မကွေး ၁၆-၈-၂ဝ၁၈
မကွေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်နိုင်ရန် Speed-boat ၂၆စီး ရောက်ရှိ လာမည်ဖြစ်ပြီး ဇူလိုင်၃၁ရက်က ၁ဝစီးရောက်နေပြီ ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမြင့်စိုးထံမှ သိရသည်။
အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စီစဉ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးခြင်းဖြစ်ပြီး မကွေးတိုင်း ဒေသကြီးအတွက် ၂၆စီး ရောက်ရှိမည် ဖြစ်ကြောင်းယခု လက်ရှိ ၁ဝ စီးရောက်ရှိ သဖြင့်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ယာယီနေရာချထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
"မကွေးတိုင်း ဒေသကြီးအနေနဲ့ ရေကြီးမှုတွေ နှစ်စဉ်ကြုံတွေ့ခံစားရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီအတွက် ရေကြီးတဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေး တွေလုပ်တဲ့အခါ ပိုမိုပြီး ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့ ခရိုင်အုပ်ချုပ်ရေး မှူးတွေက စီမံခန့်ခွဲပြီး မြို့နယ်တွေကို ပေးမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။
အဆိုပါ Speed-boat သည်အလျား ၁၆ပေ၊ အတွင်း ၁၂ပေခွဲ၊ အမြင့် နှစ်ပေနှင့် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၄ဝရှိပြီး တစ်စီးလျှင် တန်ဖိုးငွေကျပ်သိန်း ၃ဝ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။
"ဒါတွေမရှိခင်က ဒေသမှာရှိနေတဲ့ စက်လှေတွေ မော်တော်တွေကို သုံးရပါတယ်။ အခု Speed-boat တွေရှိလာပြီ ဖြစ်တဲ့အတွက် လိုအပ်ရင် လိုသလိုအသုံးပြုရရင် ထိရောက်မယ်။ မြန်လဲ မြန်ဆန်သွားမှာပါ။ မီးသတ်ဦးစီးဌာနကို အကူအညီယူပြီး သွားရမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
"ပစ္စည်းတွေ ပြည့်စုံလာတာနဲ့အမျှ ကျွန်တော်တို့က ဝန်ဆောင်မှု ပိုပြီးတော့ ပေးနိုင်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောပြသည်။
#Themyawadydaily






No comments:
Post a Comment