချစ် များသည် မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိရေး အတွက်  နယ်ချဲ့ကိုလိုနီ ဗြိတိသျှတို့ကို တော်လှန်သည်။ ဖက်ဆစ် ဂျပန်တို့ကို တော်လှန်သည်။ မြန်မာ မျိုးချစ်များသည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် ဝါ၊ စိမ်း၊နီ သုံးရောင်ခြယ် အလံကို ထည်ဝါစွာ အသုံးပြုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလက ထည်ဝါစွာ အသုံးပြုခဲ့သော ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလံကို နိုင်ငံတော် အလံ အဖြစ် ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၃၇(က) တွင် ပြဋ္ဌာန်းပြီး ပုဒ်မ- ၄၃၇(ခ) တွင် နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ ဥပဒေ ပြဋ္ဌာန်း ရမည်ဟု ပြဋ္ဌာန်း ထားသည်။
-
နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၈/၂ဝ၁ဝ) ဖြင့် နိုင်ငံတော် အလံ ဥပဒေကို ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၁၃ ရက် (၂၁-၁ဝ-၂ဝ၁ဝ) တွင် ပြဋ္ဌာန်း ခဲ့သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၁/၂ဝ၁ဝ) ဖြင့် နိုင်ငံတော် အလံ နည်းဥပဒေ များကို ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၁၃ ရက် (၂၁-၁ဝ-၂ဝ၁ဝ) တွင် ပြဋ္ဌာန်းခဲ့သည်။
-
နိုင်ငံတော် အလံဥပဒေတွင် အခန်း(၅)ခန်း ပါဝင်သည်။ အခန်း(၁) တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂)တွင် နိုင်ငံတော် အလံ၏ စံပြုအရွယ်အစား အတိုင်းအတာနှင့် အရောင်အသွေး၊ အခန်း(၃)တွင် နိုင်ငံတော်အလံ လွှင့်ထူခြင်း၊ အခန်း(၄) တွင် တားမြစ်ချက်နှင့် ပြစ်ဒဏ်၊ အခန်း(၅) တွင် အထွေထွေ တို့ကို ပြဋ္ဌာန်း ထားသည်။
-
နိုင်ငံတော် အလံ နည်းဥပဒေတွင် အခန်း(၄) ခန်း ပါဝင်သည်။ အခန်း(၁) တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂) တွင် နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များ၊ အခန်း(၃) တွင် နိုင်ငံတော် အလံကို အလေးပြုခြင်း၊ အခန်း(၄) တွင် အထွေထွေ တို့ကို ပြဋ္ဌာန်း ထားသည်။ 
-
နိုင်ငံတော် အလံ ဥပဒေ အခန်း(၂)၊ ပုဒ်မ(၃) (က) တွင် နိုင်ငံတော် အလံ၏ စံပြအရွယ် အစားသည် ထောင့်မှန် စတုဂံပုံ ဖြစ်ပြီး အလျား ၉ ပေ၊ အနံ ၆ ပေ ဖြစ်သည်။
-
ပုဒ်မ-၃(ခ) တွင် နိုင်ငံတော် အလံ၏ အောက်ခံ အရောင်မှာ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် တို့ဖြစ်သည်။ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် တို့မှာ အလံတော်၏ အနံဖြစ်သော ၆ ပေကို သုံးပုံ တစ်ပုံစီ အညီအမျှ ရှိရမည်။ ထို့ကြောင့် အရောင် တစ်ရောင်လျှင် ၂ပေစီ ရှိရမည်။
-
ပုဒ်မ-၃(ဂ) တွင် (၁) အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ငါးခု ပါသော ကြယ်ဖြူကြီး တစ်လုံး ရှိရမည်။ (၂) ကြယ်ဖြူကြီး၏ အပေါ် ကြယ်လက်တံသည် နိုင်ငံတော် အလံအလျား၏ ထက်ဝက် ဖြစ်သော ၄ပေ ၆ လက်မ နှင့် တည့်တည့် နေရာတွင် ရှိပြီး အထက်သို့ မတ်မတ် ညွှန်းရမည်။
-
(၃) ကြယ်၏ ထိပ်မှ အလံ၏ အဝါရောင် အနားသတ်အထိ အကွာအဝေးနှင့် အနီရောင် အတွင်းရှိ အောက်ပိုင်း ကြယ်လက်တံ နှစ်ခု၏ထိပ်မှ အလံ၏ အနီရောင် အနားသတ်အထိ အကွာအဝေး တို့သည် ၁ ပေ စီရှိရမည်။
-
(၄)  ကြယ်လက်တံ    တစ်ခုနှင့် တစ်ခုသည် ၂ပေ၊ ၇.၂ လက်မစီ အကွာအဝေး တူညီရမည်ဟု နိုင်ငံတော် အလံ၏ စံပြု အရွယ်အစားကို ပြဋ္ဌာန်း ထားသည်။
-
နိုင်ငံတော် အလံ အရွယ်အစား၊ အဝါရောင်၊ အစိမ်း ရောင်နှင့် အနီရောင်တို့သည် ၂ ပေစီ ထားရှိရမည် တို့ကို စနစ်တကျ စီမံပြဋ္ဌာန်း ထားသည်။ အလံတော် တွင်ပါရှိသော ကြယ်ဖြူကြီး တစ်လုံးမှာလည်း ထားချင် သည့်နေရာ ထားရှိခြင်း မဟုတ်ဘဲ စည်းစနစ်ကျနစွာ ထားရှိရန် ပြဋ္ဌာန်း ထားသည်။ ကြယ်ဖြူကြီးတွင် လက်တံ ငါးခုပါရှိသည်။ ကြယ်ဖြူကြီး၏ လက်တံ ငါးခုတွင် အပေါ်ဆုံး အဝါရောင် အနားသတ်တွင် ကြယ်ဖြူကြီး၏ လက်တံ တစ်ခုသည် ၁ ပေ ပါဝင်ပြီး အလံ၏ အနီရောင် အနားသတ်တွင် ကြယ်ဖြူကြီး၏ လက်တံနှစ်ခုသည် ၁ ပေ ပါဝင်သည်။ ကြယ်ဖြူ လက်တံတစ်ခုနှင့် တစ်ခု အကွာ အဝေးမှာ ၂ပေ၊ ၇.၂ လက်မစီ ကွာခြားထား သည်ဟု စနစ်တကျ ပြဋ္ဌာန်း ထားသည်။
-
နိုင်ငံတော် အလံ၏ စံပြု အရွယ်အစား အတိုင်း အတာနှင့် အရောင်အသွေး တို့ကို စနစ်တကျ ပြဋ္ဌာန်း ထားသော်လည်း အချို့သော သူတို့သည် နိုင်ငံတော် အလံကို စနစ်တကျ ထားရှိခြင်း မရှိဘဲ ရိုသေလေးစားမှု ကင်းမဲ့နေသည်ကို လူမှုကွန်ရက် စာမျက်နှာတွင် မြင်တွေ့ နေရသည်။ လူမှုကွန်ရက်တွင် အလံတော်နှင့် ပတ်သက်၍ ထင်မြင်ယူဆချက် အမျိုးမျိုး ရေးသား ထားသည် ကိုလည်း တွေ့ရသည်။ တချို့သော ထင်မြင် ယူဆချက် များသည် နိုင်ငံတော် အလံအား တန်ဖိုးထား လေးစားရန် ရေးသားခြင်း ဖြစ်ပြီး တချို့သည် နိုင်ငံတော် အလံ၏ အသရေကို ညှိုးနွမ်းစေရန် ရေးသားထားသည်ကို ဖတ်ရှုရသည်။
-
လူမှု ကွန်ရက်တွင် စီတန်း လှည့်လည်ခြင်း ပြုလုပ် နေသည်ကို တွေ့ရသည်။ ၎င်းပုံတွင် နိုင်ငံတော် အလံအား ပြောင်းပြန် လှန်လွှင့်ထူ ထားသည်ကို မြင်တွေ့ရသည်။ အဝါ၊ အစိမ်း၊ အနီရောင် ဖြစ်ရမည်ကို အနီ၊ အစိမ်း၊ ဝါရောင် အဖြစ် ပြောင်းပြန် လှန်ထားသည်။ အလွယ်ကူဆုံး သိမြင်မှတ်သား ရန်မှာ အလံတော်ကို လွှင့်ထူလျှင် အလံတော်၏ အပေါ်ဆုံး အရောင်သည် အဝါရောင် ဖြစ်ရပေမည်။ သို့သော် ပြောင်းပြန်လွှင့်ထူ ထားသဖြင့် အလံတော်၏ ပေါ်ဆုံး အလံသည် အနီရောင် ဖြစ်နေသည်ကို တွေ့မြင်ရသည်။ နိုင်ငံတော် အလံတော်အား မလေးစား၊ မရိုသေခြင်း၊ မြတ်နိုးခြင်း ကင်းမဲ့ခြင်းသာ ဖြစ်မည်ဟု ယူဆရပေမည်။
-
နိုင်ငံတော် အလံ လွှင့်ထူရာတွင် အရောင်ကို မခွဲ ခြား နိုင်ပါကလည်း ကြယ်ဖြူကြီး၏ လက်တံဖြင့် အလံတော် ပြောင်းပြန် ဖြစ်နေသည်ကို ခွဲခြား သိနိုင်သည်။ နိုင်ငံတော် အလံအလျား၏ ထက်ဝက် အလယ် တည့်တည့် နေရာတွင် အထက်သို့ မတ်မတ် ညွှန်းနေသည့် ကြယ်ဖြူကြီး၏ လက်တံ တစ်ခုသည် အပေါ်တွင် ထားရှိလျှင် အလံတော်သည် ပြောင်းပြန်ဖြစ်ရန် အကြောင်းမရှိပေ။ နိုင်ငံတော် အလံအား ပြောင်းပြန် လွှင့်ထူခြင်းသည် သဘောရိုးဖြင့် မှားယွင်းလေ သလား။ ရည်ရွယ်ချက် ရှိရှိ ကြိုတင် အစီအမံဖြင့် မှားယွင်း လေသလား ဆိုသည်မှာ ကာယကံရှင် သာလျှင် သိပေမည်။ 
-
ထိုသို့ နိုင်ငံတော် အလံကို ပြောင်းပြန် လွှင့်ထူသည်ထက် ဆိုးရွားသော ဖြစ်ရပ် တစ်ခုကိုလည်း လူမှု ကွန်ရက်တွင် ဖော်ပြထားသည့် Post ၌ Thailand, Myanmar Public & Private Dialogue တွေ့ဆုံ ဆွေးနွေး နေသလား၊ စည်းဝေး နေသလား ပုံကို တွေ့ရသည်။  ၎င်းပုံတွင် Thailand, Myanmar Public & Private Dialogue စာသားနှင့် ထိုင်းနိုင်ငံ အလံနှင့် မြန်မာနိုင်ငံ အလံတော် တို့ကို တွေ့မြင်ရသည်။ ၎င်းမြန်မာနိုင်ငံ အလံတော်သည် ဝါ၊ စိမ်း၊ နီ အမှန်တင်ထား သည်ကို တွေ့ရသည်။ စည်းဝေး တက်ရောက်သူများ ရှေ့ရှိ  စားပွဲရှည် ပေါ်တွင်လည်း မြန်မာနိုင်ငံ အလံတော်သုံးခု စိုက်ထူထားသည်ကို တွေ့ရသည်။ ထိုအလံတော် သုံးခုသည် ဝါ၊ စိမ်း၊ နီ မဟုတ်ဘဲ နီ၊ စိမ်း၊ ဝါ ဖြစ်နေသည်။ ထိုကဲ့သို့ နှစ်နိုင်ငံ တွေ့ဆုံပွဲတွင် ဤကဲ့သို့ နိုင်ငံတော် အလံအား ပြောင်းပြန် စိုက်ထူခြင်းသည် နိုင်ငံတော်၏ ဂုဏ်အသရေ ညှိုးနွမ်းစေရန် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ဆောင်ရွက်နေ သလားဟု မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်နေသည်။
-
နိုင်ငံတော် အလံအား ပြောင်းပြန် စိုက်ထူခြင်းထက် ပိုမို၍ ထူးခြားသည့် Post တစ်ခုကို လည်း တွေ့ရသည်။ "ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် ဥက္ကဋ္ဌ၊ ရပ်မိ၊ ရပ်ဖ၊ ကိုယ်စားလှယ် လောင်း ဒေါ်တင်လဲ့ဝင်း ၏ ဆန္ဒမဲ ပေးကြရန် မေတ္တာ ရပ်ခံချက်"  ပိုစတာတွင်     နိုင်ငံတော် အလံအား ပြောင်းပြန် ဖြစ်နေသည်ကို တွေ့မြင်ရသည်။ ပို၍ ထူးခြားသည်မှာ အနီရောင်တွင် ကြယ်ဖြူကြီး၏ လက်တံ တစ်ခုသည် ၎င်းအနီရောင် အနားသတ်တွင် ရှိနေသည်ကို တွေ့မြင်ရသည်။ အလံ၏ အထက်ပိုင်းရှိ ကြယ်ဖြူကြီးသည် အဝါရောင် အနားသတ်တွင် တစ်လက်မ ရှိနေရမည့်အစား အနီရောင် အနားသတ်တွင် ရှိနေသည်။ ဤကဲ့သို့ နိုင်ငံတော် အလံအား ပြောင်းပြန် လွှင့်ထူခြင်း၊ နိုင်ငံတော် အလံအား ပုံသဏ္ဍာန် ပြောင်းလဲ ထားခြင်းများတွေ့ မြင် နေရသော်လည်း ထိုသူများကို နိုင်ငံတော် အစိုးရက ဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖြစ်စေ  တရားစွဲ ဆိုထားသည်ဟု မကြားရ ဖူးသေးချေ။ အဘယ့်ကြောင့် တရားစွဲဆိုခြင်း မပြုလုပ်ကြ ပါလိမ့်ဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ပေသည်။
-
နိုင်ငံတော် အလံဥပဒေ အခန်း(၄) ပုဒ်မ-၁၃တွင် နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ-
-
(က) နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသား တစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း၊ 
-
(ခ ) နိုင်ငံတော် အလံတော်ကို-
(၁) အဆင်း အရွယ်၊ ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း။
(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။
(၃)  မလေး မစားပြုခြင်း။
-
(ဂ ) --------- ဟူ၍ ပြဋ္ဌာန်း ထားသည်။
-
နိုင်ငံတော် အလံ ဥပဒေ ပုဒ်မ-၁၆ တွင် "မည်သူမဆို ပုဒ်မ-၁၃၊ ၁၄နှင့် ပုဒ်မ-၁၅တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်း ထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားသည်။
-
နိုင်ငံတော် အလံအား ပြောင်းပြန် စောက်ထိုး လွှင့်ထူခြင်း၊ အလံတော်၏ ကြယ်ဖြူကြီး လက်တံအား ပြုပြင်ပြောင်းလဲ ရေးသား ခြယ်လှယ်ခြင်း တို့သည် အလံတော်အား   မရိုမသေ   မလေး မစား ပြုရာရောက်သည်။ နိုင်ငံတော် အလံဥပဒေကို ချိုးဖောက်ရာ ရောက်ပေသည်။ ထိုသို့ နိုင်ငံတော် အလံဥပဒေကို ချိုးဖောက်လျှင် ဥပဒေအရ တရားစွဲဆို အရေးယူသင့် ပေသည်။ သို့သော် နိုင်ငံတော် အလံ ဥပဒေအရ တရားစွဲဆို 
အရေးယူ ဆောင်ရွက်သည့်သ တင်း မကြားသိရ သေးပေ။ အကယ်၍ ဥပဒေအရ အရေးယူမှု တစ်စုံတစ်ရာ မရှိလျှင် နိုင်ငံတော် အလံအား မလေးစားမှု၊ အလွဲ အသုံးပြုမှုများ ပေါ်ပေါက် လာနိုင်ပေသည်။ 
-
လူမှုကွန်ရက် စာမျက်နှာ များတွင်၊ ရုပ်ရှင်ရုံများ တွင် နိုင်ငံတော် အလံကို အလေး မပြုပါက ဖမ်းဆီး တရားစွဲဆိုခြင်း ခံရမည်ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။ တရားစွဲဆိုခြင်း ခံရမည်ကိုစိုး၍ အလံတော်အား အလေး ပြုခြင်းထက် မိမိ နိုင်ငံတော်၏ အလံတော်ကို လေးစားမြတ်နိုး တန်ဖိုးထားပြီး အလေးပြု ခြင်းသည် တန်ဖိုးရှိသည်။ မိမိနိုင်ငံ၏ အလံတော်အား မိမိတို့က မလေးစားလျှင် အဘယ်သူတို့က လေးစား မည်နည်း။ မိမိ နိုင်ငံတော် အလံအား အလေးထား မြတ်နိုးခြင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာကို    အလေးထား မြတ်နိုးခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အလံကို တန်ဖိုးထား ရိုသေ လေးစား ကြပါစို့ဟူ၍ ရေးသား တိုက်တွန်းနှိုးဆော် အပ်ပါသည်။  
-
ရှေ့ နေ-ဦးဝင်းကြည်(စဥ့်ကိုင်)
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger