www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

တရုတ်နိုင်ငံ ရှန်ဟိုင်းဈေးကွက်၌ မြန်မာ့ ရော်ဘာများ ဈေးကွက်ဝင်လာပြီဖြစ် အရည်အသွေးကောင်းများ ထုတ်လုပ်ရန်လိုအပ်



ရန်ကုန် ၁၄-၆-၂ဝ၁၈

ကမ္ဘာ့အကြီးဆုံး ရော်ဘာဈေးကွက် တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ရှန်ဟိုင်းဈေးကွက်၌ မြန်မာ့ရော်ဘာများ ဈေးကွက်ဝင်လာပြီ ဖြစ်သောကြောင့် ရော်ဘာ အရည်အသွေးကောင်းများသာ ထုတ်လုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထူးထံမှ သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာများမှာ ယခင်က နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ရေကြောင်းမှ တစ်ဆင့် အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား နိုင်ငံတို့သို့ တင်ပို့ခဲ့ရာတွင် အရည်အသွေးမကောင်းသည့်အတွက် ဈေးနှိမ်မှုများရှိခဲ့ရာမှ ပြည်တွင်းအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် Southland Myanmar ကုမ္ပဏီမှ ပြီးခဲ့သည့်နှစ်မှ စတင်၍ အရည်အသွေး စစ်ဆေးဝယ်ယူကာ ရှန်ဟိုင်းဈေးကွက်၌ ၁၁၁ ဒသမ ၁၁ kg ကိုးလုံးပါ တစ်တန်ကို နိုင်ငံတကာ စံနှုန်းအတိုင်း တင်ပို့ခဲ့ရာမှ လတ်တလောတွင် မြန်မာ့ရော်ဘာမှာ ဈေးကောင်းရရှိ လာပြီဖြစ်ကြောင်း သိရသည်။

''အရည်အသွေးမီတဲ့ ရော်ဘာ ကုန်ကြမ်းတွေကို ပြီးခဲ့တဲ့ ၁ဝ လက ရှန်ဟိုင်းဈေးကွက်ကို တင်ပို့ခဲ့တဲ့အတွက် အခုဆိုရင် မြန်မာ့ရော်ဘာက တန်းဝင်လာပြီ။ ဒီလိုသာ တင်ပို့နိုင်ရင် နောက်ပိုင်းမှာ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေကပါ ဝယ်လာပါလိမ့်မယ်။ ဈေးကွက်ရှိလာပြီ ဖြစ်တဲ့အတွက် အရည်အသွေး ကောင်းထုတ်နိုင်ဖို့ ပဲလိုတယ်'' ဟု ဦးအောင်မြင့်ထူးက ပြောသည်။

လတ်တလောတွင် နိုင်ငံတကာ ရော်ဘာဈေးနှုန်းမှာ အနည်းငယ်ကျဆင်း နေသော်လည်း ရှန်ဟိုင်းဈေးကွက်၌ ဗီယက်နမ် RSS Mixture Rubber တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၇ဝ ရရှိချိန်တွင် မြန်မာ့ရော်ဘာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄ဝဝ အထိရရှိနေပြီဖြစ်ရာ ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်အရည်အသွေးကောင်းများ ထုတ်လုပ်ရန်သာ လိုအပ်ကြောင်း သိရသည်။

''အရည်အသွေးကောင်းတွေ ထုတ်လုပ်နိုင်ဖို့ အသင်းကိုဆက်သွယ်ပါ။ ခြံတွေစုပြီး အကြောင်းကြားရင် ခြံတွေထိအရောက်လာပြီး နည်းပညာတွေပေးပါမယ်'' ဟု ဦးအောင်မြင့်ထူးက ပြောသည်။

Southland Rubber ကုမ္ပဏီသည် နိုင်ငံတကာအခြေစိုက် ကုမ္ပဏီများအဖြစ် နိုင်ငံအများစုတွင်ရှိနေရာ ကမ္ဘာ့ရော်ဘာ ဈေးကွက်တွင် အဆင့်(၄)ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ်မှစ၍ တိုင်းရင်းသား လုပ်ငန်းရှင်တစ်ဦးနှင့် JV ဖက်စပ်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ရာ နိုင်ငံတကာသို့ မြန်မာ့ရော်ဘာ ထိုးဖောက်နိုင်ရန် ပိုမိုလွယ်ကူ လျင်မြန်လာကြောင်း သိရသည်။

ထို့ပြင် ရော်ဘာစိုက် တောင်သူများ အနေဖြင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ထောက်ပံ့ရန်၊ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန်၊ သစ်တောများရေရှည် တည်တံ့ရေးကို ထောက်ပံ့ရန်၊ စွန့်ပစ်ပစ္စည်းစွမ်းအင်နှင့် ရေစီမံခန့်ခွဲမှု၊ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများကို ထည့်သွင်းစဉ်းစားခြင်း စသည့်ရေရှည် တည်တံ့စေနိုင်မည့် SNR-I စံသတ်မှတ်ချက်များဖြင့် စိုက်ပျိုးကြရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger