ရန်ကုန် ၉-၄-၂ဝ၁၈
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်အိမ် မရှိသူများအတွက် ရောင်းချပေးမည့် တန်ဖိုးနည်း အိမ်ရာများကို သင်္ကြန်အပြီးတွင် စိစစ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အတွင်းအိမ်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးနှင့် အခြေခံ လူတန်းစားများ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိသည်။
အဆိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများမှ ဆောက်လုပ်ပြီးစီး နေပြီဖြစ်သည့် သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် လှိုင်သာယာစသည့် မြို့နယ်များမှ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ရန်ကုန်မြို့၌ နေထိုင်ပြီး နေအိမ်ပိုင်ဆိုင်မှု မရှိသူများကို ရောင်းချပေးရန် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မှစတင်ကာ လျှောက်လွှာများ ခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများကို ၂ဝ ရာခိုင်နှုန်း လက်ငင်းငွေချေပြီး ကျန်နေသည့် ငွေကြေးပမာဏကို အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး လက်ငင်းဝယ်ယူ လိုသူများကို တိုက်ခန်းတန်ဖိုး၏ သုံးရာခိုင်နှုန်း လျှော့ပေးသွားမည် ဖြစ်သည်။ အဆိုပါရောင်းချပေးမည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်း အခန်းပေါင်း ၁ဝဝဝ ဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများမှာ ငွေကျပ်သိန်း ၁ဝဝ ခန့် ဖြစ်သည်။
အဆိုပါတန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများဝယ်ယူရန် လျှောက်လွှာများကို ခရိုင်အလိုက် ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်တစ်ခရိုင်အတွက် လျှောက်လွှာ အရေအတွက် ၁ဝဝဝဝနှုန်းဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်အတွက် လျှောက်လွှာ ၄ဝဝဝဝ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါတန်ဖိုးနည်း အိမ်ရာတိုက်ခန်း ဝယ်ယူရန် လျှောက်ထားသူ သောင်းချီရှိနေကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment