www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံ သုံးနိုင်ငံကို ဗီဇာစနစ်များ ဖြေလျှော့ရန် စီစဉ်ဆောင်ရွက်နေ



နေပြည်တော် ၁၄-၆-၂ဝ၁၈

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံ သုံးနိုင်ငံမှ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုတိုးတက် လာစေရန်အတွက် ရည်ရွယ်မျှော်မှန်း၍ အဆိုပါသုံးနိုင်ငံကို ဗီဇာစနစ်များ ဖြေလျှော့ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု လွယ်ကူစေရန် အတွက်နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ရေဆိပ်များ၊ လေဆိပ်များ၊နယ်စပ်ဝင်ထွက် ပေါက်ဂိတ်များ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သကဲ့သို့ ဗီဇာစနစ်များ ပြင်ဆင်ခြင်း၊ ဗီဇာကြေးများလျှော့ချခြင်း၊ ဗီဇာကင်းလွတ်ခွင့်ပေးခြင်း စသည့်ဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်တွင်းသို့အများဆုံး ဝင်ရောက်သည့် ပြည်ပဧည့်သည်များမှာ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံသား ဧည့်သည်များပြီး ဥရောပဧည့်သည်ဝင်ရောက်မှုမှာ လျော့ကျမှုများရှိနေကြောင်း၊ အဆိုပါ သုံးနိုင်ငံမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ဗီဇာစနစ်များ ဖြေလျှော့ပေးရန်အတွက် စီစဉ်ဆောင်ရွက် နေကြောင်း ဇွန် ၁၂ရက်က နေပြည်တော်၌ ကျင်းပသည့် မြန်မာ့ခရီးသွား လုပ်ငန်းကွန်ဖရင့် ၂ဝ၁၈ ဖွင့်ပွဲ အခမ်းအနား သတင်းများအရ သိရသည်။

"အခုလက်ရှိမှာ ဥရောပနိုင်ငံသားတွေ ပြည်တွင်းဝင်ရောက်မှုက လျော့ကျသွားပါတယ်။ ဒီတော့ ဥရောပနိုင်ငံတွေက ဧည့်သည်တွေကို မျှော်နေမယ့်အစား ပြည်တွင်းကို အဝင်များနေတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ တို့မှာ ခရီးသွားမြှင့်တင်ရေး ဈေးကွက်တွေ ချဲ့ထွင်နေပါတယ်။ ဒီသုံးနိုင်ငံကို ဗီဇာစနစ်တွေ ဖြေလျှော့ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောပြသည်။

လတ်တလောတွင် မြန်မာနိုင်ငံကို ဥရောပနိုင်ငံသားများ ဝင်ရောက်မှု နည်းပါးလျက် ရှိသော်လည်း အာဆီယံ +၃နိုင်ငံများဖြစ်ကြသော ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့မှ ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက်စေရန် မျှော်မှန်းပြီး အဲဒီသုံးနိုင်ငံကို ဗီဇာစနစ်များ ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသည် အများဆုံး လာရောက်သည့် နိုင်ငံများမှာ ထိုင်း၊တရုတ်၊ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့ဖြစ်ပြီး အနောက်နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ စသည့်နိုင်ငံများ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခရီးသွားဧည့်သည် အများဆုံး လာရောက်သည့် နိုင်ငံများကို အထူး Target ထား၍ ဧည့်သည်ပိုမို လာရောက်ရေး ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အဆိုပါအခမ်းအနား သတင်းများအရ သိရသည်။

ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်နိုင်ရန်၊ မြန်မာနိုင်ငံသည် လည်ပတ်ချင်စရာ ကောင်းသောခရီးစဉ် ဒေသတစ်ခုအဖြစ် ကမ္ဘာကပိုမိုသိရှိလာစေရန် ဈေးကွက်မြှင့်တင်မှုများ အများအပြားပြုလုပ်ပြီး နိုင်ငံတကာသို့ ပိုမိုကြော်ငြာသွားရန် လိုအပ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းခများ၊ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများကို နိုင်ငံတကာ ဈေးနှုန်းများထက် မပိုစေဘဲ လိုက်လျောညီထွေ ဖြစ်စေရမည်ဖြစ်ပြီးဧည့်သည်များပေးရသည့် တန်ကြေးနှင့် မိမိတို့ဘက်ကပြန်ပေးသည့် ဝန်ဆောင်မှုများမှာလည်း အမှန်တကယ် ထိုက်တန်ရန် အရေးကြီးကြောင်း အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ၏ ပြောကြားမှုများ ရှိထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger