www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 5, 2018

အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေ၊ အမိနိုင်ငံသူ နိုင်ငံသားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်နှင့် အမိနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ပြု
အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ဗိုလ်မှူးကြီးဇော်မိုးလွင်အား သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ပေးအပ်ချီးမြှင့်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ဗိုလ်ကြီးကျော်ဇင်ထိုက်အား သူရဲကောင်းလက်မှတ်ပေးအပ်ချီးမြှင့်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ဒုတိယဗိုလ်မှူးကြီးဇော်လင်းအောင် (ကျဆုံး) ၏ ဇနီးဒေါ်ဝင်းပပအား သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ပေးအပ်ချီးမြှင့်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၅-၁-၂ဝ၁၈

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်သဖြင့် အစဉ်အလာတစ်ဆယ့်နှစ်ရပ်ကဲ့သို့ ထင်ရှားမြင်သာသော ၀ိသေသလက္ခဏာများနှင့် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် ကြရာတွင် မိမိတို့ကျရာတာဝန်ဝတ္တရားများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယစိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသူများ မိမိတို့တပ်မတော်တွင် စဉ်ဆက်မပြတ်ပေါ်ထွန်း ခဲ့ခြင်းကြောင့်လည်း ယနေ့အချိန်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟု ကမ္ဘာ့အလယ်တွင် ထင်ထင်ရှားရှားထည်ထည်ဝါ၀ါ ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း၊ အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေ၊ အမိနိုင်ငံသူနိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမိ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါအမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် လက်ခံရ ယူကြမည့် အရာရှိ၊ စစ်သည်များ နှင့်အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာ စကားပြောကြား ရာတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် မိမိတို့၏ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ကြဘဲ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းသည့် အခမ်းအနားဖြစ် ကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေးကို ရယူပေးရာတွင် မိမိတို့တပ်မတော်သည် အဓိကအကျ ဆုံးအမျိုးသားနိုင်ငံရေး အင်အားစုကြီးတစ်ရပ်ဖြစ်ခဲ့သလို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်လည်း ခေတ်အဆက်ဆက်တွင် ခြိမ်းခြောက် စိန်ခေါ်မှု အရပ်ရပ်ကို ရှေ့ဆုံးမှမားမား မတ်မတ်ရပ်တည်ရင်ဆိုင်ပြီး ကာကွယ်စောင့်ရှောက် ပေးနေသည်မှာလည်း မိမိတို့ တပ်မတော် ပင်ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယမှာ ကျင်းပပြုလုပ်ပေးနေခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်သည် စတင်ဖွဲ့စည်းပေါ်ပေါက်လာစဉ်ကတည်းက မိမိတို့နိုင်ငံ၏ ဘိုးဘွားပိုင်အမြုတေရတနာဖြစ်သည့် အချုပ်အခြာ အာဏာ ပိုင်သည့် လွတ်လပ်ရေး ကြီးကို တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး ခန္ဓာအသက်နှင်းဆက်ရယူပေးလိုသည့် လေးနက် မွန်မြတ်သည့် မျိုးချစ်စိတ်ဓာတ်ကို သန္ဓေတည်ပေါက်ဖွားလာသည့် တပ်မတော် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းတစ်လျှောက် လွတ်လပ်ရေးနှင့်ပြည်သူလူထုအတွက် အသက်ကို စွန့်လွှတ်ထမ်းဆောင် သွားကြသည့် အာဇာနည်သူရဲကောင်းများကို နိုင်ငံတော်နှင့် တပ်မတော်က အလေးအနက်ထား ဂုဏ်ပြုသည့်အနေဖြင့် သူရဲကောင်းဗိမာန်(နေပြည်တော်) အား ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး နောင်လာနောက်သားနိုင်ငံသူ နိုင်ငံသားတိုင်းက လေးစားဂုဏ်ပြုနိုင်ကြဖို့ ကမ္ပည်းမှတ်တမ်း ထိုးထားခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မိမိတို့၏အသက်ခန္ဓာကို နိုင်ငံနှင့်ပြည်သူအတွက် ကြည်ကြည်ဖြူဖြူ နှင်းဆက်စွန့်လှူပြီး မိမိနိုင်ငံတော်၊ အမျိုးဘာသာ သာသနာနှင့် ပြည်သူလူထုအတွက်ဆိုသည့် အာဇာနည်စိတ်ထားဖြင့် ကာကွယ်စောင့်ရှောက်ကြခြင်းသည် လူသားတိုင်း၊ နိုင်ငံသားတိုင်းက အထင်ကြီးလေးစားဂုဏ်ယူကြရသည့် အမွန်မြတ်ဆုံး စွမ်းဆောင်ရည် ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့အသက်နှင့်ခန္ဓာကိုမငဲ့ကွက်ဘဲ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များ ကို ပြီးမြောက်အောင်မြင်သည် အထိ သက်စွန့်ဆံဖျား အသက်စွန့်လွှတ်ကြိုးပမ်းထမ်းရွက်မှု၊ ကြံ့ခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများနှင့် တာဝန်ထမ်းဆောင်မှု၊ စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသော သန္နိဋ္ဌာန်စိတ်ဓာတ်များနှင့် တာဝန်ထမ်းဆောင်ခဲ့မှု များအတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ စွမ်းဆောင်သူအားလုံးကိုလည်း ဂုဏ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် သီဟသူရဘွဲ့ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၁၄ ဦး၊ သူရဲကောင်းမှတ်တမ်း ၀င်တံဆိပ်ရရှိသူ ၇၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၂၂ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၄၈၉ ဦးတို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့အတူ ယနေ့နံနက် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့်အခမ်းအနားတွင် သူရဘွဲ့ရရှိသူ ၅ ဦးအားနိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့် ပေးခဲ့ပြီး ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၁၃ ဦးတို့အားချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၆၁ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၆၆ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် လူသာ အသေခံမည်၊ အမျိုးဂုဏ်သိက္ခာနှင့် တပ်မတော်၏အစဉ်အလာ ဂုဏ်သိက္ခာအပျက်မခံဘူး ဆိုသည့် လေးနက်မွန်မြတ်သည့် ဘ၀မှတ်တမ်းကောင်းရေးထိုးနိုင်သူများသည် နိုင်ငံသူနိုင်ငံ သားတိုင်း အတွက် အမျိုးသားရေးဂုဏ်သိက္ခာအရာတွင် စံနမူနာကောင်းပြနိုင်သူများ၊ အမိနိုင်ငံတော်၏ အနာဂတ်ကာကွယ်ရေး ဂုဏ်သိက္ခာသွေးဆက် အမွေပေးဝေနိုင်သူများအဖြစ် နောင်လာနောက်သားမျိုးဆက်သစ်များက လေးစားအားကျ အတုယူကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ယနေ့တွင် တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် လေးနက်မွန်မြတ်သည့် ခံယူချက်စိတ်ထားနှင့် မိမိတို့ကျရာ တာဝန်ဝတ္တရားများကို ထက်သန်ပြောင်မြောက်သည့် ဇွဲ၊ လုံ့လ၊ ၀ီရိယ စိုက်ထုတ်တာဝန်ထမ်းဆောင်ပြီး ပြည့်စုံမွန် မြတ်သည့် မှတ်တမ်းကောင်းရေးထိုး ခဲ့ကြသူများဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်က ပြည်သူ့သားကောင်အာဇာနည်များအဖြစ် အမြဲတမ်း အမှတ်ရဂုဏ်ယူနေမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ၁ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦးနှင့် အမွေခံ ၁၁ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြသည့် ဗိုလ်ကြီး ၁ ဦးနှင့် အမွေခံ ၁ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ဒုတိယအရာခံဗိုလ် ၂ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦးနှင့် အမွေခံ ၃ ဦးတို့အားလည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံစဉ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့မှ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အခမ်းအနားသို့တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် လက်မှတ်ရသူများအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၇ ဦး၊ သူရဘွဲ့ ၅၄၇ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁၈၆၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၁၈၈၇ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ် ၃၃၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၆၀၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၁၀၈၇ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger