www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ လာရောက်အပ်နှံပါက တရားဝင်ယာဉ်မောင်း လိုင်စင်ရရှိရန် ကူညီဆောင်ရွက်ပေးမည်



ရန်ကုန် ၁၅-၆-၂ဝ၁၈

ယာဉ်မောင်း လိုင်စင်အတု ကိုင်ဆောင်ထားသူများ အနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န) သို့ လာရောက်အပ်နှံပါက တရားဝင်ယာဉ်မောင်း လိုင်စင်အား လုပ်ထုံးလုပ်နည်း အတိုင်းပြန်လည်ရရှိရန် ကူညီဆောင်ရွက် ပေးမည် ဖြစ်ကြောင်း က-ည-န (မြင်သာ) ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။

''ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင် ထားတဲ့သူတွေ လာအပ်ဖို့လိုပါတယ်။ လာအပ်တဲ့သူတွေကို တရားဝင်လိုင်စင်ရဖို့ ကူညီပေးမှာပါ။ အရေးယူဖို့ မဟုတ်ပါဘူး။ အမှန်တကယ် ယာဉ်မောင်းတတ်ဖို့ လိုအပ်ပါတယ်'' ဟု ဦးလျန်ကျင့်မန်က ပြောသည်။

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင် ထားသူများအား စစ်ဆေးတွေ့ရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ လိမ်လည်မှုမှ ခုနစ်နှစ်၊ ပုဒ်မ ၄၆၈ အတုကိုင်ဆိုင်မှုမှ ခုနစ်နှစ် စုစုပေါင်း အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး က-ည-န (မြင်သာ) ၌ ယာဉ်မောင်း လိုင်စင်လာရောက် ဖြေဆိုသူများလာပြီး အောင်ချက်ရာခိုင်နှုန်း များမြင့်တက်လာကြောင်း သိရသည်။

ယခင်က တစ်ရက်လျှင် လာရောက်ဖြေဆို သူ ၄ဝဝ ဝန်းကျင်သာရှိပြီး လက်ရှိတွင် လာရောက်ဖြေဆိုသူ တစ်ရက်လျှင် ၅ဝဝ အထိ ရှိနေပြီဖြစ်သည်။ အောင်ချက် ရာခိုင်နှုန်းမှာလည်း ယခင် ၃၅ ရာခိုင်နှုန်းသာ အောင်မြင်၍ ကျရှုံးသူများသော်လည်း လက်ရှိတွင် ၆ဝ ရာခိုင်နှုန်းအထိ အောင်ချက် မြင့်တက်လာကြောင်း သိရသည်။

''ယာဉ်မောင်းလိုင်စင် ဖြေတဲ့အခါ မေးခွန်းတွေ ကြိုပေးထားပြီးသားပါ။ ကွန်ပျူတာနဲ့ ဖြေရတာဆိုတော့ အဖြေက တိုက်ရိုက် ပေါ်ပြီးသားပါ။ အောင်ရဲ့သားနဲ့ ချလို့မရပါဘူး။ အမှန်တကယ် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းကိုသိတဲ့သူ၊ ဖတ်ထားတဲ့သူက ကျစရာအကြောင်း မရှိပါဘူး။ အခု လာရောက်ဖြေဆိုတဲ့ လူဦးရေတိုးလာတဲ့အပြင် အောင်ချက် ရာခိုင်နှုန်းကလည်း မြင့်လာပါတယ်'' ဟု ဦးလျန်ကျင့်မန်က ပြောသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများ အနေဖြင့် လက်ရှိတွင် က-ည-န ရုံး၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုဘဲ Online မှတစ်ဆင့် နှစ်ရက်၊ သုံးရက်ကြိုတင် စာရင်းပေးကာ ဖြေဆိုနိုင်မည် ဖြစ်သည်။ စာတွေ့ ဖြေဆိုမှုကို က-ည-န(မြင်သာ)၌ ဖြေဆိုရမည်ဖြစ်ပြီး လက်တွေ့ဖြေဆိုမှုကို က-ည-န (ရွာသာကြီး)၌ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger