www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

ပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၁၅၁၂ ကျပ်အထိ စံချိန်တင် မြင့်တက်



ရန်ကုန် ၁၆-၈-၂ဝ၁၈

ပြည်တွင်း၌ နိုင်ငံခြားငွေ ရောင်းဝယ်မှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲလှယ်နှုန်း သတ်မှတ်ချက် ပယ်ဖျက်လိုက်ပြီးနောက် ယနေ့(သြဂုတ် ၁၅)ရက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၅၁၂ ကျပ်နှင့် ရောင်းဈေး ၁၅ဝ၅ ကျပ်နှုန်းအထိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် Money Changerများ၌ မြင့်တက်သွားခဲ့ကြောင်း ပြည်တွင်းငွေ လဲလှယ်မှု ဝန်ဆောင်နေသည့် Money Changer များမှ သိရသည်။

''ရည်ညွှန်းငွေကို ပယ်ဖျက်တာက နိုင်ငံခြားမှာကတော့ Deregulation လုပ်တယ်လို့ ခေါ်တယ်။ ကိုယ့်ဆီမှာက Regulation တောင်မှ မပြည့်စုံသေးတာ မသင့်တော်ဘူးပေါ့။ Exchangeကို သတ်မှတ်ချင်သလို သတ်မှတ်ဆိုပြီးတော့ လွှတ်ပေးလိုက်တာပါပဲ။ ဘယ်လိုဆက်ထိန်းမယ်ဆိုတာတော့ ဗဟိုဘဏ်ကိုမေးကြည့်ပေါ့'' ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ(ငြိမ်း) ဦးသန်းလွင် ကပြောသည်။ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် Money Changer များတွင် ယမန်နေ့က တစ်ဒေါ်လာလျှင် ၁၄၈ဝ ကျပ်ဖြင့် ဝယ်ယူကြပြီး ၁၄၉၈ ကျပ်ဖြင့် ရောင်းချကြကာ ယနေ့တွင် တစ်ဒေါ်လာလျှင် ၁၅၁၂ ကျပ်အထိ စံချိန်တင် မြင့်တက်သွားခြင်းဖြစ်သည်။

''၂ဝ၁၅ ခုနှစ် သြဂုတ်လထဲမှာပဲ တစ်ဒေါ်လာကို ၁၂ဝဝ ကျပ်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် အခုအဲဒီထက် ပိုမိုမြင့်တက်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာဆိုရင် ဇွန်လထဲမှာ တစ်ဒေါ်လာကို ၁၄ဝ၆ ကျပ်အထိ စတင်ဖြစ်လာခဲ့ပါတယ်။ ဒီကနေ့ကတော့ စံချိန်တင်သွားပြီပေါ့။ တချို့လည်း ထပ်မြင့်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်'' ဟု Royal ငွေလဲလှယ်ရေးလုပ်ငန်း မန်နေဂျာကိုဇော်မျိုးလွင်က ပြောသည်။

ယခုနှစ်အတွင်း မတ်လက တစ်ဒေါ်လာလျှင် ၁၃၄၄ ကျပ်ရှိရာမှ မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ် သို့လည်းကောင်း၊ ဧပြီလတွင် ၁၃၂၄ ကျပ်သို့ လည်းကောင်း အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကာ ဧပြီလကုန်ပိုင်းတွင် ၁၃၃၁ ကျပ်သို့ ပြန်လည်မြင့်တက်လာခဲ့ပြီး မေလလယ်တွင် ၁၃၅၁ ကျပ်၊ ဇွန်လလယ်တွင် ၁၃၆၅ ကျပ်၊ ဇွန်လကုန်ပိုင်းတွင် ၁၄ဝ၇ ကျပ်နှုန်းဖြစ်လာကြောင်း၊ ဇူလိုင်လအတွင်း အနိမ့်ဆုံး ၁၃၈၄ ကျပ်မှ အမြင့်ဆုံး ၁၄၄၃ ကျပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လလယ်၌ စံချိန်တင် အခြေအနေမျိုးဖြစ်ခဲ့ရသည်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် ရည်ညွှန်းငွေ လဲလှယ်နှုန်းအဖြစ် ဝ ဒသမ ၈ ရာခိုင်နှုန်း၏ ဘောင်အတွင်းမှ အတိုးအလျှော့လုပ်၍ ရောင်းဝယ်ရန် ဗဟိုဘဏ်က ၂ဝ၁၂ ခုနှစ်က သတ်မှတ်ထားသည့် သတ်မှတ်ချက်ကို သြဂုတ် ၁၃ ရက်က ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးသြဂုတ် ၁၄ ရက်မှစ၍ ဘဏ်များနှင့် Money Changer များ၌ ပြင်ပပေါက်ဈေးများ အတိုင်းရောင်းချလာကြသည်။

ယနေ့တွင် ကမ္ဘောဇဘဏ်က တစ်ဒေါ်လာလျှင် ၁၄၈ဝ ကျပ်(ဝယ်ဈေး)၊ ၁၄၉၈ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ ဧရာဝတီဘဏ်က နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၄၈၇ ကျပ်(ဝယ်ဈေး)၊ ၁၄၉၇ ကျပ်(ရောင်းဈေး)ဖြင့် ရောင်းဝယ်ခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၄၉၆ ကျပ်(ဝယ်ဈေး)၊ ၁၅ဝ၆ ကျပ် (ရောင်းဈေး)အဖြစ်ဖြင့် လည်းကောင်း၊ CB ဘဏ်က တစ်ဒေါ်လာလျှင် ၁၅ဝဝ ကျပ်(ဝယ်ဈေး)၊ ၁၅၁၅ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ AGD ဘဏ်ကတစ်ဒေါ်လာလျှင် ၁၅ဝ၅ ကျပ် (ဝယ်ဈေး)၊ ၁၅၁၂ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ ပြင်ပငွေလဲ ကောင်တာများ၌ တစ်ခုနှင့်တစ်ခု မတူကြဘဲ ဝယ်ဈေးမှာ ၁၄၇၉ ကျပ်မှ ၁၅ဝ၂ ကျပ်ကြားနှင့် ရောင်းဈေးမှာ ၁၄၈၃ ကျပ်နှင့် ၁၅၁၅ ကျပ်ကြားပေါက်ဈေးများဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger