www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 14, 2018

နောက်မကျသေးပါ အခုပဲ စလိုက်ပါ


ကျန်းမားရေးဆောင်းပါး ၁၄-၈-၂ဝ၁၈

ဇရာဆိုတာကို ကျွန်မတို့အားလုံး သူဌေးကြီးပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲ ဖြစ်ဖြစ် ရင်ဆိုင် ကြရမှာပါ။ အသက် ၅ဝ ကျော်လာပြီဆိုရင် ကျွန်မတို့ တစ်ကိုယ်လုံးမှာရှိတဲ့ ပစ္စည်းတွေ အားလုံး ဆုတ်ယုတ်တဲ့ သဘောကို ပြလာပါတယ်။

ဦးခေါင်းမှာ ရှိတဲ့ ဆံပင်တွေလည်း ပါးလာတယ်။ ကျွတ်ကုန်တာကိုး။ အရေပြား တွေလည်း ပါးလာတယ်။ အဆီတွေ၊ အသားတွေလည်း လျော့လာတာပေါ့။ ခန္ဓာကိုယ်မှာ ရှိတဲ့စက်ရုံတွေ အားလုံးလည်း အလုပ်လုပ်တာ အားလျော့လာတာပေါ့။ ဦးနှောက်က စဉ်းစားတာလည်း ငယ်ငယ်တုန်းက လောက် မမြန်တော့ဘူး။

စကားပြောတာလည်း မသွက်တော့ဘူး။ အသည်းတို့၊ ကျောက်ကပ်တို့၊ အဆုတ်တို့၊ ရိုးတွင်းခြင်ဆီ တို့လည်း လုပ်ဆောင်စွမ်းအား ကျလာတာပေါ့။ အဲ့ဒီသဘောတရား အတိုင်း ကျွန်မတို့ နှလုံးမှာလည်း ဖြစ်ပါတယ်။ နှလုံးရဲ့အဓိက အလုပ်လို့ ပြောရမယ့် သွေးညှစ်အားလည်း လျော့လာပါတယ်။ ဒါ့ပြင် သွေးကြောတွေလည်း ငယ်ငယ်တုန်းကလို ပျော့ပျောင်းတာ မဟုတ်တော့ဘဲ မာမာတောင့်တောင့် ဖြစ်လာပါတယ်။ အဲ့တော့ သွေးပေါင်တက် လာတာပေါ့။

တစ်နည်းအားဖြင့် သွေးတိုးရောဂါ ဖြစ်လာတာပေါ့။ တစ်ခါ နှလုံးကလည်း တောင့်တင်းနေတဲ့ သွေးကြောမကြီးဆီကို သွေးရောက်အောင် ပိုပြီး အားစိုက်ရတော့ နှလုံးကပိုပြီး ညှစ်ရတယ်။ တဖြည်းဖြည်းနဲ့ ဒီနှလုံးက အားနည်း လာပါတော့တယ်။ အဲဒီတော့ အမောဖောက်တာ ခံစားရတာပေါ့။ အမောဖောက်တာ ဆိုးဆိုးဝါးဝါး ဖြစ်လာရင် အသက်ပါ ပျောက်သွား နိုင်တာပေါ့။ ဒီလိုမျိုးဇရာကြောင့် ဖြစ်တဲ့ နှလုံးညှစ် အားနည်းမှု၊ သွေးကြောတွေ ပျော့ပျော့ပျောင်း ပျောင်း မဖြစ်မှုတွေဟာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ရင် ဒါတွေကို လျော့နည်းစေပါတယ်တဲ့။

၁ဝဝ ရာခိုင်နှုန်း မဖြစ်ဘူး။ နည်းနည်းလေးပဲ ဖြစ်မယ်ပေါ့။ ကိုယ်လက်လှုပ်ရှားမှုရဲ့ နှလုံးနဲ့ သွေးကြောတွေအပေါ် ကောင်းကျိုးသက်ရောက်မှုကို အမေရိကန်နိုင်ငံ တက်ဆက် တက္ကသိုလ်မှာ ဒေါက်တာဘင်ဂျ မန်လီဗိုင်းဆိုသူဟာ အောက်ပါအတိုင်း လေ့လာခဲ့ပါတယ်။ သူ့ရဲ့သုတေသနမှာ လူပေါင်း ၁ဝဝ ကျော် ပါဝင်ပါတယ်။ ယောက်ျားရော၊ မိန်းမရောပေါ့။ သူတို့ကို ရာဇဝင်မှာ အဓိက မေးတာကတော့ လွန်ခဲ့တဲ့အနှစ် ၂ဝ အတွင်း လုပ်ခဲ့တဲ့ ကိုယ်လက် လှုပ်ရှားမှု အကြောင်းပါပဲ။ သူဟာ ကိုယ်လက် လှုပ်ရှားမှုကို အုပ်စုကြီး လေးခုခွဲပါတယ်။

ပထမအုပ်စုကတော့ အထိုင်များသူ သို့မဟုတ် ကိုယ်လက်လှုပ်ရှား မှုကို တစ်ပတ်မှာ တစ်ခါပဲ လုပ်သူတွေ ဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူဟာ ရုံးမှာပဲ ထိုင်ပြီး အလုပ်လုပ်နေမယ် ဆိုရင် ဒီအုပ်စုနဲ့ အတူတူ ဖြစ်မှာပေါ့။ ဒုတိယအုပ်စုကတော့ ရံဖန်ရံခါ လှုပ်ရှားမှု ပြုသူဖြစ်ပါတယ်။ တစ်ပတ်မှာ နှစ်ခါ သို့မဟုတ် သုံးခါလောက် ကိုယ်လက် လှုပ်ရှားမှု လုပ်မယ်။ တစ်ခါလုပ်ရင် အနည်းဆုံးမိနစ် ၃ဝ ဆိုရင် ဒီအုပ်စုမှာပါ မှာပေါ့။

တတိယအုပ်စုကတော့ တစ်ပတ်မှာလေးခါ သို့မဟုတ် ငါးခါလောက် ကိုယ်လက်လှုပ်ရှားမှု လုပ်သူတွေပေါ့။ စတုတ္ထအုပ်စု ကတော့ နေ့စဉ်ကိုယ်လက် လှုပ်ရှားမှု ပြုသူတွေပေါ့။ အားကစားသမားတွေပေါ့။ အဲ့ဒီလူပေါင်း ၁ဝဝ ကျော်ကို နှလုံးညှစ်အား အနေအထားကို နှလုံးတီဗွီရိုက်ပြီး တိုင်းတာပါတယ်။ သွေးကြောတွေ ပျော့ပျောင်းမှု၊ မာတောင့်မှု အတိုင်းအတာ ကိုလည်း သွေးကြော အာထရာဆောင်း ရိုက်ပြီး ကြည့်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းတဲ့ အုပ်စုဖြစ်တဲ့ (ပထမအုပ်စုနဲ့ ဒုတိယအုပ်စု) လူတွေမှာ နှလုံးညှစ် အားလျော့တာ တွေ့ရပါ တယ်။ သူတို့ရဲ့ သွေးကြောတွေ ဟာလည်း ပျော့ပျောင်းမှု မရှိဘဲ တောင့်တင်းနေတာ တွေ့ရပါတယ်တဲ့။ စောစောက ပြောသလိုပဲ ဒီလူတွေမှာ သွေးတိုးရောဂါ ဖြစ်မယ်။ နှလုံးအားနည်းမယ်။ အမောဖောက် လာတော့မယ် ဆိုတာ ခန့်မှန်းလို့ ရပြီပေါ့။ အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ ကိုယ်လက် လှုပ်ရှားမှုကောင်းကောင်း လုပ်တဲ့ အုပ်စုဖြစ်တဲ့ (တတိယအုပ်စုနဲ့ စတုတ္ထအုပ်စု) လူတွေမှာတော့ နှလုံးညှစ် အားလည်း အလွန်ကောင်း၊ သူတို့ရဲ့သွေးကြောတွေဟာလည်း ပျော့ပျော့ပျောင်းပျောင်း ဖြစ်တာ တွေ့ရတယ်ပေါ့။ လူငယ်တွေအတိုင်း ဖြစ်နေတာပေါ့။ ဒီသုတေသနရဲ့အဖြေကို ကြည့်လိုက်ရင်ပဲ ကိုယ်လက်လှုပ်ရှားမှုမှာ တစ်ပတ်ကို အနည်းဆုံး လေးခါ လောက်လုပ်မှ နှလုံးအားကောင်း စေတယ်။

သွေးကြောတွေကို ပျော့ပျောင်း စေတယ် ဆိုတာပါပဲ။ နှလုံးရောဂါ ဖြစ်နိုင်ခြေနည်း သွားတာပေါ့။ သွေးတိုးရောဂါလည်း ကာကွယ်ပြီးသား ဖြစ်တာပေါ့။ ဒါဆိုလေဖြတ်နိုင်ခြေ နည်းသွားပြီလေ။ ဆီးချိုလည်း ဝေးသွားပြီလေ။ ဘယ်လောက်ကောင်းသလဲ။ အခု ဒီဆောင်းပါးကို ဖတ်နေတဲ့ သူတွေထဲမှာ အသက် ၂ဝ၊ ၃ဝ နှစ်လောက်တွေ ဆိုရင်တော့ ကိုယ်လက် လှုပ်ရှားမှု စပြီး လုပ်လိုက်ရင်ရပြီ။ အသိစောတယ်ပေါ့။

အဲလိုမှ မဟုတ်ဘဲ စာဖတ်သူတွေ အသက်က ၄ဝ၊ ၅ဝ၊၆ဝ နှစ်လောက် ဆိုရင်ရော ငယ်ရွယ်စဉ်က ကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့ဘူးဆိုရင် အခုဘယ်လို လုပ်ကြမလဲ။ အခုမှစပြီး လုပ်ရင်ရသေးလား။ အခါနှောင်းသွားပြီလား။ ဥပမာထိုင်ပြီး ရုံးအလုပ်လုပ်သူ ရှစ်ဦး အသက် ၆ဝအရွယ် ပင်စင်ယူတဲ့ အခါမှ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ရင် အကျိုးရှိ သေးလား။ အချို့လူတွေမှာ ပင်စင်ယူပြီးမှ အချိန်တွေ အားလပ်သွားတာလေ။ ဒီအဖြေအတွက် ဒေါက်တာဘင်ဂျမန်လီဗိုင်းဟာ နောက်ထပ် လေ့လာမှု တစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒီ လေ့လာမှုမှာ ငယ်စဉ်က ကိုယ်လက် လှုပ်ရှားမှု မပြုဖူးသူတွေ အသက် ၅ဝ ကျော် အရွယ်တွေပဲ ပါပါတယ်။ သူတို့ကို အုပ်စု နှစ်ခုပဲ ခွဲထားပါတယ်။ ပထမအုပ်စုမှာ ပါတဲ့ လူတွေကို တစ်ပတ်ကို လေးခါ၊ ငါးခါလောက် ခပ်သွက်သွက် လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးလွှားခြင်း ပြုလုပ်စေပါတယ်။ တစ်ကြိမ်ဆို အနည်းဆုံးမိနစ် ၃ဝ ပေါ့။ နောက်အုပ်စုက လူတွေကတော့ ခြေလက်ဆန့်ရုံပဲ လှုပ်ရှားပါတယ်။ အဲ့ဒီလူတွေကို နှစ်နှစ်တိတိကြာအောင် စောင့်ကြည့်ပြီး လေ့လာခဲ့တာပါ။

ဒီသုတေသန မလုပ်မီနဲ့ နှစ်နှစ်ကြာပြီးတဲ့ အခါမှာ သူတို့တွေရဲ့ နှလုံးညှစ်အား (နှလုံးတီဗွီဖြင့် တိုင်းတာသည်)၊ သွေးကြော ပျော့ပျောင်းမှုတွေကို နှိုင်းယှဉ် ကြည့်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု ပြုသူတွေဟာ နှစ်နှစ် အပြီးမှာ သူတို့ရဲ့ နှလုံးညှစ်အား ပြန်ပြီး ကောင်းလာတာ တွေ့ရပါတယ်။ မူလက တောင့်တင်းနေတဲ့ သွေးကြောတွေလည်း ငယ်မူပြန် သလိုမျိုး ပျော့ပျောင်းလာတာ တွေ့ရပါတယ်တဲ့။ ဆိုလိုတာက အသက်ကြီးမှ ကိုယ်လက် လှုပ်ရှားမှု စပြီးလုပ်မယ်။ မှန်မှန်လုပ်မယ် ဆိုရင်လည်း အချိန်မီ ပါသေးတယ်။ နောက်မကျသေးပါ။ မိမိရဲ့နှလုံးသား ရေးရာအတွက် ကိုယ်လက်လှုပ်ရှားမှု အခုပဲ စလိုက်ပါ။ ကျွန်မတို့ အားလုံး နှလုံးရောဂါဖြစ်တာ ကာကွယ်နိုင်အောင်၊ သွေးတိုးရောဂါ မရှိအောင်၊ ဆီးချိုရောဂါ မဖြစ်အောင်၊ လေဖြတ်ပြီး အိပ်ရာထဲလဲတာ ဟန့်တားနိုင်အောင် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာ ဖြစ်ပါတယ်။ 

မြ၀တီနေ့စဉ်သတင်းစာ စာ (၈)

 ပါမောက္ခဒေါက်တာခင်ဖြူပြာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger