ဆောင်းပါး (တက္ကသိုလ်သင်္ခ)
ကျွန်တော်တို့သည် တစ်ခါတစ်ရံ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်မသက်မသာ ဖြစ်ခြင်းတို့နှင့် ကြုံတွေ့တတ်၏။ ထိုအခါ လူကြီးသူမများက ကျွန်တော်တို့အား အာရုံမများရန်၊ စိတ်ကိုတည်တည် ငြိမ်ငြိမ်ထားရန် ဆိုဆုံးမ
တတ်သည်။ ထိုသို့ပြောခြင်းမှာ ''စိတ်'' ဟူသည် အာရုံကိုသိတတ်သော သဘောရှိ သောကြောင့်ဖြစ်ပါ၏။
ကျွန်တော်တို့သည် စိတ်ထွေပြားသည့်အခါ ထိုအာရုံကိုသိ၊ သည်အာရုံကိုသိနှင့် အချိန်ရှိသမျှ အာရုံကိုသိနေကြ၏။ ထိုသို့အာရုံများအား သိတတ်သောသဘောကို ''စိတ်''ဟု ခေါ်သည်။ သိသည်ဆိုရာတွင် ဥာဏ်ဖြင့်သိခြင်းမဟုတ်၊ အာရုံကိုရအောင် ယူနိုင်ခြင်းကိုပင်သိသည်ဟု ဆိုခြင်းဖြစ်၏။ ဥပမာအားဖြင့် အဆင်းအာရုံ (ရူပါရုံ)ကို မြင်သောအခါ မြင်သိ-သိသောစိတ်ဖြစ်ခြင်း၊ အသံအာရုံ (သဒ္ဒါရုံ)ကို ကြားသောအခါကြားသိ-သိသောစိတ်ဖြစ်ခြင်းသဘောပင်
ဖြစ်သည်။
''စိတ်''ဟူသည် အထက်တွင် ဖော်ပြသကဲ့သို့ အာရုံကိုသိမှု သဘောမျှပင်ဖြစ်၍ အကောင်း၊ အဆိုးခွဲခြား နိုင်စွမ်းမရှိပေ။ ပင်ကိုသဘောအားဖြင့် စိတ်သည်ဖြူစင်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် ပုထုဇဉ် မှန်သမျှတို့၏
စိတ်သန္တာန်တွင် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသည့် အခြေခံတရားများ လွှမ်းမိုးလျက်ရှိသည့် အတွက် ယုတ်မာညစ်ကျူးသော စိတ်ဓာတ်မျိုး၊ သူတစ်ပါးအပေါ် မနာလိုဝန်တိုသည့် စိတ်မျိုး (ဣဿာမစ္ဆရိယစိတ်)အနည်းနှင့်အများ ကိန်းအောင်း၍ ရှိကြစမြဲဖြစ်သည်။
ထိုသို့ဆိုသဖြင့် ပုထုဇဉ်တို့၏ သန္တာန်တွင် ကောင်းမွန်သော စိတ်ထားများ၊ မြင့်မြတ်သော စိတ်ထားများ အလျဉ်းမရှိဟု တရားသေ မမှတ်ယူသင့်ပေ။ စိတ်ကောင်းစိတ်မြတ် ရှိနိုင်သော်လည်း ''စိတ်သည် မကောင်းမှုတွင် မွေ့လျော် တတ်၏'' (ပါပသ္မိံရမတိမနော) ဟူသော ဘုရားဟောဒေသနာ တော်အရ စိတ်သည်မကောင်းမှုဘက်သို့ ကိုင်းညွတ် ကျက်စားတတ်သည်ကို လက်ခံကြရမည် ဖြစ်သည်။
လူတို့တွင် ဖြစ်ပေါ်တတ်သည့် ဣဿာ မစ္ဆရိယစိတ် (ဝါ) မနာလိုဝန်တို စိတ်သည် အဆိုးရွားဆုံးဖြစ်၏။ စိတ်ကြမ်းတမ်း ဆိုးရွားလာလျှင် သူတစ်ပါး၏ စည်းစိမ်ဥစ္စာ ပျက်စီးအောင် ကြံဆောင်တတ်၏။ ဖျက်ဆီးတတ်၏။ သူတစ်ပါး ပျက်စီးသွားလျှင် မိမိကောင်းစား လေမလားဟုပင် မတွေးတတ်နိုင်အောင် ဖြစ်လာသည်။ သူတစ်ပါး အကျိုးပျက်စီး သော်လည်း မိမိအကျိုးမရှိသည်ကို သိပါလျက်နှင့် ဖျက်လိုဖျက်ဆီး လုပ်သူသည် အတ္တစွဲကြီးမားသူပင် ဖြစ်သည်။
အတ္တစိတ်ကြီးမားသော သူသည် သူတစ်ပါးအပေါ် မနာလိုဝန်တိုခြင်း ပိုကဲသည်။ အတ္တစွဲကြီးသူသည် ''ငါ၊ ငါ့ဟာ၊ ငါ့ပစ္စည်း၊ ငါမှငါသိ၊ ငါမှငါတတ်'' စသည့်တစ်ကိုယ်ကောင်း စိတ်အားကြီးသဖြင့် တရားသည်၊ မတရားသည်၊ မိမိနှင့် ဆိုင်သည်၊ မဆိုင်သည်ကို စူးစမ်းခြင်းမပြု။ မိမိတစ်ဦးတည်း ရယူပိုင်ဆိုင်လိုမှု အပေါ် မနာလိုဝန်တို ဖြစ်လာသည်။
မနာလိုဝန်တိုစိတ် ဖြစ်ပေါ်လာပါက မကောင်းသောစေတသိက် တို့၏တိုက်တွန်းမှုကြောင့် မလုပ်သင့်သည်ကို လုပ်မိတတ်ပြီး မဖြစ်သင့်သည်ကို ဖြစ်တတ်၏။ ပြုပြီးမှ မှားမှန်းသိ၏။ အကြောင်းအကျိုး ဆင်ခြင်တုံတရား ကင်းမဲ့ သဖြင့် စဉ်းစားချင့်ချိန်မှု အားနည်းလာခြင်းသည် ဣဿာမစ္ဆရိယ စိတ်ကြောင့်ပင် ဖြစ်ပါ၏။
မနာလိုဝန်တိုစိတ်ကို ဖယ်ရှားလိုပါက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စသော ဗြဟ္မစိုရ်တရားများ ပွားများရန်လိုသည်။ မိမိထက်အစစအရာရာ သာသော ပုဂ္ဂိုလ်များနှင့် တွေ့ကြုံရသောအခါ မုဒိတာစိတ်ကိုမွေး တတ်ရန် လိုသည်။ မုဒိတာမထားနိုင်ပါက မနာလိုဝန်တိုစိတ် ဝင်လာမည် ဖြစ်သည်။
ဗြဟ္မစိုရ်တရား လေးပါးသည် ဘဝတွင် အထူးလိုအပ်သော တရားဖြစ်၍ ပူလောင်သော အရာမှန်သမျှကို ငြိမ်းအေးစေသည်။ ဣဿာမစ္ဆရိယသည် မနာလိုခြင်း၊ ဝန်တိုခြင်း၊ မရှုဆိတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မိုက်ရိုင်းခြင်း၊ လောဘကြီးခြင်း၊ စိတ်ကောင်းမရှိခြင်း စသည့်ပူလောင်မှုကို ဖြစ်ပေါ်စေနိုင်သော စိတ်ထားများသာ ဖြစ်လေသည်။ မနာလိုဝန်တိုစိတ်သည် ရောဂါဆိုး တစ်မျိုးသဖွယ် ပင်ဖြစ်ပါ၏။
မနာလိုခံရသူက မည်သို့မျှမပတ်သက်ရန် မပြုသော်လည်း မနာလိုသူကသာသူတစ်ပါး ကောင်းစားသည်ကို ကြည့်၍ မရှုဆိတ်နိုင်ဖြစ်ပြီး တစ်ဖက်သတ် အာဃာတတရားပွား နေခြင်းဖြစ်၏။ အကြောင်းမဲ့ရန်ငြိုး ထားခြင်းလည်း ဖြစ်ပါ၏။
အမှန်တကယ်မိမိ၌ မနာလိုဝန်တိုစိတ် လျော့ပါးပပျောက်စေရန် သူတစ်ပါး ချမ်းသာသည်ကို မြင်လျှင်သော်လည်းကောင်း၊ ကြီးပွားတိုးတက် အောင်မြင်နေသည်ကို မြင်လျှင်သော်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ
ထားနိုင်အောင် ကြိုးစားရပေမည်။ သူတစ်ပါး၏ အောင်မြင်ကျော်ကြားမှုကို စေတနာထား၍ အကောင်းမြင်နိုင်ရ ပေမည်။
''ဣဿာ''ဟူသည် ကိုယ့်အပြစ်ကို မမြင်ဘဲ သူတစ်ပါးအပြစ်ကို မြင်ခြင်းသဘောဖြစ်၍ သူတစ်ပါးအပြစ်ကိုသာ ကြည့်နေပါက တိုတောင်းလှသည့် လူ့ဘဝတွင် နေချင်စရာပင် ရှိတော့မည် မဟုတ်ချေ။''မုဒိတာ''ပွားခြင်းသည် မနာလိုဝန်တိုခြင်း ကိုဆန့်ကျင်ပြီး ပေါ်ပေါက်ရသည့် တရားဖြစ်သဖြင့် ''ကုသိုလ်တရားစစ်စစ်'' ဖြစ်လေသည်။ မုဒိတာသည် သူတော်ကောင်းတို့၏ စရိုက်လက္ခဏာလည်းဖြစ်၏။ သူတစ်ပါးကောင်းစား သည်ကို ဝမ်းမြောက်လေ့ ရှိသောစရိုက်သည် ဗုဒ္ဓဘာသာဝင်တို့၏ ပင်ကိုစရိုက်ဖြစ်၏။
သို့ရာတွင် ပတ်ဝန်းကျင် အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် ပြောင်းလဲလာသည့် သူတော်ကောင်းစိတ်များ ခေါင်းပါးလာခြင်းကို သတိမမေ့မလျော့ဘဲ စိတ်နေစိတ်ထား ကောင်းမွန်စေရန် ကြိုးစားကျင့်ကြံရန် လိုပါ၏။
အထက်တွင်ဆိုခဲ့သည့် အတိုင်း စိတ်သည်မကောင်းမှုတွင် မွေ့လျော်တတ်သည့် သဘောရှိသဖြင့် စိတ်ကိုထိန်းချုပ်နိုင်ရန် အရေးကြီးသည်။ စိတ်ဓာတ်ခိုင်မာမှုကို နှောင့်ယှက်ဖျက်ဆီး တတ်သောအာရုံများနှင့် မကြာခဏ
တွေ့ရှိတတ်သောကြောင့် အရာရာ၌ သင့်လျော်အောင် နှလုံးသွင်းမှု ''ယောနိသောမန သီကာရ''ကို လက်ကိုင်ပြုရန် လိုပါ၏။
ဘုရားရှင် လက်ထက်တော်က သူဌေးသားဘဝမှ ရဟန်းပြုလာသူ တစ်ဦးသည် ရဟန်းဘဝတွင်လိုက်နာ ကျင့်ကြံစရာများ များပြားသဖြင့် လူထွက်လိုကြောင်း ဆန္ဒဖြစ်ပေါ်နေသည်ကို ဘုရားရှင်သိတော်မူသဖြင့် တရား
အများကြီးကို မစောင့်ထိန်းနိုင်ဘဲ စိတ်တစ်ခုတည်းကိုသာ စောင့်ထိန်းရန် ဘုရားရှင် လမ်းညွှန်ပြသဖြင့် ထိုနည်းအတိုင်း ကျင့်ကြံရာ သောတာပန်တည်သွားသည့် ထုံးရှိလေသည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် စိတ်တစ်ခု
တည်းကိုချုပ်ထိန်းနိုင်ပါလျှင် မည်မျှထိရောက်ကြောင်း သိနိုင်၏။
ထို့ကြောင့် ''ဣဿာမစ္ဆရိယ'' စိတ်သည် အကုသိုလ်စိတ်၏ ဘက်တော်သား ဖြစ်သဖြင့် ထိုမကောင်းမှုစိတ်ကို ဖယ်ရှား၍ ကောင်းသော မုဒိတာစိတ်ကို မွေးမြူသင့်ကြောင်း အကြံပြုရပါ၏။ ။
မြ၀တီနေ့စဉ်သတင်းစာ စာ(၁၃)
#Themyawadydaily
No comments:
Post a Comment