ဆည်းဆာချိန်လေး မကုန်သေး
ဘ၀တိုတို ၊ ခရီးအိုပြီ
နေညိုချိန်ရောက် ၊ တိမ်လည်းတောက်ပေါ့
တောက်လေသည့်တိမ် ၊ ဆည်းဆာမှိန်၍
အချိန်အားဖြင့် ခဏတာ ။
ဆည်းဆာခဏ ၊ နေ့ဘ၀သည်
အလှပဆုံး ၊ ဆေးခြယ်မှုန်း၍
ရွှေ့အုံးတော့မည် ၊ ချုပ်ရီရီနှင့်
ညရည်တစ်ဖန် သစ်လိမ့်တကား ။
ဇာတိလျှင်စ ၊ ဇရာချ၍
ဘ၀ကမ္ပတ် ၊ ဆုံးမသတ်မီ
ဖြတ်သန်းခဲ့ရာ ၊ ခရီးတာ၌
ကမ္မာသဘော ၊ ပြန်စောကြောမိ
လောကအမြင် ၊ ကိုယ့်ဝန်းကျင်ကို
ဘယ်သွင်စုစု ၊ ကောင်းကျိုးပြုခဲ့
ကုသိုလ် အကုသိုလ် ၊ ထိုနှစ်ထိုတွင်
ကုသိုလ်အမှု ၊ ဘယ်မျှပြုခဲ့
ယခုပင်ရ ၊ တစ်ခဏ၌
ဘ၀ပြတ်ကြောင်း ၊ တရားကောင်းကို
နှစ်ထောင်းရွှင်စွာ ၊ ကျင့်မိပါစ
ရာဂဒေါသ
မောဟထွေထွေ ၊ အချိန်တွေနှင့်
တေလေပမာ ၊ မငြိမ်းပါသည့်
တဏှာဒိဋ္ဌိ ၊ မြှုံးထဲမိလည်း
မသိမမြင် ၊ ဥာဏ်မခြင်ဘဲ
သွင်သွင် ပျော်မွေ့ နေမိတကား ။
သြော် ... သံယောဇဉ်များ ၊ ဆွဲငင်အားကြောင့်
ချားသို့လည်လည် ၊ တတွယ်တွယ်နှင့်
ဘယ်ဝယ်ဘယ်လမ်း ၊ ဆိုက်မည်ကမ်းဟု
မှန်း၍မျှော်ကြည့် ၊ တုန်လှုပ်မိခဲ့
သတိစုစည်း ၊ ရှေ့ခရီးတွက်
ဆည်းဆာချိန်လေး ၊ မကုန်သေးမီ
ဇောချွေးကိုသုတ် ၊ နာမ်နှင့်ရုပ်၏
ဖြစ်ချုပ်သည်အား ၊ ရှုမှတ်ပွားသည်
တရားကိုယ်၌ မြဲဖို့တည်း ။ ။
မောင်ဟေမာ
(( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လထုတ် ၅၃ နှစ်မြောက် ငွေတာရီ မဂ္ဂဇင်း အထူးထုတ် ပါ ကဗျာကဏ္ဍ ))
No comments:
Post a Comment