www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 4, 2018

တစ်ပိုင်တစ်နိုင် ရော်ဘာအစေးခံ စဉ့်ခွက်များ မှာယူမှု များပြားသော်လည်း ထုတ်လုပ်နိုင်မှု နည်းပါးနေ



သထုံ အောက်တိုဘာ ၃
-
မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာ၌ တစ်ပိုင်တစ်နိုင် ရော်ဘာအစေးခံ စဥ့်ခွက်ထုတ်လုပ် ရောင်းချသူများအနေဖြင့် လုပ်ငန်းခွင် အခက်အခဲကြောင့်  ရော်ဘာအစေးခံ စဥ့်ခွက်များ မှာယူမှုများ ရှိသော်လည်း ထုတ်လုပ်နိုင်မှု  နည်းပါးနေသေးကြောင်း ရော်ဘာအစေးခံ စဥ့်ခွက်ထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။
-
အရင်းနှီးအခက်အခဲကြောင့် စဥ့်ခွက်ထုတ်ဖိုများ တိုးချဲ့မပြုလုပ်နိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ ကုန်ကြမ်းပစ္စည်းများ နှစ်စဉ်ဈေးတက်မှုများကြောင့် စဥ့်ခွက်များ မှာယူမှုများသော်လည်း ထုတ်လုပ်ပေးနိုင်ခြင်း မရှိကြောင်း တံတားဦးကျေးရွာနေသူ တစ်ဦးကပြောသည်။
-
''အခုနောက်ပိုင်းနှစ်တွေမှာ ပဲခူး၊ ရန်ကုန်ဘက်က ခွက်တွေ အမှာများလာတယ်။ သူတို့က ကျွန်တော်တို့ ထုတ်ပေးနိုင်သလောက် ယူမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့လိုသလောက် မထုတ်ပေးနိုင်ဘူး။ ဒါကလည်း စဥ့်ခွက်လုပ်တဲ့    ကုန်ကြမ်းပစ္စည်းတွေက နှစ်တိုင်းဈေးတက်တယ်။လုပ်အားခတွေလည်း တိုးပေးရတယ်။ ဒါပေမဲ့ လုပ်သားတွေကလည်းပင်ပန်းတော့ သိပ်မလုပ်ချင်ကြဘူး။ ကျွန်တော်တို့ကလည်း  လုပ်ငန်းအခက်အခဲကြောင့် သူတို့ကို လုပ်အားခ ဈေးအများကြီး မပေးနိုင်ဘူး''ဟု ၎င်းကပြောသည်။
-
စဥ့်ခွက်လုပ်ငန်း လုပ်ကိုင်သူများအတွက်   SME ချေးငွေများ ချေးပေးနိုင်ပါက လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်မည့်အပြင် လူအားအစား စက်အားအသုံးပြု လုပ်ကိုင်လာနိုင်ပါက ပိုမိုတိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
-
ရော်ဘာအစေးခံ စဥ့်ခွက်ပြုလုပ်ရန် လိုအပ်သော မြေကြီး၊ မြေနီမှုန့်၊ ထင်း၊ လုပ်အားခများ  နှစ်စဉ်ဈေးကြီးပေး ဝယ်ယူငှားရမ်း လုပ်ကိုင်နေကြရခြင်းကြောင့်   ကျွမ်းကျင်လုပ်သား ငှားရမ်းရမှုခက်ခဲလာသဖြင့် လုပ်ငန်းခွင် အခက်အခဲများ ရှိနေကြောင်း စဥ့်ခွက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
-
အော်ဒါမှာယူသူများအနေဖြင့် တံတားဦး ကျေးရွာအတွင်းရှိ စဥ့်ခွက်လုပ်ကိုင်သူများထံမှ တစ်ဖိုလျှင် စဥ့်ခွက်အလုံးရေ တစ်သိန်းခန့် မှာယူမှုများရှိသော်လည်း စဥ့်ခွက်ထုတ်လုပ်သူများ အနေဖြင့် တစ်နှစ်လျှင် အလုံးရေ ၅ဝဝဝဝ ဝန်းကျင်သာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
-
ရော်ဘာအစေးခံရာတွင်  ခြံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စဥ့်ခွက်၊ ကော်ခွက်များ အသုံးပြုကြသော်လည်း  စဥ့်ခွက်များမှာ ကော်စေးမကပ်ခြင်း၊ အလွယ်တကူ ခွာယူရရှိခြင်း၊   ကြာရှည်အသုံးခံခြင်းများကြောင့် အသုံး များကြောင်း  ရော်ဘာခြံရှင်များထံမှ သိရသည်။
-
ယခုနှစ်တွင် ရော်ဘာအစေးခံခွက် ဖောက်သည်ဈေးမှာ  အကြီးတစ်လုံးလျှင်ငွေကျပ် ၂၈ဝ ၊ အလတ်တစ်လုံးလျှင် ငွေကျပ် ၁၅ဝ၊ အသေးတစ်လုံးလျှင် ငွေကျပ် ၁၃ဝ နှုန်းဖြင့် ရောင်းချပေးနေပြီး လက်လီဈေး ဝယ်ယူပါက ခွက်တစ်လုံးလျှင်ငွေကျပ် ၅ဝ ခန့်ကွာခြားမှုရှိကြောင်း သိရသည်။
-
ရော်ဘာအစေးခံစဥ့်ခွက်များ ထုတ်လုပ်ရာတွင် ဂဝံမြေနှင့်ရွှံ့စေးကို ရောစပ်ကာ ခွက်ပုံစံပြုလုပ်ပြီး နေလှန်းအခြောက်ခံကာ ထင်းဖြင့် မီးဖုတ်ခြင်း အဆင့်ဆင့် လုပ်ကိုင်ရကာ  အချိန်တစ်ပတ်ခန့်ကြာ ပြုလုပ်ရကြောင်း သိရသည်။
-
သထုံမြို့နယ်တွင်   တံတားဦးကျေးရွာ အုပ်စုအတွင်း၌သာ ရော်ဘာစဥ့်ခွက် ထုတ်လုပ်သူ ရှစ်ဦးခန့်ရှိပြီး နှစ်စဉ် စဥ့်ခွက်အရေအတွက် ၁ဝ သိန်းဝန်းကျင် ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။ သထုံဒေသထွက် စဥ့်ခွက်များကို ဒေသတွင်း အသုံးပြုမှုအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger