www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

ဗောဓိတထောက်အထူး စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း သဘာဝရေထွက်များ တိုးပွားလာပြီး ရှိရင်းစွဲရေထွက်များတိုး၍ ရေထွက်ကာလကြာမြင့်လာ



မုံရွာ ၁၆-၈-၂ဝ၁၈

မုံရွာမြို့နယ် ဗောဓိတထောင် အထူးစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း သဘာဝရေထွက်များ တိုးပွားလာပြီး ရှိရင်းစွဲ ရေထွက်များ ရေထွက်နှုန်း တိုးလာခြင်းနှင့် အတူရေထွက်ကာလ ကြာမြင့်လာသည်ကို တွေ့ရကြောင်း မုံရွာမြို့နယ်အပူပိုင်း ဒေသစိမ်းလန်း စိုပြည်ရေးဦးစီးမှူး ဦးမောင်မျိုးထံမှ သိရသည်။

"ဗောဓိတထောင်မှာ အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွေ လုပ်နေတာကြောင့် သစ်တောတွေ ပြန်ဖြစ်လာသလို သစ်တောသစ်ပင်တွေက မြေအောက်ရေ ထိန်းညှိပေးတာ တွေကြောင့် သဘာဝရေထွက်တွေတိုးပွားလာပါတယ်။ ရှိရင်းစွဲ သဘာဝရေထွက်တွေကလဲ ရေထွက်တဲ့နှုန်း တိုးပွားလာပြီး ရေထွက်ကာလလဲ ပိုကြာလာတာ တွေ့ရပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကို ဒေသခံတွေ လက်တွေ့ခံစားနေရပါတယ်"ဟုဦးမောင်မျိုးက ရှင်းပြသည်။

ဗောဓိတထောင် စိမ်းလန်းစိုပြည်ရေး ဧရိယာရှိ သဘာဝတောကျန်ဧက ၁ဝဝဝတွင် ၂ဝ၁၂ခုနှစ်ခန့်က သဘာဝရေထွက် တစ်ခုတွေ့ရှိခဲ့ရာ အဆိုပါသဘာဝ ရေထွက်ကို အသုံးပြု၍ UN Habital နည်းပညာဖြင့် သုံးမိုင်အကွာ ခတ္တကန်တောင်ရွာမှ အိမ်ထောင်စု ၄၅၇ စုရှိလူဦးရေ  ၂၂ဝဝ ခန့် အတွက်သောက်သုံးရေ ပေးဝေလျက်ရှိကြောင်း၊ ထို့ပြင်အဆိုပါ သဘာဝတော ကျန်ဧက ၁ဝဝဝ အတွင်းရှိ သဘာဝရေထွက်မှ US Aid နည်းပညာဖြင့် နှစ်မိုင်အကွာရှိ ကြီးအုပ်ကျေးရွာနေ လူဦးရေ ၁၄ဝဝ နီးပါးအတွက် သောက်သုံးရေ ပေးဝေထားကြောင်း သိရသည်။

"ဗောဓိတထောင် အထူးစိမ်းလန်း စိုပြည်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့တဲ့ ၂ဝဝ၇ခုနှစ်က တောင်ကတုံးတွေ အဖြစ်ကနေ အခုလက်ရှိ ၁၁ နှစ်တာကာလ အရောက်မှာတော့ သစ်တောသစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ သာယာလှပတဲ့ဝန်းကျင်အဖြစ် တိုးတက်ဖြစ်ထွန်း နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်"ဟု ဗောဓိတထောင်နယ်မြေ ကြီးအုပ်ရွာနေ ကိုစန်းဦးက ပြောပြသည်။

မိုးနည်း၍နွေကာလတွင် ပူပြင်းခြောက်သွေ့သော ဒေသဖြစ်ရာ စိုက်ခင်းများရှိ အပင်များ ကြီးထွားမှု မြန်ဆန်စေရန် ဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒက ၂ဝဝ၆ ခုနှစ်တွင်တည်ခဲ့သည့် ဗောဓိတထောင်ဆည်မှရေကို ဂါလန်နှစ်သောင်း ဆံ့အုတ်ရေကန် တစ်ကန်ဂါလန် တစ်သောင်းဆံ့ အုတ်ရေကန် သုံးကန်သို့ ရေတင်စုဆောင်းကာ ဗောဓိတထောင် အထူးစိမ်းလန်း စိုပြည်ရေးနယ်မြေ အတွင်းစိုက်ထားသည့် သစ်ပင်များ ရေလောင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger