နေပြည်တော် ၁၀-၄-၂ဝ၁၈
တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကမ်းရိုးတန်းဒေသများရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား မတ် ၂၂ ရက်မှ ဧပြီ ၆ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိလာရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ဌာန ချုပ်မှူး ဗိုလ်ချုပ်ဌေးနိုင်၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသများရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၆၅ ဦး၊ ခွဲစိတ်ရောဂါ ၉၅၉ ဦး၊ ကလေးရောဂါ ၈၈ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈၉၄ ဦး၊ အရိုးရောဂါ ၉၅၇ ဦး၊ နား/နှာခေါင်း/လည် ချောင်းရောဂါ ၈၅ဝ ဦး၊ မျက်စိရောဂါ ၁၆၂၅ ဦးနှင့် သွားရောဂါ ၇၁၇ ဦး၊ စုစုပေါင်းဒေသခံ ပြည်သူ ၉၁၄၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၉၁ ဦးနှင့်အထွေ ထွေခွဲစိတ်လူနာ ၂၁၂ ဦးတို့ကို ဆေးရုံရေ ယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၉၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၅၇၉ ဦးနှင့် ECG နှလုံးစမ်းသပ် လူနာ ၃ဝ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၃၄ ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက် သုံးဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံသင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးအား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့သည့် အပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာ ၂၄၂ ဦးကိုလည်း ဆေးရုံသင်္ဘော (သံလွင်)ပေါ်၌ပင် ဆေးရုံတင် ကုသပေးနိုင် ခဲ့သည်။
တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ၂ဝ၁၆ ခုနှစ်မှစ၍ မြန်မာ့ပင် လယ်ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယခုသွားရောက်သော ကျန်းမာရေး စောင့်ရှောက်ခရီးစဉ်သည် ၈ ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၇ဝ၂၈၉ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံသင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၁ဝ ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily











No comments:
Post a Comment