ဆောင်းပါး ၁၀-၄-၂ဝ၁၈
လောကမှာ ရည်မှန်းချက်တွေနဲ့ ဘဝကို တည်ဆောက် နေသူတွေအတွက် အောင်မြင်မှုဟာ အလွန်ကို အရေးပါပါတယ်။ မိမိရဲ့ဘဝ အောင်မြင်ရေး အတွက်လူတိုင်း ကြိုးစားရုန်းကန် ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ဘက်က ကြိုးစားရုန်းကန်လျက်နဲ့ ကံအကြောင်း မလှတဲ့အခါ ရှုံးနိမ့်မှုတွေနဲ့လဲ ကြုံတွေ့ ရတတ်ပါတယ်။ အဲဒီလို ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ်ကျဆင်းပြီး ထပ်မံကြိုးစား ချင်စိတ်တွေလဲ ကုန်ဆုံးရတတ် ပါတယ်။
အောင်မြင်မှုကို ရရှိဖို့ဆိုတာက ပန်းတိုင်ရှိရပါမယ်။ လောကုတ္တရာ နယ်ပယ်ကပြောရရင် ဘဝချုပ်ငြိမ်း၊ ဒုက္ခသိမ်းရာ ကျင့်ကြံနေတဲ့ သူတော်စင်တွေရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပုထုဇဉ် ပုဂ္ဂိုလ်တွေအနေနဲ့ ကတော့ ရည်မှန်းချက် ပန်းတိုင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ပန်းတိုင်မရောက်ခင်မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ၊ လျှောက်လှမ်းနေရတဲ့ ဘဝလမ်းကြောင်း ဘယ်လောက်ပဲ ကောက်ကွေ့နေပါစေ ကိုယ့်ရဲ့ ပန်းတိုင်မပျောက်ဖို့ အရေးကြီးပါတယ်။ ရှုံးနိမ့်မှုကို လက်ခံပြီး ငါ့ဘဝဟာ ဒီလောက်နဲ့ပဲ ထိုက်တန်တယ်ဆိုပြီး ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ ဖြေဆည်ရာ ဘဝတစ်ခုအဖြစ် သဘောမထား သင့်ပါဘူး။
လူတိုင်းလူတိုင်းဟာ အောင်မြင်မှုအတွက် လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ရှုံးနိမ့်မှုတွေနဲ့ တွေ့ကြုံရတတ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာတကယ့် အရှုံးအစစ် မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အရှုံးကို သင်ခန်းစာယူပြီး ထပ်မံကြိုးစားနေသမျှ အောင်မြင်မှုတွေ ရှိလာနိုင်လို့ပါပဲ။ အဲဒီလိုမဟုတ်ဘဲ အရှုံးကြောင့် စိတ်ဓာတ်ကျ လက်မြှောက် သွားသူတွေသာ တကယ့်အရှုံးသမား စစ်စစ်တွေဖြစ်သွား ကြတာပါ။ ဒါကြောင့်အဲလ်ဘတ် အက်ဘက်က "အရှုံးဆိုတာ တစ်ကြိမ်ရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ သူ့အတွေ့အကြုံပေါ် ပြန်ပြီး အမြတ်မထုတ် တတ်တာကိုမှ အရှုံးလို့ခေါ်တာ"လို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းဟာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေမှာတော့ မဟုတ်ပါဘူး။ ဘဝခရီးရဲ့ တိုက်ပွဲပေါင်း များစွာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုဘဝခရီး တိုက်ပွဲတွေကို ရင်ဆိုင်ဆင်နွှဲ ရတဲ့အခါ တိုက်ပွဲတစ်ရာ တိုက်လို့တစ်ရာလုံး အောင်ပွဲ မရနိုင်ပေမယ့် အတွေ့အကြုံ တစ်ရာကိုတော့ အပြည့်အဝရရှိပြီး စွမ်းရည်တစ်ရာနဲ့ သွက်လက်ထက်မြက် လာမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ရရှိတဲ့အတွေ့အကြုံပေါ်မူတည်ပြီး (၁ဝ) ကြိမ်မြောက် လဲကျရင် (၁၁)ကြိမ်မြောက်ပြန်ထ နိုင်အောင် ကြိုးစား၊ အကြိမ် (၁ဝဝ) မြောက်လဲကျရင် (၁ဝ၁)ကြိမ်မြောက် ပြန်ထနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဘဝခရီးတိုက်ပွဲမှာ လဲကျရှုံးနိမ့် နေသူတွေအနေနဲ့ အောင်မြင်မှုဟာ အဝေးကြီး မဟုတ်ပါဘူး။ လဲကျရှုံးနိမ့်တဲ့ အကြိမ် အရေအတွက်ထက် ပြန်ထတဲ့အကြိမ် အရေအတွက် တစ်ကြိမ်ပိုရင် ကျွန်တော်တို့ဟာ အောင်မြင်မှုတွေကို ရရှိမှာပဲ ဖြစ်ပါတယ်။
အထင်ရှားဆုံး ဥပမာအနေနဲ့ ပြောရရင် လျှပ်စစ်မီးသီးကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင် အက်ဒီဆင်ဟာ အကြိမ်ပေါင်း (၉၉၉) ကြိမ်ရှုံးနိမ့်ခဲ့ ရပါတယ်။ ဒါပေမဲ့သူဟာ ရှုံးနိမ့်မှုများစွာကို ကြုံတွေ့ခဲ့ရပေမယ့် တုန်လှုပ်မှုမရှိ၊ စိတ်ဓာတ် ကျဆင်းမှု မရှိဘဲ အရှုံးကိုသင်ခန်းစာယူ အမြတ်ထုတ် ခဲ့တဲ့အတွက် အကြိမ် (၁ဝဝဝ) မြောက်မှာ လျှပ်စစ်မီးသီးကို အောင်မြင်စွာတီထွင် နိုင်ခဲ့ပါတယ်။ အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးမှာ လိုအပ်တဲ့ ကြိုးမျှင်ကို ရှာဖွေတော့လဲ နန်းကြိုးမျှင် အဖြစ်သုံးနိုင်ဖို့ ပစ္စည်းပေါင်း မြောက်မြားစွာကို စမ်းသုံးကြည့်ပေမယ့် တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။ အဲဒီအခါ အက်ဒီဆင်ရဲ့လက်ထောက်တစ်ယောက်က သူတို့အခုလို လုပ်နေတာတွေဟာ အလကားပဲ။ ဘာမှ အသုံးမဝင်ဘူး၊ ဘာမှလဲအကျိုး မဖြစ်ထွန်းဘူးလို့ စောဒကတက်တယ်။ အဲဒီအခါ အက်ဒီဆင်က ယုံကြည်မှု အပြည့်နဲ့ "ငါတို့ရှာဖွေ နေတာတော်တော်ကို ခရီးရောက်နေပြီ။ အများကြီး ရှာဖွေလေ့လာ မိသွားပြီ။ ဘာတွေလေ့လာ မိသွားလဲဆိုရင် ဒီပစ္စည်းတွေဟာ နန်းကြိုးမျှင် အဖြစ်သုံးလို့ မရဘူးဆိုတာ ကိုပေါ့"လို့ ပြန်ဖြေ လိုက်ပါတယ်။ နောက်ဆုံး လျှပ်စစ်မီးသီးကို တီထွင်ပြီးတဲ့ အခါမှာလဲ "ကျွန်တော်ဟာ (၉၉၉) ကြိမ်မြောက် ဆုံးရှုံးခဲ့တာ မဟုတ်ဘူး။ မအောင်မြင်တဲ့ နည်းလမ်းကိုပဲ တွေ့ရှိခဲ့တာပါ" လို့ပြောခဲ့ပါတယ်။
နောက်ထပ် ဥပမာတစ်ခုအနေနဲ့ ပြောရရင် ဘရုစ်ဘုရင်ကြီးဟာ စစ်ပွဲမှာစစ်ရှုံးပြီးတော့ ထွက်ပြေးရင်း တောထဲကလိုဏ်ဂူ တစ်ခုတည်းကို ရောက်သွားတယ်။ သူဟာလိုဏ်ဂူထဲမှာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်း ပြီးလဲလျောင်း နေတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူကလေး တစ်ကောင်ဟာ အထက်နံရံကို တက်ဖို့ကြိုးစား နေရင်းအကြိမ်ကြိမ် ပြုတ်ကျနေတာကို ဘရုစ်ဘုရင်ကြီး တွေ့လိုက်ရတယ်။ အဲဒါနဲ့ပဲ သူစိတ်ဝင်တစား ကြည့်နေရင်း နောက်ဆုံးမှာ ပင့်ကူကလေးဟာ အထက်နံရံ ပေါ်ရောက်သွားတာကို မြင်လိုက်ရတယ်။ ပင့်ကူကလေးဟာ အကြိမ်ကြိမ်ရှုံးနိမ့်မှုနဲ့ ကြုံရပေမယ့် မလျှော့သောဇွဲနဲ့ အကြိမ်ကြိမ်ကြိုးစား တဲ့အတွက် အောင်မြင်သွား ပါလားလို့ ဘရုစ်ဘုရင်ကြီး တွေးလိုက်မိချိန် တစ်ကြိမ်စစ်ရှုံးတာနဲ့ ငါတော့ရှုံးပါပြီလို့ ထင်ပြီးကျဆင်းနေတဲ့ သူ့စိတ်ဓာတ်ဟာ ပြန်လည်တက်ကြွ လာခဲ့တယ်။ အဲဒါနဲ့ပဲ စစ်သည်လက်နက် အင်အားစုဆောင်းပြီး တစ်ခါထပ်တိုက် လိုက်တဲ့အခါမှာ စစ်နိုင် သွားတော့ တာပါပဲ။ ဒါကြောင့် ရှုံးနိမ့်မှုဆိုတာဟာ အောင်မြင်မှု ပန်းတိုင်ဆီကို လျှောက်လှမ်းနေကြသူ တွေအတွက် အစမ်းသပ်ခံ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီရှုံးနိမ့်မှုတွေကပဲ အောင်မြင်မှုတွေကို မွေးဖွားစေမှာ ဖြစ်ပါတယ်။ ရှုံးနိမ့်မှုမရှိဘဲ အောင်မြင်မှုမရှိနိုင်ပါ။ စစ်မှန်တဲ့အောင်မြင်မှု ဆိုတာဟာ အကြိမ်ကြိမ်ရှုံးနိမ့် နေပေမယ့် စိတ်ဓာတ်မကျဘဲ ပိုမိုကြိုးစားပြီး အရှုံးကိုရဲရဲရင့်ရင့် ရင်ဆိုင်ကာ အကောင်းဆုံးစွမ်းဆောင် နိုင်တာပဲ ဖြစ်ပါတယ်။လက်ဝှေ့ကြိုးဝိုင်း ထဲမှာဆိုရင် ပြိုင်ဘက်ရဲ့ထိုးနှက်မှု ကိုခံရပြီး လဲကျသွားတိုင်း ရှုံးနိမ့်တာ မဟုတ်ပါဘူး။ ပြန်ထနိုင်သမျှ အောင်မြင်မှု ရနိုင်ပါသေးတယ်။ ဒီအတွက် ဇွဲ၊လုံ့လ၊ ဝီရိယရှိဖို့လိုပါတယ်။ လုံ့လ၊ဝီရိယ လျှော့ချလို့ ဘဝဆုံးရှုံး ရတာလို့ သူတစ်ပါးရဲ့အပြစ်တင်စကားကို မခံနိုင်ဘူးဆိုတဲ့ ဇနကထုံးကို နှလုံးမူ ရပါမယ်။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ပြောရရင် လဲကျသွားမှာကို မကြောက်ပါနဲ့။ ပြန်မထနိုင်မှာ ကိုပဲကြောက်ပါ။ လဲကျသွားရင်တောင် ပြန်ထနိုင်အောင် ကြိုးစားပြီး ကျွန်တော်တို့ အတူတူပန်းတိုင် ရောက်အောင် ကြိုးစားပါစို့လို့ ရေးသား လိုက်ရပါတယ်။
ဝင်းထက်ရောင်နီ(အဖျောက်)
#Yadanarpondaily






No comments:
Post a Comment