www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 4, 2018

ရန်ကုန်မြို့တွင် လေပြင်းများ တိုက်ခတ်၍ အချိန်အခါမဟုတ် မိုးရွာသွန်း



ရန်ကုန် ၄-၄-၂ဝ၁၈

ရန်ကုန်မြို့ တစ်မြို့လုံးတွင် ယနေ့ညနေပိုင်းမှ စတင်၍ လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းကြောင်း သိရသည်။ ''ဒီမင်္ဂလာဒုံ ဘက်မှာတော့ ၁ နာရီ မိနစ် ၅ဝ ကျော်ကျော်လောက်က စပြီးရွာတာပါ။ မိုးလည်းတော်တော် ကြီးတယ်''ဟု မင်္ဂလာဒုံမြို့နယ် အတွင်းနေထိုင်သော ကိုရန်နိုင်က ပြောသည်။

မိုးရွာသွန်းမှု အခြေအနေမှာ မြို့နယ်တစ်ခုနှင့်တစ်ခု အနည်းငယ် အချိန်ကွာခြားပြီး နေပူပူ နေ့လယ်ခင်းတွင် ရွာသွန်းခြင်းကြောင့် သွားလာသူများ အနေဖြင့် အခက်အခဲများလည်း ကြုံခဲ့ရကြောင်း သိရသည်။ မိုးရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် လမ်းပေါ်တွင်ယာဉ်များ စက်ချွတ်ယွင်းမှုကြောင့် တာမွေမြို့နယ် ဗညားဒလလမ်းတွင် ယာဉ်ကြော ပိတ်ဆို့ခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ်လမ်းရှိ နေရာအချို့တွင်လည်း ယာဉ်ကြောပိတ်ဆို့မှု များလည်း ကြုံတွေ့နေရသည်။

''ရွှေတိဂုံဘုရား လမ်းမှာတော့ သစ်ကိုင်းကျိုးကျပြီး လမ်းပိတ်နေတယ်။ အဲဒီဘက်က သွားရင်တော့ ကားပိုပိတ်တယ်။ ရှောင်ကွင်းပြီးတော့ မောင်းနေရတယ်'' ဟု တက္ကစီယာဉ်မောင်း ကိုအငယ်လေးက ပြောသည်။

''မိုးက ရေတော်တော်ပါတယ်။ မိုးကရွာ၊ ကားလမ်းတွေက ပိတ်နဲ့ တော်တော် စိတ်ပျက်စရာပါပဲ။ မင်္ဂလာဈေးကနေ ဒီကိုလာတာ တစ်နာရီလောက်ကြတယ်'' ဟုလည်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်ကာ ဈေးဝယ်ပြန်လာသည့် ဒေါ်အေးသိန်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ အပါအဝင် နေရာဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးနှိုးဆော် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger