www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 10, 2018

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ပုဂံဘုရားစေတီ ၃၈၉ ဆူအနက် ၃ဝ၂ ဆူပြုပြင်ပြီးစီး



ညောင်ဦး ၁၀-၄-၂ဝ၁၈

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံရှိဘုရားများအနက် ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး နိုင်ငံတစ်ဝန်းမှ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ စေတီ ၃ဝ၂ ဆူပြုပြင်ပြီးစီးပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

''ငလျင်ဒဏ်ကြောင့် ပြုပြင်ထိန်းသိမ်းဖို့လိုတဲ့ ဘုရားစေတီတွေထဲကမှ အုပ်စုသုံးစုခွဲရင် ပျက်စီးမှုအများဆုံးဘုရား ၃၆ ဆူ၊ ဒုတိယထိခိုက်မှု အများဆုံးဘုရား ၅၃ ဆူ၊ အနည်းငယ်ထိခိုက်မှု ရှိခဲ့တဲ့ ဘုရားအရေအတွက်က အဆူ ၃ဝဝ ဖြစ်ပါတယ်။ ပျက်စီးမှုတွေကို ဆက်တိုက်ပြုပြင် ထိန်းသိမ်းခဲ့တဲ့ အတွက် ပြုပြင်ပြီးစီးမှု အနေနဲ့ ဘုရား ၃ဝ၂ ဆူရှိပါပြီ။ ရာခိုင်နှုန်းအားဖြင့် ၈ဝ ရာခိုင်နှုန်းလောက် ပြုပြင်ပြီးပြီလို့ ပြောလို့ရပါတယ်။ကျန်တာကိုတော့ ဆောင်ရွက်ဆဲပါ'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း ကပြောသည်။

ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဖွဲ့စည်းပေးသည့် စီမံခန့်ခွဲမှု ကော်မတီက လှူဒါန်းသည့်ငွေကြေးများကို ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကာ ဘုရားများပြုပြင်မည် ဆိုပါက မည်သည့် ဘုရားကိုပြင်မည်၊ မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို မှတ်တမ်းဓာတ်ပုံ၊ ပျက်စီးမှု အတိုင်းအတာ၊ တွက်ချက်မှုများဖြင့် ကော်မတီထံ တင်ပြရကြောင်း၊ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ၊ အရည် အသွေး စစ်ဆေးရေး ကော်မတီနှင့် တွက်ချက်မှု စစ်ဆေးရေး အဖွဲ့များလည်း ရှိကာ တင်ပြလာသည့် Estimates များကို စစ်ဆေးကြောင်း၊ အစည်းအဝေးထိုင် စစ်ဆေးခွင့်ပြုကာ လုပ်ငန်းများ ဆောင်ရွက်စေပြီး လုပ်ငန်းအစီရင်ခံစာ တင်ခြင်း၊ အရည်အသွေး စစ်ဆေး မှတ်တမ်းတင်ခြင်း၊ မြို့နယ်စာရင်းစစ် ဦးစီးဌာနက စစ်ဆေးခြင်းများ စနစ်တကျအဆင့်လိုက် လုပ်ဆောင်ကြရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

''အလှူရှင်တွေရဲ့သဒ္ဓါတရားအပေါ် အလဟဿ မဖြစ်အောင်၊ အကျိုးရှိအောင်၊ အလွဲသုံးစားမှုနဲ့ အလေအလွင့် မရှိအောင် တာဝန်ရှိသူတွေအနေနဲ့ စီမံခန့်ခွဲပေးနေပါတယ်။ ဘုရားများကို ပြင်တဲ့ အခါမှာ ဒေသတွင်း အလှူရှင်တွေသာမက ပြည်ပနိုင်ငံက လာရောက်တဲ့ အလှူရှင်တွေကလည်း လှူဒါန်းမှုတွေရှိပါတယ် ''ဟု ၎င်းက ဆက်လက်ပြောသည်။ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရုံးချုပ်)တို့တွင် လှူဒါန်းမှုများကို လက်ခံပေးနေပြီး ဧပြီ၈ရက်က ဉာဏ်တော်အတောင် ၂ဝ ခန့်ရှိ ဘုရားအမှတ် (၄၁ဝ)အား ပြုပြင်ရန် မကွေးပြည်သူများ ကိုယ်စား လူမှုရေး အဖွဲ့များက ငွေကျပ်သိန်း ၁၆ဝ လာရောက် လှူဒါန်းကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger