www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် စေရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးလုပ်ဆောင်လျက်ရှိ



မုံရွာ ၁၆-၈-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော ချင်းတွင်းမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းကြီး တစ်ခုလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI) နှင့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ (MEI) တို့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

"စတော့ဟုမ်း ပတ်ဝန်းကျင်သိပံ္ပ (SEI) နှင့်မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ (MEI)တို့ လုပ်တဲ့လုပ်ငန်းစဉ်တွေမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်က တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်။ အကူအညီတွေပေးမယ်။ လတ်တလောမှာလဲ သူတို့နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့လဲရှိတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ သယံဇာတတွေက အများကြီးရှိပါတယ်။ သဘာဝတွင်းထွက်တွေ၊ သစ်တောတွေ၊ ရေနံတွေရှိတယ်။ သဘာဝသယံဇာတ ပစ္စည်းတွေကို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ပြည်သူတွေ စနစ်တကျသုံးစွဲတတ်ဖို့၊ ရေရှည်သုံးစွဲနိုင်ဖို့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီအဖွဲ့က လိုက်လုပ်ဆောင် ပေးနေတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်က ပြည်သူတွေကိုအကျိုးသက်ရောက်မှု အများကြီးရှိလိမ့်မယ်လို့ ယုံကြည်တယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပြသည်။

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI) နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI)တို့ ပူးပေါင်းပြီး ရေအရည်အသွေး တိုင်းတာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနဲ့ ဂေဟစနစ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းများကို ၂ဝ၁၃ခုနှစ်မှ ယခုနှစ်ထိ လုပ်ဆောင်လျက်ရှိရာ ၎င်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က SEI,MEI တို့နှင့်ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI)၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးပါက ချင်းတွင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ယခုထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger