www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏အသုံးဝင်ပုံ

-
ဗိုလ်စားပဲသီးသည် တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော အစိမ်းရောင်ဟင်းသီး ဟင်းရွက်မျိုးဖြစ်ကာ မရင့်မှည့်ခင် ခူးဆွတ် ပေးရသည်။ ချုံပုတ်ကဲ့သို့ ချုံထူထပ်စွာ ပေါက်ရောက်တတ်သောအပင်အမျိုးအစား
ဖြစ်၍ အထူးတလည် စင်ခံ၍စိုက်ပျိုးပေးရန်မလိုအပ်ပေ။ 
-
အပင်၏အမြစ်သည် တိမ်သည့်အတွက်ကြောင့် ၎င်းအပင်အောက်ခြေ၏ ဘေးပတ်လည်တွင်ရှိသော ပေါင်းပင်၊ မြက်ပင်တို့ကို မကြာခဏ ရှင်းလင်းပေးဖို့ လိုသည်။ ဗိုလ်စား ပဲသီးကို အစိမ်းလိုက် ကျွတ်ကျွတ်ဝါး
စားနိုင်သလို မိမိနှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍သော်လည်းကောင်း၊ အခြားဟင်းသီးဟင်းရွက်များနှင့်ရောနှောကာ အစိမ်းကြော် ကြော်၍သော်လည်းကောင်း စားနိုင်သည်။ 
-
ထို့ပြင် ရေနွေးပူပူတွင် ခေတ္တမျှ စိမ်ပြီးနောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့် ခေါက်ကြော်၍ သော်လည်းကောင်း အမျိုးမျိုး စားသုံးနိုင်သည်။ ဗိုလ်စား ပဲသီး၏ အရသာမှာ ပဲသီး ခေါ် ပဲတောင့်ရှည်ထက် 
ပိုမိုနူးညံ့ကာ ပိုလည်း ချိုမြိန်သဖြင့် သက်သတ်လွတ် စားသူများ အကြိုက်တွေ့ ကြသည်။
-
ခြောက်သွေ့သော ပဲအမျိုးအစား များဖြစ်ကြသည့် ဥပမာ-ကုလားပဲ၊ ပဲနီလေး၊ ပဲဝါ လေးတို့နှင့် နှိုင်းယှဉ်ပါက ဗိုလ်စားပဲသီးတွင် ထိုပဲ အခြောက်များလောက် ပရိုတင်းဓာတ် မများသော်လည်း အမျှင်ဓာတ်နှင့် အခြား
အာဟာရဓာတ်များပါဝင်မှုက ပိုမိုသာလွန် ကောင်းမွန်သည်။ 

-
ဗိုလ်စားပဲသီး ထဲတွင် ကယ်လိုရီ အင်မတန်နည်းပြီး ဘေးထွက်ဆိုးကျိုး ဖြစ်စေသည့် ပြည့်ဝဆီလုံးဝ မပါရှိပါ။ လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် ဗီတာမင် A၊ လူတိန်း၊ ဘီတာကယ်ရိုတင်း၊ Zeta-xanthin စသည့် ဆန့်ကျင်ဓာတ်တိုး ပစ္စည်းများအပြင် ဖောလစ်၊ ဗီတာမင် B12၊ ဗီတာမင် B1၊ ဗီတာမင် C၊ သံဓာတ်၊ ကယ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်စသည့် ဗီတာမင်နှင့် သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာပါသည့်အပြင် ရုက္ခဗေဒဆိုင်ရာ အာဟာရအမြောက်အမြားပါရှိခြင်းကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြု စေပါသည်။ 
-
ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏ အသုံးဝင်ပုံ 
--------------------------------------------------
* အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါရှိခြင်းကြောင့် အူနှင့်အူလမ်းကြောင်းထဲရှိ အရိအရွဲများကိုလျှော့ချပေးသဖြင့် အူမကင်ဆာ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးသည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ 
* အသက်အရွယ်ကြီးရင့်မှုကြောင့် အသားအရေပေါ်တွင် ဖြစ်ပေါ်လာတတ်သော အရေးအကြောင်းများကိုလည်း ဟန့်တားပေးပါသည်။
* ခန္ဓာကိုယ်အတွက်အရေးပါသော DNA ပေါင်းစပ်ဖွဲ့စည်းခြင်းနှင့် ဆဲလ်များကို ကောင်းစွာအကျိုးပြုကာ  DNA ပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါသည်။ 
* ဗိုလ်စားပဲသီးထဲတွင်ပါဝင်သော ဖောလစ်အက်စစ်သည် ကလေးမီးဖွားစဉ်၌ မိခင်တို့၏ အာရုံကြောနှင့်သက်ဆိုင်သော ပြွန်များ ချို့ယွင်းမှုကို ကြိုတင်ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများစွာပါရှိသောကြောင့် ကိုယ်ဝန်
ဆောင်မိခင်များ ကြိုတင်စားသုံးပေးသင့်ပါသည်။
* ပြင်ပရောဂါများကို အလွယ်တကူမဝင်ရောက်စေဘဲ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါသည်။
* နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးကာ သွေးတိုးကျစေပါသည်။
* ကိုလက်စထရောကိုလျှော့ချကာ သွေးကြောမ၏နံရံများတည်ဆောက်မှုကို များစွာ အထောက်အကူပြုသဖြင့် သွေးကြောများ ပိတ်ဆို့မှုကို သက်သာလျော့နည်းစေပါသည်။ ထို့ကြောင့် နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
* ဗိုလ်စားပဲသီးစားသုံးခြင်းဖြင့် အရိုးအားနည်းခြင်းမှ ကြိုတင်ကာကွယ်ရာရောက် ပါသည်။
* အဆစ်ရောင်ရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါတို့ကိုလည်း ထိရောက်စွာကုသပေးနိုင် ပါသည်။ 
* အမျိုးသမီးများ လစဉ်ဓမ္မတာလာပြီးနောက် သံဓာတ်ချို့တဲ့မှုကိုလည်း အထောက် အပံ့ပေးပါသည်။ 
* နို့တိုက်မိခင်များအတွက် ဗိုလ်စားပဲသီးကို မဖြစ်မနေစားသုံးပေးသင့်ပါသည်။
* နှလုံးထဲတွင် အောက်ဆီဂျင်ပြတ်လပ်မှုကို ကာကွယ်ပေးကာ နှလုံးသွေးပမာဏကို မြှင့်တင်ပေးသည့်အတွက် နှလုံးကိုကျန်းမာ စေပါသည်။
* သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေသောကြောင့် ဆီးချိုရောဂါသည်များအတွက် သင့်လျော်ပါသည်။
* ဗိုလ်စားပဲသီးတွင် ကယ်လိုရီပါဝင်မှုနိမ့်ကျပြီး ပြည့်ဝဆီလုံးဝမပါရှိသဖြင့် ကိုယ်အလေး ချိန်ထိန်းလိုသူများအတွက် အဖော်မွန်ကောင်း ဖြစ်ပါသည်။
-
မှတ်သားရန် 
------------
ဗိုလ်စားပဲသီးအပါအဝင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အချိန်ကြာမြင့်စွာ ချက်ပြုတ်ခြင်းသည် ၎င်းတို့အထဲတွင် ပါဝင်သော လူသားတို့ ကျန်းမာရေးကို အကျိုးပြုစေသော အာဟာရဓာတ်များကို လျော့ကျသွား
စေတတ်၍ အချိန် ၅ မိနစ်ခန့်သာ အပူပေး ချက်ပြုတ်ပေးသင့်ပါသည်။ 
-
ခြွင်းချက် 
---------
ဗိုလ်စားပဲသီးထဲတွင် oxalate ဓာတ်ပါရှိ၏။ ထိုဓာတ်သည် ကျောက်ကပ်ရောဂါနှင့် ဆီးအိမ်ရောဂါဝေဒနာသည်များကို ပြဿနာ ဖြစ်စေနိုင်သဖြင့် အလွန်အကျွံမစားသုံး သင့်ပေ။ ။
-
ပေါက်ပေါက် 
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger