www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

အားမလျှော့ နဲ့ ကြိုးစားပါကွယ်


ဆောင်းပါး ၁ဝ-၈-၂ဝ၁၈

မိုးဦးစ လေကကြမ်း မိုးကမစဲဘဲဖြစ်ရာ ယနေ့မှာတော့ နေကလေးကသာလို့ပါ။ စိမ်းစိုစိုသစ်ပင်ကြီးတွေအကြား အသိုက်အမြုံမှာ ခိုနားကြတဲ့ ကျေးငှက်သာရကာလေးတွေ တွင်မြူး ဟိုမှသည်ပျံဝဲလို့ပါ။ အိမ်ရှေ့ ကွင်းပြင်ကျယ်ကြီးရဲ့ မြောက်ဘက် ခရေပင် ပန်းပင်တန်းကြီးအောက် ပန်းကောက်သူ၊ လမ်းလျှောက်သူတွေ မြင်တွေ့နေရတယ်။

ခရေပန်းကောက်တဲ့ ကလေးငယ်တွေ ဒီနေ့ နည်းနေတယ်လို့ ထင်မိရာက အော် ကျောင်းတွေဖွင့်လို့ စာသင်ခန်းတွေရောက် စာတွေသင်နေကြပြီပဲလို့ တွေးမိသတိရမိလိုက်ပါတယ်။ ဒါကြောင့် ဟိုတစ်နေ့က ပုမဆိုတဲ့ ကလေးမလေး ခရေပန်းလေးတွေ ရောင်းပြီး ပြန်အလာ လက်ထဲမှာ ခဲတံ၊ ဘောပင်၊ ထည့်စရာကွန်ပါဘူးလေးကိုင်ပြီး ပြန်လာတာကိုး။ သူပန်းရောင်းရတဲ့ ငွေလေးနဲ့ ဝယ်လာကာ သူ့စိတ်ကြိုက် ပြုံးပျော်လို့။အဲဒီပုမဆိုတဲ့ ကလေးမက ပန်းကိုသီပြီး မရောင်းဘူး။သူမြင်တွေ့နေတဲ့ စိန်ပန်းပင်အရွက်က ကိုင်းသေးသေးလေးတွေကို အရွက်သပ်ချပြီးမှ အဲဒီရိုးတံသေးသေးလေးကို ခရေပန်းထဲ ထည့်သီတာ။တစ်ခါတစ်ခါ မြက်ပင်အကြီးကြီးတွေက ထွက်နေတဲ့ တစ်ချောင်းထဲသော ကိုင်းအထိပ်မှာ ကြက်လျှာလို ခွဲထွက်နေတာကို မြက်သီးတွေသပ်ချပြီး ခရေပန်းကို သီပစ်တယ်။

ဘုရားပန်းအိုးထိုးရင် ဒီကိုင်းပုံသဏ္ဌာန်တစ်ခုဖြစ်ပြီး လှလို့ပါ။ လက်တော့ဝင်တာပေါ့။ သူက ပန်းကို အဲဒီလိုစိတ်ကူးနဲ့လုပ်ပြီး သွားရောင်းတာ သာမန်ခရေပန်းကုံးရောင်းတဲ့ သူတွေကြား ပုမလေးက စတားဖြစ်လို့ ရောင်းတာ အမြန်ကုန်ရော။ ဒါပေမဲ့ ကျောင်းပိတ်ရက်တွေမှာ လုပ်နိုင်တာပါ။ မိဘကမခိုင်းပါဘူး။ ပြည့်စုံသူမဟုတ် ဆင်းရဲသူများ ဖြစ်သော်လည်း လိုတာလုပ်ပေး၊ ဝယ်ပေးပါတယ်။ သူကကို သူ့ရဲ့အလုပ် ဒီပန်းကုံးပြီး ရောင်းတာ ဂုဏ်ယူကျေနပ်ပြီး သူလိုချင်တာလေး ဝယ်ရတာ ပီတိဖြစ်နေမိတာပါ။ ပုမကို ချီးကျူးသင့်ပါတယ်။ သူ့လုပ်အား တန်ဖိုး ထားကာ သူ့ရဲ့ဉာဏ်ပညာ(ဒီဇိုင်းဖန်တီး အများနဲ့မတူ တီထွင်ဆန်းသစ်မှု) အဲဒါလေးတွေက သူ့ရဲ့အနာဂတ်လေး လှပမှာ အသေ အချာပါလို့ ပီတိဖြစ်မိပါတယ်။ သူ(ပုမ)တို့ အစ်ကိုဝမ်းကွဲ ကိုတိုးကတော့ တစ်မျိုးပါ။

အခုကျွန်မရေးတဲ့ စာပါ အကြောင်းအရာ အချက်အလက်တွေက သူနဲ့သူ့လို လူငယ်မျိုးဆက်လေးတွေ တွေးခေါ်မြော်မြင်အောင်မြင်ခြင်းကို ရှေးရှုဖို့ရာ စိတ်ကရည်သန်ပြီး ဆွေမျိုးရင်းချာမိခင်သဖွယ် စေတနာအရ ရေးသားခြင်းပါ။ လူတစ်ယောက်အတွက် ဘဝတစ်ခု တည်ဆောက်ရာမှာ အစစအရာရာ အဆင်ပြေချောမွေ့ လိုတရတာ မရှိပါဘူး။ ကြိုးစားမှုကိုအရင်းတည် ဝီရိယကို စိုက်ထုတ်ပြီး တစိုက်မတ်မတ်ကြိုးစားမှ တန်ကာကျမယ်ဆိုတာ ကလေးများသိစေလိုပါတယ်။

ကြိုးစားတာပဲ အလကားပဲ မအောင်မြင်ဘူး တော်ပါပြီဆိုပြီး လက်လျှော့ရင် အဲဒီစိတ်က ပျော့ညံ့သောစိတ်လို့ ကလေး များသိစေလိုပါတယ်။ တစ်ခါမရရင် နှစ်ခါ၊ နှစ်ခါမရရင် အခါခါကြိုးစားကြရပါမယ်။ ကြိုးစားစေလိုပါတယ်။ ကြံ့ခိုင်တဲ့စိတ်နဲ့ ကြိုးစားရပါမယ်။ ကြိုးစားစေလိုပါတယ်။ တော်ပါပြီလို့ ပြောတဲ့နေ့မှာ အားလုံးကိုစွန့်လွှတ် အောက်ကိုဆင်း ရှုံးနိမ့်ခြင်းသာ ရင်ဆိုင်ကြရပါမယ်။ အားမတန်ပါဘူးလို့ မာန်ကိုမလျှော့စေချင်ပါ။ ကလေးတို့ မအောင်မြင်တာကို ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်လို့ မတွေးမိပါစေနဲ့။

လက်တွေ့ကျကျ ဘဝကိုရင်ဆိုင် တိုက်ပွဲဝင်ကြရမှာက မိမိကိုယ်တိုင်ဆိုတာ မမေ့ကြပါနဲ့လို့ ဆိုပါရစေ။ ကြိုးပမ်းအားထုတ်လို့ မအောင်မမြင် ဖြစ်ခဲ့ပါရင် မိမိရည်မှန်းထားရာ ယုံကြည်ချက်နဲ့ ကြိုးစားရမယ့်ပန်းတိုင်ကို ပစ်ပယ် မပြစ်ပါနဲ့။ ဘာကြောင့်မအောင်မြင်ရတာလဲ ပြန်ဆန်းစစ်ပါ။ ပုမအစ်ကို ကိုတိုး ဥပမာ ဆိုရရင် သူက ၁ဝ တန်းမအောင်တော့ ကျောင်းမတက်တော့ဘူး၊ မဖြေတော့ဘူး ကျောင်းထွက်မယ်တဲ့ သူ့အမေက နားချတယ်။ ကိုတိုးက ဘောလုံးဝါသနာပါတော့ အမြဲပဲနေ့တိုင်း ဘောလုံးကန်တယ်။ သူ့အမေနဲ့ပြဿနာဖြစ်တာ အဲဒါပါပဲ။ ဖြစ်သင့်တာက ၁ဝ တန်းမအောင်တာ ဘယ်ဘာသာကြောင့်လဲ အမှတ်တောင်းကြည့် ပိုပိုကြိုးစားလေ့လာ ဘောလုံးဝါသနာပါတာ သင့်တင့်တဲ့အချိန်လေးယူပြီး အားကစား လုပ်လို့ ပိုလာတဲ့အချိန် ပညာရေးအလေးပေး လို့ အဲဒီလိုညှိနှိုင်းပြီး ကြိုးစားစေချင်တာ။ သူ့အမေက ပြောပါတယ် ဘောလုံးကန်တာ မကောင်းတာမဟုတ်ဘူး။အားကစားမို့ မတားပါဘူးတဲ့။ သဘာဝကျပါတယ်။ အဲဒီလို ဖြစ်သင့်တာပါ။ ကိုယ့်ခံယူချက်နဲ့ စိတ်အထင် မှားနေရင် ပြင်သင့်ပါတယ်။ပြောင်းသင့်ပါတယ်။ မပြောင်းလဲဘဲ ဒီအတိုင်းဆက်သွားလို့ မသင့်လျော်ရင် အောင်မြင်မှုနဲ့ လွဲချော်သွားမှာပါ။ ခဲတံတို့၊ ခဲဖျက်တို့၊ မင်ဖျက်တို့ဆိုတာ စာရေးရင်တောင်မှားရင် ဖျက်ကြဖို့ရှိသေးတာ ဘဝနဲ့ရင်းရတဲ့ အောင်မြင်မှုကြီးလို မိမိရဲ့အချိန်ဇယားမှာ ညှိနှိုင်းရေးဆွဲ အားနည်းတဲ့ ဘာသာရပ်ကို အထပ်ထပ် ကြိုးစားရင် အောင်မြင်ပြီပေါ့။ မိမိကိုယ်တိုင် ဆန္ဒပြင်းပြနေဖို့ အဓိကပါပဲ။

ကြိုးစားဖို့ အချိန်ဇယား ညှိရပါမယ်။ စာမေးပွဲဖြေကြတယ် ဆိုရာမှာလည်း သူ့အရွယ်၊ သူ့အသက်နဲ့ ကာလကန့်သတ်ချက် ယေဘုယျအားဖြင့်ရှိပါတယ်။ စာမေးပွဲဖြေတဲ့ ကလေးများ သူ့အရွယ်နဲ့သူ သူ့အတန်း နဲ့သူပါ။ အကြမ်းအားဖြင့်ပြောရင် ငယ်စဉ်အခါ ပညာရှာဆိုတဲ့စကား ကြားဖူးကြပြီးသားပါ။ မြန်မာ့ဓလေ့ရိုးရာမှာ ပထမအရွယ် ပညာရှာပါတဲ့။ အဲဒီအတွက် ပညာရှာထား ပါရင် သူ့အဆိုအတိုင်း ဒုတိယအရွယ် ဥစ္စာရှာ အလိုက်သင့်လို့ဖြစ်သွားမှာပါ။ ဒါကြောင့် ပညာရှာရာမှာ အခြေခံကျတာကြောင့် ငယ်စဉ်အခါ ပညာရှာဆိုတာ လုံးဝမမေ့သင့်ပါ။ ယခုခေတ်အခါ ပညာရှာဖို့ရာ ပိုပြီးလိုအပ်ပါတယ်။ ကွန်ပျူတာ၊ စက်မှုအီလက်ထရွန်နစ်၊ အိုင်တီခေတ် ဘာသာရပ်အလိုက် ဖိုးစကေး၊ ဖိုက်စကေးနိုင်ငံခြား ဘာသာတွေတတ်ဖို့ရာ အထူးလိုအပ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးများကိုကြည့်ရင်နည်းပညာ အဆင့်အတန်းတွေ မြင့်မားနေတာ သတိထားရ၊ သတိပြုရမှာဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ အတန်းပညာများ တတ်ကျွမ်းအောင်မြင်ရင် ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ် မိမိအတွက် အခွင့်အလမ်း၊ အခွင့်အရေး ကောင်းကောင်း လက်ဝယ်ပိုင်ဆိုင် ရရှိလာမှာ မလွဲဧကန်ပါလို့ လူငယ်လူရွယ်လေး များကို ပြောချင်ပါတယ်။

ပညာရှာရမယ့်အရွယ်မှာ လိုအပ်တဲ့ပညာရေး အစွမ်းကုန်သင်ယူထား၊ တတ်မြောက် ထားရင် ကိုယ်ပိုင်အလင်းရောင်ရှိသလို လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ကြမှာပါလို့၊ အတန်းပညာစာမေးပွဲဆိုတာ မိမိအားနည်းတဲ့ ဘာသာရပ် ကျေညက်စွာလေ့ကျင့်ဖြေဆိုရင် ဒီပြဋ္ဌာန်းစာအုပ်များကနေ လေ့လာသင်ကြား ဖြေဆိုရတာကြောင့် အောင်မြင်အောင် စွမ်းဆောင်မယ်ဆိုတဲ့ အဓိဋ္ဌာန်စိတ်နဲ့ကြိုးစားရင် အောင်မြင်မှုရမှာ အသေအချာပါ။ ကိုယ့်ဘဝတစ်လျှောက်မှာ အတန်းပညာ စာမေးပွဲထက် ပိုအရေးကြီးတဲ့ ရင်ဆိုင်ဖြေရှင်း ရမယ့် ဘဝပြဿနာစာမေးပွဲတွေ အများကြီး တွေ့ကြုံရမှာဖြစ်လို့ စိတ်ကကြံ့ခိုင်ဖို့ရာ လိုအပ်ပါတယ်။ ဥပမာတစ်ခုပြောရရင် လူတစ်ယောက် ခရီးတစ်ခု စက်ဘီးနဲ့ သွားသလိုပါပဲ။ ကိုယ်သွားချင်တဲ့ နေရာတစ်ခုရောက်ဖို့ရာ တန်းတန်းသွားတန်သွား၊ ဘယ်ကွေ့ညာကွေ့ လိုသလို ခရီးနှင်ရတာပါ။ ကလင်ကလင် ဘဲလေးတီးတန်တီး၊ ဘရိတ်လေးအုပ်တန်အုပ် ခရီးစဉ်တစ်လျှောက် သတိလေးနဲ့ပါ။ လူ့ဘဝခရီးနှင်ရာမှာလည်း စက်ဘီးကို ကိုယ့်အစီအစဉ်အတိုင်း မပြတ်သတိနဲ့ လိုရာခရီးအပြီးတိုင် နှင်ရတဲ့ဥပမာလို တင်စားချင်ပါတယ်။ စာမေးပွဲကို ပြန်လည်ဖြေဆိုချင်တဲ့ စိတ်ကလေးပေါက်အောင် ကိုတိုးကဲ့သို့သော သားငယ် သမီးငယ်များ စိတ်အားတက်ကြွဖို့ရာ ပြောချင်ပါတယ်။

သတင်းတွေမှာ ဖတ်ရ၊ ကြည့်ရမှာပါ။ ပြစ်မှု၊ ပြစ်ဒဏ်ကျခံ နေကြရတဲ့သူများ ဆယ်တန်းစာမေးပွဲ အောင်မြင်ကြလို့ ဂုဏ်ပြုဆုတွေ ပေးအပ် နေတဲ့သတင်းပါ။ သူတို့လိုပြစ်ဒဏ်ခံနေရတဲ့ ဘဝမလျှော့သော လုံ့လ စိတ်ဓာတ်စွမ်းအားတွေ ဖြည့်ပြီး ကြိုးစားကြလို့ အောင်မြင်မှုတွေ ရကြတာ ဘယ်သူ မှငြင်းမရတာပါ။ ဟော မျက်စိအမြင် အာရုံချို့ယွင်းတဲ့သူများ အောင်ချက်ကတော့ အချို့ဂုဏ်ထူးတောင် ပါကြသေးတယ်။ တစ်ခါလေးပြောချင်ပါတယ် သားတို့သမီးတို့ရေ ဘဝမှာအားငယ်စရာ၊ သိမ်ငယ်စရာတွေ တွေးပြီးအားငယ်နေမယ့်အစား ဘဝအတွက် ကြိုးစားသင့်တာ ကြိုးစားရမှာ ဖြစ်လို့ ကျောင်းတက်စာကျက် စာမေးပွဲကို ပျော်ပျော်ကြီး သတ္တိရှိရှိဖြေဆိုပါလို့ တိုက်တွန်းနှိုးဆော် ပါရစေကွယ်။

မိမိကိုယ်တိုင် အောင်မြင်အောင်၊ အရည်အချင်း တွေပြည့်ဝအောင် ဖြည့်ဆည်းလုပ်ဆောင် အောင်မြင်ပါမှ ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင် တိုင်းပြည်ရဲ့ လူမှုအသိုင်းအဝိုင်းကြီး တစ်ခုလုံးကို လိုတဲ့ကဏ္ဍ၊ ကျရာနေရာက ဖြည့်စွမ်း ကူညီရင်း အဖိုးထိုက်တန် သားလှရတနာ၊ သမီးလှရတနာလေးတွေ ဖြစ်လာကြပါလိမ့်မယ်လို့ ပြောကြား တိုက်တွန်းလိုက်ပါတယ်။ အောင်မြင်မှုသရဖူတွေ ဆောင်းနိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။ ။ 

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

မရွှေမြိုင်(ပျဉ်းမနား)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger