www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 25, 2018

တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၌ မော်တော်ယာဉ် မှန်တံခါးခွဲပြီးငွေနှင့် ပစ္စည်းများခိုးယူသူ ဖမ်းဆီးရမိ



တောင်ကြီး ၂၅-၄-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် အရှေ့မြို့ပတ်လမ်းရှိ တောင်ကြီးလက်ဖက်ရည် ဆိုင်အနီးတွင် ဧပြီ ၂၃ ရက် နံနက် ၇ နာရီက မော်တော်ယာဉ် မှန်တံခါးခွဲပြီး ငွေနှင့်ပစ္စည်းများ ခိုးယူသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်၊ ကျိုင်းတုံ လျှပ်စစ်ဝန်ထမ်း အိမ်ရာနေ ဦးဇေယျာလင်း (ဘ) ဦးလှကြည်သည် တောင်ကြီးမြို့သို့ ရောက်ရှိစဉ် ဦးဇေယျာလင်း ပိုင်ယာဉ်အမှတ် YGN 9K/---- Big Horn အဖြူရောင် မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်ရှိ တောင်ကြီး လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိခဲ့ပြီး အရှေ့မြို့ပတ်လမ်းဘေး မြကန်သာ ပန်းခြံရှေ့တွင် ယာဉ်ကို ရပ်ထားခဲ့ပြီး လက်ဖက်ရည် သောက်ခဲ့သည်။

ဦးဇေယျာလင်းသည် လက်ဖက်ရည် သောက်ပြီး ဆိုင်မှပြန်လည် ထွက်လာစဉ် ယာဉ်၏ဝဲဘက်ခြမ်း နောက်တံခါးမှန်မှာ ကွဲကြေနေသဖြင့် ယာဉ်အတွင်းစစ်ဆေးရာ ယာဉ်၏ ရှေ့ခန်းတွင် ထားရှိခဲ့သော အနက်ရောင်လက်ဆွဲ အိတ်အတွင်း ထည့်ထားသော မြန်မာ ငွေစက္ကူ ရောရာငွေကျပ် ငါးသိန်း၊ မှတ်ပုံတင်တစ်ခု၊ ဝန်ထမ်းကတ်တစ်ခု၊ ယာဉ်မောင်း လိုင်စင်တစ်ခု၊ လေးလက်မှ Sansumg Tablet တစ်လုံး၊ တန်ဖိုးငွေကျပ် ၃ဝဝဝဝဝခန့်၊ ရုံးသုံးစာရွက်စာတမ်းများ ပျောက်ဆုံးနေခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေနှင့်ပစ္စည်းများ ခိုးယူသွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဦးဇေယျာလင်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ကြီးနယ်မြေ ရဲစခန်းက (ပ)၆၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ -၃၇၉/၄၂၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ပြီး ခရိုင်အထူး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့မ ရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲစခန်းမှူး ရဲအုပ် စိုးမိုးအောင် ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းရှာဖွေရာ မွန်းလွဲ ၂ နာရီခန့်တွင်တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ စိန်ဆေးရုံအနီး အရှေ့မြို့ပတ်လမ်း ပေါ်တွင် အမှုမှပျောက်ဆုံး ပစ္စည်းများနှင့်အတူ စိုင်းအွမ် (ဘ) ဦးအိုက်စမ် အမှတ် (၄၅) အမှတ် (၃) ရပ်ကွက် မိုင်းစံမြို့ မိုင်းရှူးမြို့နယ်နေသူကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger