www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 2, 2018

မကွေးမြို့တွင် သက်ငယ်မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရေး လူထုလက်မှတ် ရေးထိုးပွဲကျင်းပ



မကွေး ၂-၄-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီ ဘုရားကွင်းတွင် သက်ငယ်မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှု ပပျောက်ရေး အတွက် ကြီးလေးသော ပြစ်ဒဏ်ချမှတ်နိုင်ရေး ပြည်သူလူထုစုပေါင်း လက်မှတ်ရေးထိုးပွဲနှင့် ဟောပြောပွဲကို မတ် ၃၁ရက် ညနေ ၄နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲဖြစ်မြောက်ရေး အတွက် မကွေးမြို့ပေါ်ရှိ ပရဟိတ အသင်းများ၊ အလှူရှင်များ စုပေါင်းကာ ငွေကျပ် သိန်း ၄ဝခန့် အကုန်အကျ ခံပြုလုပ်ခဲ့ကြောင်း မကွေးပရဟိတအသင်းမှ သိရသည်။

"ကျွန်တော်တို့ ဒီနေ့ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေ၊ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့သူတွေကို ကြီးလေးပြစ်ဒဏ် ပေးနိုင်ရေးနဲ့ ပြစ်မှုကျူးလွန်တဲ့ အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် မရှိတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး အတွက်လှုံ့ဆော်ပြီး ပြည်သူ လူထုရဲ့သဘောထားကို လက်မှတ် ရေးထိုးတဲ့ပွဲပါ"ဟု မကွေးပရဟိတ အသင်းဦးဆောင်သူ ကိုမိုးကပြောပြသည်။

သက်ငယ်မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှု ပပျောက်ရေး အတွက်ဟောပြောမှုတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တရားလွှတ် တော်ရှေ့နေ ဦးအောင်ကျော်စိုး၊ ဒေါက်တာရဲထွန်းဇော်နှင့် ပြည်သူတစ်ဦး တို့က အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

"ဒီနေ့ပွဲမှာ မင်းလှမြို့နယ်ထဲက အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှု သုံးမှုထဲက ကာယကံရှင် မိဘတွေရဲ့ခံစားမှုကို ကိုယ်တိုင်သွားရောက် မေးမြန်းပြီး သူတို့ရဲ့ ခံစားချက်တွေကို တက်ရောက်လာတဲ့ ပြည်သူတွေကို ဗီဒီ ယို ရိုက်ထားတာလေး ပြသပေးတယ်။ နောက်ပြီး ကာတွန်းဆရာတွေရဲ့ သရုပ်ဖော် ကန့်ကွက်မှုတွေကို ပြည်သူတွေကို ပြသပါတယ်။ ည ၇ နာရီမှာ ကမ္ဘာတစ်ဝန်း လိင်အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးတွေ၊ အမျိုးသမီး တွေအတွက် တက်ရောက်လာတဲ့လူထုက ဖယောင်းတိုင် မီးထွန်းပြီး ငြိမ်သက်စွာ ဆုတောင်း ပေးကြပါတယ်"ဟု ပွဲဖြစ် မြောက်ရေးကော်မတီဝင် ကိုသူက ပြောပြသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက် လာသူများကို တီရှပ်အင်္ကျီနှင့် အချိုရည်ဘူး၊ ရေသန့်ဘူးများ ပေးဝေခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger