www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

ပုပ္ပားတောင်ဝန်းကျင်တွင် ယခင်ကရေထွက် ၁ဝဝ ကျော်ရှိခဲ့ရာမှ ယခုအခါ ရေထွက် ၃၆ ခုသာ ကျန်ရှိ



မန္တလေး ၁၅-၃-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပားတောင်တွင် ယခင်က ရေထွက် ၁ဝဝ ကျော်ရှိရာမှ လက်ရှိတွင် ရေထွက် ၃၆ခုသာ ကျန်ရှိတော့သဖြင့် ရေထွက်များ လျော့နည်းလာသည့်အတွက် ထိန်းသိမ်း စောင့်ရှောက် ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေးရာကော်မတီမှ သိရသည်။

ပုပ္ပားတောင်တွင် ယခင်ကရေထွက် ၁ဝဝ ကျော်ရှိရာမှ လွန်ခဲ့သော ဆယ်စုနှစ်ခန့်မှစတင်၍ သစ်ပင်များ မဆင်မခြင်ခုတ်လှဲခြင်း၊ တရားမဝင် ကျောက်တူးဖော်ယူခြင်း စသည်တို့ကြောင့် ရေထွက်များ လျော့နည်းခဲ့ကြောင်း၊ လက်ရှိတွင် ကျန်ရှိနေသော ရေထွက်များတိမ်ကော ပျောက်ကွယ်မသွားစေရန် အတွက် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်း စဉ်များအနေဖြင့် ရေထွက်များကို စနစ်တကျပြုပြင် ဆောင်ရွက်ခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ ကော်မတီမှ ဥက္ကဋ္ဌ ဦးအေးခိုင်က ပြောပြသည်။

"အရင်တုန်းက ရေထွက်တွေ ၁ဝဝ ကျော်ရှိခဲ့တယ်။ အခု၃၆ခု လောက်ပဲရှိတော့တယ်။ဘာကြောင့် ခန်းသွားရတာလဲဆိုရင် သစ်ပင်တွေ ခုတ်လှဲကြတယ်။ တရားမဝင် ကျောက်တူးဖော် တွေကြောင့်လဲပါတယ်။ အဲဒါတွေကြောင့် ခန်းသွားကြတာ။ အခုပြန်ပြီးတော့ သစ်ပင်စိုက်တာတွေ လုပ်ထားတယ်။ အဲဒီအတွက်ကြောင့် မနှစ်ကထက် ဒီနှစ်ဆိုတောင်က တော်တော်ကလေး စိမ်းစိုလာပြီ။ ရေထွက်တွေကလဲ ရေပိုထွက်လာတယ်"ဟု ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

ပုပ္ပားတောင်ထဲမှ စိမ့်ထွက်နေသည့် ရေထွက်များမှ ရေများကို ကျောက်ပန်းတောင်းမြို့ အပါအဝင် ပုပ္ပားတောင်အနီး ကျေးရွာများမှ ဒေသခံရွာသူ၊ ရွာသားများကလည်း အဓိကထားပြီး သောက်သုံး နေကြရကြောင်း၊ လက်ရှိကျန်ရှိ တော့သည့် ရေထွက်များထဲမှ အကြီးဆုံး ရေထွက်များဖြစ်သည့် ရေဆူရေထွက်၊ နှမတော်ရေထွက်၊ ငဝစမ်းရေထွက်တို့မှာ ထင်ရှားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger