ပုသိမ် ၂၅-၄-၂ဝ၁၈
ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရွှေမာလာကူးတို့ ဆိပ်တွင် ဧပြီ ၂၃ ရက် ညနေ ၅ နာရီခန့်က ကိုးတန်းကျောင်းသားသုံးဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မအူပင်မြို့ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်တို့တွင် နေထိုင်သည့် ကောင်းကင်ကျော်၊ ဟိန်းစိုး၊ အောင်မြင့်မြတ်တို့ သုံးဦးရေဆင်းကူးရာ ဟိန်းစိုးနှင့် အောင်မြင့်မြတ်တို့ ရေနစ်သေဆုံးခဲ့ပြီး အောင်မြင့်မြတ်၏ အလောင်းကို ပြန်လည်ဆယ်ယူ ရရှိထားကြောင်း ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
"သုံးယောက်လုံး ရေဆင်းကူးတာ ကျန်တဲ့ နှစ်ယောက်က ပေါ်မလာလို့ ကောင်းကင်ကျော်က အော်ပြီး အကူအညီ တောင်းတော့မှ ရေနစ်တာသိရတာ။ အောင်မြင့်မြတ်ရဲ့ အလောင်းတော့ ပြန်တွေ့ပါပြီ"ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပြသည်။
အောင်မြင့်မြတ်၏ ရုပ်အလောင်းကို ရေနစ်မြုပ်ရာအနီး ဧရာဝတီမြစ် အကွေ့တွင် ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မအူပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၇/၂ဝ၁၈)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment