www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြုံသူ ဦးရေ ၄၅ဝဝကျော်ကို ကူညီမှုများ ဆောင်ရွက်ထားပြီး သေဆုံးသူ ငါးဦးရှိ



မကွေး ၁၄-၆-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးတွင် ယနေ့အထိ စာရင်းများအရ ရေကြီးမှုအန္တရာယ်မှ ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းထားသူ ၄၂၃၅ ဦးနှင့် ရေမျောရေနစ်၊ သစ်ပင်ပိပျက်စီးမှုကြုံခဲ့သည့် အိမ်ထောင်စုများမှ ၃၅၈ဦး စုစုပေါင်း ၄၅၉၃ဦးကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေမျောခြင်းနှင့် ဓာတ်လိုက်ခြင်းတို့ကြောင့် သေဆုံးသူငါးဦးရှိကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာမှ နေထိုင်ရာ အိမ်များအတွင်း ရေဝင်လာခြင်းကြောင့် မင်းဘူးမြို့နယ်မှ ၉၇၆ ဦး၊ စလင်းမြို့နယ်မှ ၂၆၁ဦး၊ ကံမမြို့နယ်မှ ၁၃၅၃ဦး၊ ငဖဲမြို့နယ်မှ ၁၃၉ဦး၊ သရက်မြို့နယ်မှ ၁၉၅ဦး၊ မင်းတုန်းမြို့နယ်မှ ၆၉ဦး၊ ပခုက္ကူမြို့နယ်မှ ၂၄၂ဦး စုစုပေါင်း ၄၂၃၅ဦးတို့ကို ရေလွတ်ရာ ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်း ထားခဲ့ရသည်။

မကွေးတိုင်းဒေသကြီးမှ "ဆက်ပြီးတော့ ရွှေ့ပြောင်းဖို့တွေ ရှိပါတယ်။ စာရင်းတွေ ကောက်ယူနေပါတယ်။ ကယ်ဆယ်ရေး စခန်းတွေကိုတော့ ဘုန်းကြီးကျောင်းတွေ၊ဓမ္မာရုံတွေမှာ ဖွင့်ထားပါတယ်။ တချို့ကလဲ တခြားမိသားစုတွေနဲ့ ပေါင်းပြီးနေတာ တွေရှိပါတယ်။ လတ်တလော စားဝတ်နေရေး အဆင်ပြေဖို့အတွက် ဌာနအနေနဲ့ ဆန်ဖိုး ခုနစ်ရက်စာ ပံ့ပိုးပေးထားပြီး ဖြစ်ပါတယ်။ ရေဝင်ရွှေ့ပြောင်းတဲ့ မိသားစုတွေကို တစ်ဦးလျှင် ငွေကျပ်၂၁ဝဝနှုန်းနဲ့ ငွေကျပ် ၈၈၉၃၅ဝဝ ပံ့ပိုးပေးခဲ့တာပါ" ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပြသည်။ ရေဘေးကြုံတွေ့နေရသည့် မင်းဘူးမြို့မှ အိမ်ထောင်စု ရှစ်စု၊လူဦးရေ ၂၆ဦး၊ စလင်းမြို့နယ်မှ အိမ်ထောင်စု ခုနစ်စု၊ လူဦးရေ ၂၇ဦး၊ ငဖဲမြို့နယ်မှ အိမ်ထောင်စု ၁ဝစု၊ လူဦးရေ ၇၄ဦး၊ သရက်မြို့နယ်မှ အိမ်ထောင်စု ရှစ်စု၊ လူဦးရေ ၃ဝ၊ မင်းတုန်းမြို့နယ်မှ အိမ်ထောင်စု တစ်စု၊ လူဦးရေ လေးဦး၊ ပွင့်ဖြူမြို့နယ်မှ အိမ်ထောင်စု ခုနစ်စု၊ လူဦးရေ ၄၃ဦး၊ ရေနံချောင်းမြို့နယ်မှ အိမ်ထောင်စုတစ်စု၊ လူဦးရေ နှစ်ဦး၊ ပခုက္ကူမြို့နယ်မှ အိမ်ထောင်စု ၃ဝ၊လူဦးရေ ၁၅၂ဦး စုစုပေါင်းအိမ်ထောင်စု ၆၃စု၊ လူဦးရေ ၃၅၈ဦးအတွက်ငွေကျပ် ၇၅၄၅၄ဝဝ ပံ့ပိုးပေးပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"မင်းဘူးမြို့နယ်မှာ တစ်ဦးက ရေထဲပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ မင်းတုန်းမြို့နယ်မှာ တစ်ဦးဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။ စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ မင်းလှမြို့နယ်တို့မှာ တစ်ဦးစီ ရေမျောပြီး သေဆုံးခဲ့ပါတယ်။ ချောက်မြို့မှာတော့ ဆိုင်ကယ်ပေါ် သစ်ပင်ပိလို့ သုံးဦးဒဏ်ရာရရှိ သွားပါတယ်။ သဘာဝဘေး အန္တရာယ်ကြောင့် လူတစ်ဦးသေဆုံးရင် ငွေကျပ်သုံးသိန်းနှုန်း ဌာနက ပံ့ပိုးပေးထားပါတယ်"ဟု ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပြသည်။

ရေဝင်ရောက်မှုကြောင့် ကံမမြို့နယ်ရှိ အိမ်ထောင်စု ၆၈၁ စုလူဦးရေ ၁၃၅၃ဦး၊ ရွှေ့ပြောင်းရခြင်းများရှိခဲ့ပြီး မကွေးတိုင်း ဒေသကြီးသည် ရေဝင်ရောက်မှုအများဆုံး နေရာဒေသ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး မလုပ်နိုင်သည့် နေရာမရှိဘဲ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပြီး အကူအညီပေးမှုများ လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မတ် ၁ရက်မှ ယနေ့ထိ မီးဘေး ၅၃ ကြိမ်၊ ရေဘေး၄၇ကြိမ်၊ လေဘေး ၇၃ကြိမ်၊ ကမ်းပြိုဘေးအကြိမ်ရေ ၁၃ဝ၊ အခြားဘေးအန္တရာယ် ၁၇ကြိမ်၊စုစုပေါင်းဘေးအန္တရာယ် အကြိမ်ရေ ၃၂ဝဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၂၂၉၂စု၊ လူဦးရေ ၉၃၁ဝဝ အတွက် ငွေကျပ် ၅၆၃၅သိန်း ပံ့ပိုးပေးပြီးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ ၇၂၇၅၃၉၈၇ကျပ်၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၄၇၉၃ဝ၇၂ဝဝ၊ သေဆုံး၊ ဒဏ်ရာရပံ့ပိုးမှု ငွေကျပ် ၁၁၅ဝဝဝဝဝ စသည့်ပံ့ပိုးမှု ကဏ္ဍသုံးခုအတွက် တန်ဖိုးငွေ ၅၆၃၅၆၁၁၈၇ကျပ် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger