မန္တလေး ၁၂-၃-၂ဝ၁၈
မြန်မာနိုင်ငံရှိ စစ်ကိုင်း ပြတ်ရွေ့ကို ပိုမို၍အသေးစိတ် သိရှိနိုင်ရန်အတွက် စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ကို မတ် ၁၅ ရက်မှစတင်ကာ လေယာဉ်ဖြင့်ကောင်းကင် ဓာတ်ပုံရိုက်ကူးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။
လက်ရှိသုံးစွဲနေသည့် စစ်ကိုင်းပြတ်ရွေ့၏ Satellite Image များမှာ Resolution မကောင်းမွန်သည့်အတွက် ပိုပြီးအချက်အလက် အသေးစိတ်ရရှိရန် ပြီးခဲ့သည့်အတိတ်က လှုပ်ခဲ့သော ငလျင်များကြောင့် စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရွေ့သွား ခဲ့သည့်အရွေ့များကို ရိုက်ကူးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဒုတိယ ဥက္ကဋ္ဌဒေါက်တာ မျိုးသန့်က ပြောပြသည်။
"လေယာဉ်ပေါ်မှာ ကင်မရာ တပ်ပြီးရိုက်မှာပါ။Satellite Image တွေလို Resolution အမြင့်ကြီး တော့မဟုတ်ဘူး။ အနီးကပ် Resolution ကောင်းအောင်ရိုက်မှာပါ။ တစ်ပတ်လောက် တော့ကြာရင်ကြာမယ်။ လေကြောင်းနဲ့ညှိပြီးသူတို့ပေးနိုင်တဲ့ အချိန်ပေါ်မူတည်ပြီး တစ်ရက်တည်းနဲ့လဲ ပြီးရင်ပြီးသွား နိုင်ပါတယ်"ဟု ၎င်းကပြောပြသည်။
စစ်ကိုင်းပြတ်ရွေ့ကို ကောင်းကင်ဓာတ်ပုံ ရိုက်ကူးပြီးပါက ပြီးခဲ့သည့် အတိတ်ကလှုပ်ခဲ့သော ငလျင်များကြောင့် ရွေ့သွားခဲ့သည့် ချောင်းများ၊ တောင်တန်းများ၊ လယ်ကန်သင်း စသည်တို့၏ အရွေ့များကို ပိုမိုအသေးစိတ်သိရှိ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေးအဖွဲ့၊ ဆည်မြောင်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ တပ်မတော်နည်းပညာ နှင့်သုတေသန ဌာနစသည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုများ နေ့စဉ်ရက်ဆက် အကြိမ်ရေစိပ်စွာ လှုပ်ခတ်လျက်ရှိပြီး စုစုပေါင်းငလျင် ၄၇ ကြိမ်ထိ လှုပ်ခတ်ထားကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment