www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 8, 2018

ဧရာဝတီတိုင်းဒေသကြီး သဲဖြူချောင်းနှင့် ချောင်းသာလေးချောင်း တိမ်ကောနေသည့်အတွက် မိုးစပါးဧက ၁ဝဝဝ ကျော်ရေလွှမ်း



အင်္ဂပူ ၈-၈-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ သဲဖြူချောင်းနှင့် ချောင်းသာလေးချောင်း တိမ်ကောနေသည့်အတွက် လယ်စိုက်ပျိုး ချိန်များတွင် လယ်စိုက်ဧက ၁ဝဝဝ ကျော် နှစ်စဉ်ရေလွှမ်းမိုးမှု ဒဏ်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ချောင်းနှစ်ချောင်း တိမ်ကောလာခြင်းကြောင့် အနီးရှိ လက်ပံကိုင်း၊ သက်တောကူး၊ တောင်နီ၊ အောက်ကျင်း၊ တောင်နီကုန်း၊ စစ်ကွင်း၊ မရမ်းမြောင်း၊ ပေါက်ပင်ကွင်းနှင့် တာချောင်းစသည့် ကျေးရွာများမှ လယ်မြေများ နှစ်စဉ်ရေမြုပ်ခြင်းကို ခံစားနေရကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်း လယ်စိုက်ဧက တစ်သိန်းခွဲကျော်ရှိရာ နခြံကျေးရွာအုပ်စုအတွင်း လယ်စိုက်ဧက ၃၈ဝဝကျော်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ လယ်စိုက်ပျိုးဧက ၁ဝဝဝကျော် ရေလွှမ်းမိုးခြင်း ခံနေရသဖြင့် ဒေသခံအများစုမှာ ချောင်းသာလေးချောင်းနှင့် သဲဖြူချောင်း တိမ်ကောနေခြင်းကို ပြန်လည် တူးဖော်ပေးရန်နှင့် နန်ကသူရေပေးဝေရေး ဆည်မြောင်းက ရေနုတ်ပြွန်များကိုလည်း လုံလုံလောက်လောက် တပ်ဆင်ပေးရန် လိုလားနေကြကြောင်း သိရသည်။

"ချောင်းသာ လေးချောင်းကလဲ ကောနေတယ်ပြီးတော့ သဲဖြူချောင်းကလဲ တချို့နေရာတွေမှာ ကောနေတယ်။ ကျဉ်းနေတယ်။ အဲလိုတွေဖြစ်နေတော့ ရေထုတ်လုပ်မှု နည်းနေပြီး အခုလိုရေကြီး ရေလျှံဖြစ်ပေါ်နေတာပါ။ ဒါကြောင့်ကျွန်တော်တို့က ချောင်းတွေ၊ မြောင်းတွေကို တူးဖော်ဖို့ လိုအပ်ပါတယ်။ ရေကို လျှော့ချနိုင်ဖို့ဆိုရင် ချောင်းသာလေးချောင်းရော၊ သဲဖြူချောင်းရော တချို့နေရာတွေကို ပြန်လည်တူးဖော် ဖို့လိုပါတယ်။အဲ့လိုဆောင်ရွက်ဖို့ဆိုရင်တော့ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တွေကနေ ဒီဖြစ်စဉ် ကြုံတွေ့နေရတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တင်ပြရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီး အစိုးရကို တင်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger