www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 28, 2018

အငှားအိမ်ရာ ဝန်ထမ်းများကို နေရာချထားရန် တနင်္သာရီတိုင်း ဒေသကြီးအစိုးရထံ တင်ပြထားဟုဆို



ထားဝယ် ၂၈-၅-၂ဝ၁၈

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်၌ တည်ဆောက်ထားသည့် အစိုးရအငှား အိမ်ရာတွင် နိုင်ငံ့ဝန်ထမ်းများကို နေရာချထားပေးရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်မိမိထွေးက ပြောပြသည်။

ပိန္နဲတောရပ်ကွက်၊ နှင်းဆီလမ်းတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံ များအနက် ပထမဆုံးဆောက်သည့် အဆောက်အအုံ နှစ်လုံးတွင် ကျူးကျော်များကို နေထိုင်ခွင့်ပေးမည်ဟု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားပြီး ထပ်မံ ဆောက်လုပ်နေသည့် အဆောက်အအုံများတွင် မည်သူ့ကို နေထိုင်ခွင့်ပေးမည်ဟု ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ အဆိုပါ အဆောက်အအုံများတွင် အခန်းလိုအပ်နေသည့် နိုင်ငံ့ဝန်ထမ်းများကို နေရာချထားပေးရန် မေလ ဒုတိယပတ်က တိုင်းဒေသကြီး အစိုးရထံ တင်ပြခဲ့ကြောင်း ၎င်းက ပြောပြသည်။

"တင်ပြမှုကို အစိုးရက စဉ်းစားပြီးနောက် အစည်းအဝေးမှာ ဆုံးဖြတ်မယ် ထင်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။ ဆောက်လုပ်ထားသည့် အစိုးရ အငှားအိမ်ရာ အဆောက်အအုံများရှိ အခန်းအချို့ကို ကျူးကျော်များအား ငှားရမ်းစဉ်က အခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခ အဖြစ် ငွေကျပ် ၃၂ဝဝဝ သတ်မှတ်ထားကြောင်း၊ အစိုးရဝန်ထမ်း အိမ်ရာများတွင်မူ အခန်းတစ်ခန်းလျှင် တစ်လကျသင့်ငွေမှာ အရာထမ်းအဆင့် ဝန်ထမ်းဖြစ်ပါက လစာငွေ၏ ငါးရာခိုင်နှုန်းကို ကောက်ခံပြီး အမှုထမ်းဖြစ်ပါက လစာငွေ၏ သုံးရာခိုင်နှုန်းကို ကောက်ခံကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ အနေဖြင့် အငှားအိမ်ရာ အဆောက်အအုံများတွင် နေထိုင်ခွင့်ရပါက အခန်းခနှုန်းထား ကွာဟလာမည် ဖြစ်ကြောင်း၊ ထိုသို့ အခန်းခနှုန်းထား ကွာဟနေမှုကိုလည်း တင်ပြထားကြောင်း ဒေါ်ခင်မိမိထွေးက ပြောပြသည်။

"အခန်းလိုချင်လို့ လျှောက်ထား တာတော့ကြာပြီ။ ဒါပေမဲ့ အခန်းက ငွေကျပ်သုံးသောင်း ကျော်ပေးရမယ်ဆိုရင် ရေဖိုး၊မီတာဖိုးနဲ့ စားဖို့ကျန်မှာမဟုတ်ဘူး"ဟု ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင် နေသည့် ပညာရေး ဝန်ထမ်း တစ်ဦးက ပြောပြသည်။

အခန်းခ ငွေကျပ် ၃၂ဝဝဝပေး ရမည်ဆိုပါက အနိမ့်ဆုံး လစာရရှိသည့် ဝန်ထမ်းတစ်ဦးအနေဖြင့် လစာ၏ ၂ဝရာခိုင်နှုန်းကျော်ကို အိမ်ခန်းခအတွက် သုံးစွဲရမည် ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် အခန်းလျှောက်ထားသည့် ဝန်ထမ်းဦးရေ ၂ဝဝ ခန့်ရှိနေသော်လည်း အခန်းလွတ် မရှိသည့်အတွက် ချထားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger